Sunday, December 14, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeArticles"အရင်းအနှီး"

“အရင်းအနှီး”

akkkkk

အရင်းအနှီးဟု ဆိုလျှင် လူအများစုက ငွေစက္ကူများကိုသာ ပြေး၍ မြင်တတ်ကြသည်။ ကျောင်းကို ရင်းနှီးသည်နှင့် အခက်အခဲတစ်ခု မိုးပိုင်ကျော်တွင် ရှိလာခဲ့သည်။ ထိုအရာမှာ ကျောင်းလခ။ နောက်တော့ ကျူရှင်ခ။ သူ့ဘဝ၌ အော့နှလုံးနာ၊ အရွံရှာဆုံး ဝေါဟာရ။

နောင်အခါ “သားဖျားနေတယ်၊ သား လိုအပ်တဲ့စာအုပ် အမေမှ ဝယ်မပေးနိုင်သေးဘဲ။ ဒီမနက်တော့ ကျောင်းမသွားနဲ့ သား မိုးပိုင်”ဟု ခပ်ပေါ့ပေါ့ ပြောထွက်ခဲ့သော အမေ့ ကို သူ စိတ် မသက်မသာ ကြည့် ၍ ကျောင်းသို့ လွယ်အိတ်ဆွဲ၊ ပြေးထွက်ခဲ့သည်မှာလည်း ထိုကိစ္စကြောင့် ဖြစ်လိမ့်မည်။

(၁) အမေ့ဝမ်းကွဲအစ်မ၊ အဒေါ် အပျိုကြီးက လေးတန်းအထိသာ အမေနှင့် ပညာအတူသင်ဖက်။ ထူးခြားမှုမှာ အမေစန်းမြင့်က စာ မရွေး ဖတ်လေ့ရှိသော်လည်း ဒေါ်တင့်တင့်ကတော့ ဝတ္ထုဆိုလျှင် လက်က မချ။ အနည်းငယ် အတွေးဆန်း သည်။ ဝတ္ထုထဲက ဇာတ်ကောင်တချို့ကို စိတ်ကူးယဉ်ဟန်တူသည်။ ဤသို့ဖြင့် သူ့ကို ပညာတတ် အရာရှိ ဖြစ်စေချင်ခဲ့သည်။ ဆွေမျိုးသားချင်း နှင့် ပတ်ဝန်းကျင်၌ ထူးချွန်၊ အရာရောက်သူ မရှိဟု ခဏခဏ သူမ ပြောညည်းခဲ့၏။ သူမ၏ဆန္ဒအိပ်မက်များက သူ့အပေါ် ပုံကျလာ သလားပဲ။ ပြီးတော့ အမေကလွဲလျှင် ငယ်စဉ်က သူ့ဒုက္ခ၊ သူ့အနွံအတာ အခံနိုင်ဆုံး။ မိုးပိုင်၏ ဒုတိယအမေ။”စန်းမြင့်နှင့် သားကို ခင်မာမျိုးဆီမှာထား ကျောင်းစရိတ် ငါတာဝန်ယူမယ်၊ မိုးပိုင် သားက ကျောင်းဝတ်စုံလိုက်ယူ၊ တင့်တင့် ချုပ်ထားတယ်”ထခုန်ပေါက်မတတ် ဝမ်းသာခဲ့သည်။ သူမ ထားမည့်ဒေါ်ခင်မာမျိုးက သူတို့ လမ်းထိပ်မှာ ရှိသည်။ ကျောင်းတက်ရတော့မည်။ စာ အသင်အပြကောင်းသတဲ့။ မြို့ထဲရှိ ကျောင်းမှာ ဆရာမကြီး။ ပြီးတော့ အချိန်ပိုင်း တရားသူကြီး။ အမေက ဈေးတောင်း ခေါင်းပေါ်မှ ချ၊ နံစော် နေတာ။ မျက်နှာရှစ်ခေါက်ချိုး။ အမေနဲ့ကွာပါ့။ ဆရာမက တွေ့မြင်တိုင်း မျက်နှာပြုံးချိုချို။ ကျောင်းနှင့် သူ့ကို ဝတ်မှုန်ကူးပေးမည့်သူ။ ဖြစ်ချင်တော့ ထိုနေ့က အမေ က နေမကောင်း။ အိပ်ရာထဲ လှဲနေသည်။ ကျောင်းသွားဖို့ ပြင်တော့ မနေ့က သူငယ်ချင်းတွေ ကျောင်း လခပေးသည်ကို သတိရ၏။

ငါးကျပ်တန် အသစ်ကလေးတွေ။ ထန်းပင်တက်နေသော ပုံကလေးပါသည်။ အဖေက မရှိ။ ထန်းတော သို့မဟုတ် အရက်ပုန်းဆိုင်။ ဖဲဝိုင်းတစ်ခုခု၌ မီးလှုံနေတာလည်း ဖြစ်နိုင်၏။ စိုက်ပျိုးရေးဌာနမှ တာဝန်ဆိုင်းငံ့ခံရသည်မို့ အဖေ လေလွင့်နေချိန်။ ငွေကြေးနွမ်းပါးတော့ အမေ ညည်း နေခဲ့သည်။ ဘယ်သူ့ကို အပူကပ်ရမလဲ။ တင့်တင့်။ ကျောင်းလခ တာဝန်ယူထားသည့် အဒေါ့်အိမ်ကို ပြေးလာတော့ မိုးဖွဲကလေးတွေ ကျစ။သူမ၏ ခြံစည်းရိုး ပျဉ်တန်းကို ကိုင်မိသောအခါ မိုးက ဂျိုင်းခနဲ ချိန်း ခနဲ ရွာချသည်။ ခြံတံခါးက ပိတ်လျက်။ အိမ်တံခါးမကြီးနှင့် ပြတင်း ပေါက်များက ပွင့်လျက်။ တင့်တင့်၊ တင့်တင့် အော်ခေါ်သည်။ အော်လည်း မကြား၊ ခေါ်လည်း မကြား။ သူ့ကျောင်းဝတ်စုံလေးက မိုးရေဖြင့် ရွှဲရွှဲစို။ မေး တဆတ်ဆတ်၊ ခိုက်ခိုက် တုန်နေပြီ။ ရောက်နေခဲ့သော အချိန်ကိုလည်း မတွက်ဆတတ်။

အိမ်ထဲ၌ လူရိပ်လူယောင်လည်း မမြင်။ ဘုရားသိကြားမလို့ တစ်ဦးဦး ထွက်လာပါတော့။ တကယ်ဆို ဒီအိမ်မှာ ဘကြီးနှင့် တင့်တင့်တို့ မိသားစု ငါးယောက်။ တစ်ဦးမဟုတ်၊ တစ်ဦးတော့ ရှိနေရမည်။ ယခုတော့ သူ ဘာမျှ မတတ်နိုင်။ နောက် ဘယ်တော့မှ သူတစ်ပါးဆီက လက်ဝါးဖြန့် ပြီး စာမသင်ဘူးကွာ။ ကဲ၊ မိုးပိုင်၊ မင်း ကျောင်း တက်ချင်ဦး။ စိတ်ပျက်လက်ပျက် သူနောက်လှည့်လိုက်တော့ ရပ်ကြည့်နေသော ရွယ်တူတစ်ယောက်။ အတန်းဖော် စိုးမိုးကျော်။ ခေါင်းဆောင်းပါသည့်ရောင်စုံမိုးကာ အင်္ကျီနှင့်။ ပို၍ အားငယ်သွားသည်။

“ကျောင်းသွားမယ်လေ မိုးပိုင်” တဲ့။ မိုးကြားလေကြား ထိုအသံကို ကြားတော့ မျက်မှောင်ကျုံ့၍ ခပ်စိုက်စိုက် ကြည့်ပစ်လိုက်သည်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့် သည်။
“ဟဲ့ ငါ့တူ ဘယ်တုန်းက ရောက်နေတာလဲ၊ မိုးရေတွေလည်း ရွှဲနစ်လို့၊ နေဦး၊ တင့်တင့်ဆင်းလာပြီ”
ထိုအသံကတော့ သူ့တစ်သက် ဘယ်လောက် လုံခြုံနွေးထွေးသွား မှန်း မသိ။ သူ့ငယ်ဘဝကို ပြန်လည် စဉ်းစားမိတိုင်း ထိုအဖြစ်အပျက်ကို မမေ့။ နာကြည်းဝမ်းနည်းဖို့ ကောင်း သည်။ ထိုညနေက ကျောင်းဝတ်စုံက အသစ်။ ပြီးတော့ တင့်တင့်ကိုယ်တိုင် ချီပိုး၍ ကျောင်းသို့ ပို့ခဲ့သည်။

(၂)”ဗျာ ဘယ်လိုဆရာမ စိုးမိုးကျော် ကျောင်းထွက်လာတယ်”သူ့နားကို သူမယုံ။ ဟိုမူကြိုကျောင်းသားဘဝက ကဲ့သို့များ အမည်တွေ မှားယွင်းထင်မှတ်လေ သလား။ ဆရာမဒေါ်ခင်မာမျိုးက သူ့အမည် မိုးပိုင်ကျော်၊ စိုးမိုးကျော်နှင့် ဇော်မိုးကျော်တို့ကို နာမည်နှင့် လူ အလွဲလွဲအချော်ချော် စာမေး၊ အပြစ်ပေးတတ်ခဲ့၏။ နောက်တော့ မုန့်ဖိုးငွေ လိုသလောက်ရလျက် သုံးစွဲသည့်ငွေကို စာရွက်ပိုင်းများ သေသပ်ကျနစွာ ဖြတ်တောက်၍ စာရင်းမှတ်လေ့ရှိသော ဇော်မိုးကျော်အား ပေသီးဟု လည်းကောင်း၊ မျက်မှန်တပ်လိုက်ရသော စိုးမိုးကျော်ကို မျက်မှန်ဟုလည်းကောင်း အမည်ပြောင်ပေးလိုက်မှ ဆရာမပြဿနာ ပြေလည်ခဲ့သည်။ ယခု ဆရာမကို တွေတွေဝေဝေ ကျွန်တော် ငုံ့ကြည့် လျှင် “မဟုတ်လို့လား မိုးပိုင်ရယ်၊ မျက်မှန်လေ သူ့နာမည်ပြောင်၊ ဆေး တက္ကသိုလ် အပိုင်း(က) က”

“ဟုတ်ကဲ့ ဆရာမပြောတာ စိုးမိုးကျော်။ ဘယ်လိုဖြစ်ရတာလဲ ဆရာမရယ်”

“အမယ်၊ ကိုယ်တော်ချောက အလာကြီး၊ ဆရာမလည်း သူ့အဖေ ပြောလို့ သိတာ”

“ဟုတ်ကဲ့” ဟု သူ ခေါင်းညိတ်တော့ “မျက်မှန်လေ၊ သူ့ဆေးကျောင်းက ပါချုပ်ကို ရိုရိုသေသေပဲ
တွေ့ဆုံဆွေးနွေးခွင့် တောင်းသတဲ့ မိုးပိုင်ကျော်ရေ”

ဆရာမက ထိုနေရာ၌ ခဏရပ်၏။ အင်းပေါ့၊ မျက်မှန်က သူတို့လို နှုတ်ဖွာဖွာ၊ ဟော့ဟော့ရမ်းရမ်းမှ မဟုတ်တာ။ အပြောအဆိုကလည်း ညက်။ အနေအထိုင်ကလည်း တည်ငြိမ်သိမ်မွေ့သူ။ ကျောင်းစာက လည်း တော်။ ဆယ်တန်းစာမေးပွဲမှာ အထက်မြန်မာပြည် အဆင့် (၅)၊ တစ်တိုင်းလုံး၏ ပထမ။

“ပါချုပ်ကို သူ ဘာပြောတယ်မှတ်လဲ။ ဆရာတဲ့၊ ကျွန်တော်ဟာ ဒသမတန်းသင်ရိုးညွှန်းတမ်း၊ ပြဋ္ဌာန်း ချက်တွေကို ဘယ်လိုမှ စိတ်မဝင်စား၊ ဓာတ်ငွေ့ထုတ်ဖော်ပုံတွေ၊ လျှပ်စီး ပတ်လမ်းတွေကို လက်တွေ့ မလုပ်၊ အထောက်အထား မခိုင်လုံတဲ့အချက်အလက်တွေ၊ ရှေးရှေးက သီအိုရီတွေနဲ့ အက္ခရာ၊ သင်္ကေတ ဖော်မြူလာတွေကို ကြက်တူရွေးလို နှုတ်တိုက်ကျက်ပြီး All D နဲ့ အဆင့်မြင့် မြင့်အောင်ခဲ့ပါတယ်။ အခု ဆေး တက္ကသိုလ်မှာလည်း Roll Number ကောင်းကောင်းနဲ့ ဆက်ပြီး ဖတ်မှတ်နေရပါတယ်ဆရာ။ ဘွဲ့လည်း ရမှာ ပါပဲ။ ပြောချင်တာက ဆရာတဲ့။ ကျွန်တော် ဘယ်လိုမှ အပင်ပန်းမခံချင်၊ ကျွန်တော်တို့နိုင်ငံရဲ့ မိဘဆွေမျိုးတွေ ငမ်းငမ်းတက် ရူးသွပ်နေကြတဲ့ ဆေးတက္ကသိုလ်ကို ကျွန်တော် ပေါ့ပေါ့ပါးပါးပဲ အခက်အခဲမရှိ ရောက်
လာတယ်။ စိတ်လုံးဝ မဝင်စားတဲ့ ကိစ္စမှာ ဒီလောက်အောင်မြင်ခဲ့ရင် ဆရာရယ် ကျွန်တော် ကိုယ်တိုင် လိုလိုလားလားနဲ့ ဆန္ဒရှိတဲ့ လုပ်ငန်းတစ်ရပ်၊ သုတေသနတစ်ခု၊ တီထွင်ဆန်းသစ်မှုတစ်မျိုးကို ကြိုးစားအား ထုတ်လိုက်ရရင် ဘယ်လောက်များ ကျွန်တော့်အတွက် အကျိုးရလဒ်ကောင်းတွေ ဖြစ်ထွန်း၊ တင်ကျန်ရစ်မယ် မထင်ဘူးလားဆရာ”တဲ့။ သူ့ပခုံး တစ်ချက်တွန့်သွား၏။ ဘုရားရေ၊ ဒါ ဘာစကားလဲ။

“အဲဒီတော့ ပါမောက္ခချုပ်က စဉ်းစားပါဦးသားရယ်၊ ဆေးဝင်ခွင့် ရဖို့ ငွေတွေ အကုန်ခံ၊ အချိန်တွေ ပေးဆပ်ရင်းနှီးခဲ့ရတာ မိဘတွေရဲ့မျှော်လင့်တောင့်တမှု၊ စိတ်သောက မျက်ရည်တွေနဲ့ အလဲအထပ် မလုပ်လိုက်ပါနဲ့လို့ နှစ်သိမ့်မှာပေါ့နော် “ဟု သူ စကားထောက်ပေးရင်း ဆရာမကို

ရေနွေးကြမ်း ငှဲ့ပေးသည်။ ထိုအခါ ဆရာမက ပြုံးနေ၏။
ပြီးမှ “ကျွန်တော့်ကို ရူးသွားပြီ၊ မူးယစ်ဆေးဝါး တစ်ခုခု သုံးစွဲနေပြီ၊ သနားစရာ နှမြောစရာလို့ ဝိုင်းကြည့်၊ ဝိုင်းကဲ့ရဲ့၊ ထင်မြင်မှာပါပဲ။ ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်ကိုက ကိုယ်ရည်ကိုယ်သွေး၊ ဆင်ခြင်တုံတရား နှိမ့် ကျတယ်တဲ့တော်”
သည်တစ်ခါ အသံထွက်၊ မရယ်မိဖို့ ကြိုးစားရသူက သူ။ ဆရာမ၌ အပြုံးမရှိ။ သက်ပြင်းချ၏။ “ဒါနဲ့ပဲ ကျောင်းက အကြောင်းကြားလို့ သူ့မိဘတွေ သွားခေါ်ခဲ့ရတယ်ပေါ့” ဟု ဆရာမကို မပြောဖြစ်။

ဘဝ၌ လေ့လာသင်ယူရသည့် ပညာအတွက် အဖိုးအခသည် သူတွေးထင်ထားသည်ထက် ပို၍ ကြီးမားနက်ရှိုင်းနေပါ့လား။ ဖျတ်ခနဲ ကြည့်တော့ ဆရာမမျက်ဝန်းမှ မျက်ရည်တစ်စ။ နားလည်ရခက်သည့် အဓိပ္ပာယ်။

(၃)
ကဲ ကြည့်စမ်းပါဦး။ ဘဝတွေက ဘယ်လောက်များ ရိုးရှင်းခဲ့ပါလိမ့်။ လွန်ခဲ့သော နှစ်များစွာက ငွေသေတ္တာထဲမှ လိုသလို ထုတ်ယူ သုံးစွဲနိုင်ခဲ့သော ပေသီးခေါ် ဇော်မိုးကျော်သည် သူတို့မြို့၌ လုပ်ငန်းရှင်ကြီး တစ်ဦး။ ကဗျာရေးလျှင် လက်ရိုက်ချိုးမည်။’ မြန်မာစာဘွဲ့ ဘာလုပ်လို့ရမှာလဲ’ဟု အဖေ ခါးခါးသီးသီး ကန့်ကွက်ခဲ့သည့်ကြားမှ မိုးပိုင်ကျော် သည် လက်ရှိစာပေနယ်၌ မောင်မိုးသဲ (ရူပဗေဒ) အမည်ဖြင့် ထဲထဲဝင်ဝင် စာရေးနေပြီ။ အဒေါ်ဖြစ်သူ

တင့်တင့်ကတော့ ကျွန်တော့်ကို ဂုဏ်ယူကျေနပ်နိုင်ကောင်းပါရဲ့။ စိုးမိုးကျော် လား။ လူထုကျန်းမာရေး ဖောင်ဒေးရှင်း တည်ထောင်နိုင်ခဲ့ပြီ။ ယခု လူ့စိတ် အညစ်အကြေးများကို ဖယ်ရှားကုသပေးနေသည့် ရဟန်းတော်တစ်ပါးပေါ့။

မိုးကျော်စိုး (မကွေး)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071