ပြည်ပနိုင်ငံများသို့ OWIC ကတ်ဖြင့် ၂ နှစ်တာကာလအတွင်း အလုပ်သမား ၂၁၀၀၀၀ ကျော်စေလွှတ်နိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်အထိ ၂ နှစ်တာကာလအတွင်း အလုပ်သမားဦးရေ ၂၁၆၁၈၆ ဦးကို နိုင်ငံပေါင်း ၈၂ နိုင်ငံသို့စေလွှတ်ခဲ့ပြီးအများဆုံးမှာ ထိုင်းနိုင်ငံသို့ စေလွှတ်ခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံသို့ အလုပ်သမားဦးရေ ၁၂၀၀၀၀ ကျော်ဖြင့်အများဆုံးစေလွှတ်ထားပြီး မလေးရှားနိုင်ငံသို့ ၄၀၀၀၀ နီးပါး၊စင်ကာပူနိုင်ငံသို့ ၂၀၀၀၀ ကျော်၊ဂျပန်နိုင်ငံသို့ ၁၅၀၀၀ ကျော်နှင့် ကိုရီးယားနိုင်ငံသို့ ၈၀၀၀ ကျော်စေလွှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ လမ်းကြောင်းနှစ်ကြောင်းဖြစ်သည့် ရန်ကုန်-မြဝတီ-မဲဆောက်၊ကော့သောင်း-ရနောင်းလမ်းကြောင်းဖြင့် စေလွှတ်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ပြည်ပသို့ မိမိအစီအစဉ်ဖြင့် သွားရောက်လုပ်ကိုင်မည့် ကျွမ်းကျင်လုပ်သားများနှင့် ခွင့်ပြန်အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင်လက်မှတ်(OWIC) ကို နေပြည်တော်ရုံးချုပ်သို့ လျှောက်ထားရန် မလိုအပ်တော့ဘဲ ရန်ကုန်တွင် နေ့ချင်းပြီးဆောင်ရွက်ပေးနေခြင်းလည်းဖြစ်သည်။
