ပွင့်ဖြူမြို့နယ်တွင် တောင်သူများစုပေါင်း၍ ကုလားပဲသီးနှံရောင်းချ

0
73

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာများမှတောင်သူများစုပေါင်း၍ မတ် ၂၂ ရက်နံနက်၉ နာရီမှစတင်ကာ “ကုလားပဲသီးနှံစုပေါင်းရောင်းချပွဲ” ဖြင့် ကုလားပဲသီးနှံများအားရောင်းချခဲ့ကြပြီး လာရောက်ဝယ်ယူသူများမှလည်း ကုလားပဲသီးနှံအရည်အသွေးပေါ် မူတည်၍ ဈေးကောင်းပေးဝယ်ယူမှုများလည်းရှိ၍ ရောင်းချသူများပြားခဲ့ကြောင်း သိရသည်။

ကုလားပဲသီးနှံများအား ဝယ်ယူသူများမှ အဖျင်း၊အမှော်၊သဲခဲ၊လုံးပိန်၊လုံးညှပ်ပါဝင်မှုအနည်းအများနှင့်သီးနှံအရည်အသွေးတို့ပေါ်မူတည်၍ (A,B,C)အဆင့်များခွဲကာ စျေးကောင်းပေးဝယ်ယူခဲ့ကြပြီး ပွင့်ဖြူမြို့နယ်စားသုံးသူရေးရာဦးစီး ဌာနမှလည်း ကြီးကြပ်​ပေးခဲ့ကြသည်။

“(A)အဆင့် ၁၉ ပိဿာတစ်တင်းကို ၇၀၀၀၀ ကျပ်၊ (B)အဆင့် ၁၉ ပိဿာတစ်တင်းကို ၆၉၅၀၀ ကျပ်၊ (C)အဆင့်ဖြစ်ရင် ဒေသတွင်းမှာဝယ်ယူနေတဲ့ ကာလပေါက်ဈေးနဲ့ဝယ်ကြတယ်။ အခုရောင်းချတာက ဆောင်းကုလားပဲ ပါ”ဟု ဒေသခံတောင်သူတစ်ဦးကပြောသည်။

မတ် ၄ ရက်မှစတင်၍ ပွင့်ဖြူမြို့နယ်ရှိ ကုလားပဲသီးနှံစိုက်ပျိုးသည့်တောင်သူများထံမှ မကွေးမြို့ Good Brother ကုမ္ပဏီ၊တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့နှင့်ပွင့်ဖြူမြို့နယ်တောင်သူဖွံ့ဖြိုးရေးအဖွဲ့တို့နှင့်ပူးပေါင်းပြီး ကုလားပဲသီးနှံဝယ်ယူမှုများလည်းရှိကာ မတ် ၂၂ ရက်အထိ ကုလားပဲသီးနှံ ၈၅၀၀ တင်းခန့်အား ဝယ်ယူထားပေးပြီးဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ကျေးရွာအုပ်စု ၅၆ အုပ်စု၊ကျေးရွာပေါင်း ၂၀၅ ရွာရှိကာ စပါး၊နှမ်း၊မြေပဲ၊နေကြာ၊ပန်းနှမ်း၊ပဲတီစိမ်း၊ကုလားပဲ၊ထောပတ်ပဲ၊ပဲလွမ်း၊ပဲစင်းငုံ၊ပဲနောက်၊ပဲကြီး၊ဖူးစားပြောင်းနှင့်အခြားဟင်းသီး ဟင်းရွက်စားပင်သီးနှံမျိုးစုံအား စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here