
ဧပြီလအတွင်း ကုမ္ပဏီ၄၆၀ကျော်မှ နိုင်ငံခြားသားတစ်ထောင်ကျော်အား ကယ်ဆယ်ရေးလေယာဉ်ဖြင့်လိုက်ပါနိုင်ရေး ရင်းနှီးမြှပ်နှံမှုနှင့်စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ထောက်ခံပေးခဲ့ဟုဆို
ကုမ္ပဏီ အရေအတွက်၄၆၄ခုမှ နိုင်ငံခြားသား ၁၁၁၁ဦးအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါခွင့်ရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း စိစစ်ထောက်ပေးခဲ့ရသည်ဟု အဆိုပါဝန်ကြီးဌာန၏ စာရင်းကိန်းဂဏန်းများအရသိရသည်။
အဆိုပါ နိုင်ငံခြားသား ၁၁၁၁ဦးသည် နိုင်ငံပေါင်း ၂၄နိုင်ငံမှ လာရောက်သည့် နိုင်ငံခြားသားများဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်/ အတည်ပြုမိန့်တို့ဖြင့် လုပ်ငန်းဆောင်ရွက် လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ နိုင်ငံခြားသားများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၌ မှတ်ပုံတင်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားများကို ကယ်ဆယ်ရေး လေယာဉ်ဖြင့် လိုက်ပါခွင့် ရရှိနိုင်ရေးအတွက် ဆက်တိုက်ဆောင်ရွက်ပေးလျှက်ရှိရာ ၂၀၂၂ ခုနှစ် ၊ ဧပြီလ အတွက် ခွင့်ပြုခဲ့မှု အခြေအနေကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လကလည်း ကုမ္ပဏီ အရေအတွက် ၅၁၆ ခုမှ နိုင်ငံခြားသား ၁၅၁၀ ဦးအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါခွင့်ရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနက စိစစ်ထောက်ခံပေးခဲ့ကြကာ အဆိုပါ နိုင်ငံခြားသားများသည် နိုင်ငံပေါင်း၂၇နိုင်ငံမှ လာရောက်သည်ဟုသိရသည်။
အလားတူမတ်လကလည်း ကုမ္ပဏီ အရေအတွက် ၅၁၂ ခုမှ နိုင်ငံခြားသား ၁၂၈၁ ဦးအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါခွင့်ရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနက စိစစ်ထောက်ခံပေးခဲ့ကြကာ အဆိုပါ နိုင်ငံခြားသားများသည် နိုင်ငံပေါင်း ၃၃နိုင်ငံမှ လာရောက်သည်ဟုသိရသည်။