အမေရိကန်နိုင်ငံ တက္ကဆပ်စ်ပြည်နယ်မှ အသက် ၃ နှစ်အရွယ် ကလေးမတစ်ဦးသည် မတ်လ ၁၂ ရက် တနင်္ဂနွေနေ့ ညတွင် ၄ နှစ်အရွယ် အစ်မဖြစ်သူအား သေနတ်ဖြင့် မတော်တဆပစ်မိကာ အသက်သေဆုံးစေခဲ့ကြောင်း သိရသည်။
ဟဲရစ်ကောင်တီ ရဲအရာရှိ အက်ဒ် ဂွန်ဇားလေ၏ ပြောဆိုချက်အရ အဆိုပါ ကလေးနှစ်ဦးသည် တနင်္ဂနွေနေ့ည၌ ဟျူစတန်မြို့ရှိ တိုက်ခန်းတစ်ခန်းတွင် မိဘများအပါအဝင် မိသားစုဝင်ငါးဦးနှင့် အတူရှိနေခဲ့သည်။
ထို့နောက် မိဘနှစ်ပါးသည် ကလေးများအား အိပ်ခန်းထဲတွင် နှစ်ယောက်တည်း ထားခဲ့ရာမှ အငယ်မသည် အကြီးမအား ကျည်ဖြည့်ထားသော ပစ္စတိုတစ်လက်ဖြင့် လက်ဆော့၍ ပစ်လိုက်မိသည်။ မိသားစုဝင်များက သေနတ်သံကြား၍ အခန်းထဲ အပြေးသွားကြည့်ကြရာ အကြီးမမှာ မလှုပ်မယှက်ဘဲ သေဆုံးနေပြီကို တွေ့ခဲ့ရသည်ဟု ဂွန်ဇားလက်စ်က ပြောသည်။
ဂွန်ဇားလက်စ်က ထိုသို့သော ဖြစ်ရပ်မျိုးတွင် တစ်စုံတစ်ဦးသည် သေနတ်အား လုံလုံခြုံခြုံ မထိန်းသိမ်းထားမှုနှင့် စွဲချက်တင်ခံရဖွယ်ရှိကြောင်း ပြောလာခဲ့သည်။
ယင်းသည် အမေရိကတွင် သေနတ်များကို လွယ်ကူစွာ ဝယ်ယူနိုင်မှုနှင့် ကလေးများလက်လှမ်းမမီေအာင် လုံခြုံစွာ မသိမ်းထားမှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆုံးပေါ်ဥပမာတစ်ရပ်သာ ဖြစ်သည်။ မကြာသေးမီကလည်း ၆ နှစ်အရွယ် ကလေးတစ်ဦးသည် သူ၏ မူလတန်းပြဆရာမအား သေနတ်ဖြင့် ရင်ဘတ်နားကို ပစ်မိခဲ့သေးသည်။
Source:CNN