မြန်မာ – တရုတ် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးများ လွယ်ကူချောမွေ့စေရေးအတွက် နယ်စပ်ဒေသများ စီမံခန့်ခွဲမှု အဆင့်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချမ်းမြို့၊ မြို့တော်ဝန် မစ္စတာ သုကျင့်ဟွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ယမန်နေ့ မတ်လ (၂၁) ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ယင်းသို့ တွေ့ဆုံစဉ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ချင်းရွှေဟော်နယ်စပ်မြို့ကို ဖြတ်သန်းဖော်ဆောင်မည့် ယူနန်ပြည်နယ်၏ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ နယ်စပ်ဂိတ်များ ဖွင့်လှစ်ရေးဆိုင်ရာကိစ္စရပ်များနှင့် နယ်စပ်ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် နယ်စပ်ဒေသများ စီမံခန့်ခွဲမှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ အပေါ်တွင် အမြင်ချင်းဖလှယ်ခဲ့ကြသည်။
တရုတ် အစိုးရသည် ကိုဗစ်ကာလအတွင်း ကန့်သတ် ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များနှင့် ပတ်သက်၍ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစတင်ကာ ပြန်လည် ဖြေလျှော့မှုများ လုပ်ဆောင်ပေးလျက်ရှိပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုကဏ္ဍမှာ ပြန်လည်တိုးတက်လာနိုင်သည့် အခြေအနေအနေတွင်ရှိနေကြောင်း နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူများ၏ သုံးသပ်မှုများလည်း ရှိနေသည်။
