ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၎င်းတို့၏ ပါတီကော်မတီဝင်များအား စွမ်းရည်မြင့် နည်းပြသင်တန်းကို (၂) ပတ်တာ ပြုလုပ်ခဲ့ပြီး မတ်လ (၁၇) ရက်တွင် သင်တန်းဆင်းခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းနှင့် ပတ်သက်၍ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက အောင်မြင်မှုအတွက် လေ့ကျင့်ရေးက စလိုက်နိုင်သည်ဟု မှတ်ယူကြောင်း ၎င်း၏ လူမှုကွန်ရက်မှ တဆင့် ပြောကြားထားသည်။
အဆိုပါ စွမ်းရည်မြှင့် နည်းပြသင်တန်း အပတ်စဉ်(၁) ကို (၂) ပတ်တာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်များနှင့် ပြင်ပပုဂ္ဂိုလ်အချို့မှ ပါတီစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ ပြည်သူကို အသွင်သစ်နှင့် ဆက်ဆံရေး၊ရက်(၉၀)စီမံချက်စသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ပါတီထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ပြုလုပ်သည့် တတိယအကြိမ် ပါတီ ညီလာခံတွင် အသစ်ရွေးချယ် တင်မြှောက်ခဲ့ကြပြီး ယခင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနေရာတွင် လဝက ဝန်ကြီးဟောင်း ဦးခင်ရီ ကတာဝန်ယူခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် တပ်မတော်မှ အဆင့်မြင့်အရာရှိအချို့လည်း ပါတီထိပ်ပိုင်းမူဝါဒဦးဆောင်နေရာများတွင်ပြောင်းရွှေ့ တာဝန်ယူထားသည်ကို တွေ့ရပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး မူဝါဒများ ချမှတ်ဆောင်ရွက်နေသည်ကို တွေ့ရသည်။
၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီ လဆန်းပိုင်းကပင် ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ပါတီဝင်ထုနှင့် လှည့်လည်တွေ့ဆုံမှုများလည်း လုပ်ဆောင်နေသည်ကို ပါတီ၏ လှုပ်ရှားမှုပုံရိပ်များမှတဆင့် မြင်တွေ့ရလျက်ရှိသည်။






