နိုင်ငံရေးပါတီများ ယနေ့မှစ၍ မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း UEC ထုတ်ပြန်ကြေညာ

0
244

နိုင်ငံရေးပါတီ တည်ထောင်လိုသူများ အနေဖြင့် ယနေ့ ဇန်နဝါရီ (၃၁) ရက်မှ စတင်ကာ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် လာရောက် လျှောက်ထားနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ခဲ့သည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အပေါ် ဝေဖန်ထောက်ပြမှုများ မြင့်တက်နေချိန်တွင် UEC က ယနေ့ ဇန်နဝါရီ (၃၁) ရက် ရက်စွဲဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပ‌ဒေများ ထုတ်ပြန်ကာ ပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင် လျှောက်ထားခြင်းဆိုင်ရာ ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ UEC ၏ ထုတ်ပြန်ချက်အရ ယနေ့မှစ၍ နိုင်ငံရေးပါတီများ ဆက်လက်ထူထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် ပြုလုပ်နိုင်မည်ဖြစ်ပြီး ပါတီသစ်များလည်း စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၆ ရက်က နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး ပြဌာန်းခဲ့သည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ယခင် မှတ်ပုံတင်ထားပြီးသား နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်လိုပါက (၂) လအတွင်း ပါတီ မှတ်ပုံပြန်တင်ရမည်ဟု ထည့်သွင်း ပြဌာန်းထားသည်။

အဆိုပါ ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုပါက ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီးဖြစ်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ရုံးအမှတ် (၂၂)တွင် ကြေညာချက်ထုတ်ပြန်သည့်နေ့မှစ၍ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ဇန်နဝါရီ (၃၁) ရက်တွင် ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here