ဆိုးလ်၊မတ် ၂၁
ပြုံယမ်းကကိုရီးယားကျွန်းဆွယ်နှင့်ဂျပန်တို့အကြားရှိပင်လယ်ထဲသို့ တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်ပြီးရက်ပိုင်းအကြာ၌ မြောက်ကိုရီးယား၏ ဂြိုဟ်တုတည်ဆောက်မှုနှင့်ဆက်စပ်သည့်ပစ္စည်းများအား တင်ပို့ခြင်းကိုတားဆီးနိုင်ရန် စောင့်ကြည့်စာရင်းအား တောင်ကိုရီးယားဘက်မှ မတ်လ ၂၁ ရက်နေ့ကထုတ်ပြန်ကြေငြာခဲ့သည်။
အဆိုပါစာရင်း၌ပါဝင်သောပစ္စည်းအမျိုးအစား ၇၇ မျိုးကို တတိယနိုင်ငံများမှတစ်ဆင့် မြောက်ကိုရီးယားသို့တင်ပို့ခြင်းအား တားဆီးသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့ကာ ယခုကဲ့သို့ပြုလုပ်ရခြင်းသည် မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့်ပိတ်ဆို့မှုများအား ထပ်တိုးအရှိန်မြှင့်ခြင်းဖြစ်သည်ဟုလည်းဆိုသည်။
ယခုထပ်တိုးပိတ်ဆို့စာရင်း၌ မြောက်ကိုရီးယားက ၎င်း၏သူလျှိုဂြိုဟ်တုဆောက်လုပ်ခြင်းအား ဧပြီလ၌အပြီးပြုလုပ်မည်ဟုဆိုသဖြင့် ယင်းဂြိုဟ်တုနှင့်သက်ဆိုင်သည့် ပစ္စည်းများအား အဓိကပစ်မှတ်ထားပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယား၏တရားမဝင်လက်နက်အစီအစဉ်များနှင့် ဆက်နွယ်နေသည့် လူပုဂ္ဂိုလ်လေးဦးနှင့် အဖွဲ့အစည်းခြောက်ခုတို့ကိုလည်း ပိတ်ဆို့အရေးယူမှုအသစ်များချမှတ်ခဲ့သည်ဟုလည်း တောင်ကိုရီးယားဝန်ကြီးဌာနကပြောကြားခဲ့သည်။
Source : Reuters