
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ငွေကျပ် ၁၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ
မိတ္ထီလာမြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ဧပြီ ၁၃ ရက်နေ့လည် ၁ နာရီခန့်က လုံ ခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ်-၂၈၄/၅ အနီးတွင် မန္တလေးဘက်မှရန်ကုန်ဘက်သို့ ဇာနည်ထွန်း မောင်းလာသည့် PRADO ကားနှင့်နောက်မှ မိုးဟိန်း မောင်းကာ ငြိမ်းချမ်းသူ(ခ)ကျန်ကျောင်း လိုက်လာသည့် PRADO ကားတို့အား သတင်းအရရှာဖွေရာမှဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ကား ၂ စီးပေါ်မှ တန်ဖိုးငွေကျပ် ၁၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၀ သန်းပြားအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။
ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ အဆို ပါ စိတ်ကြွဆေးပြားများအား မန္တလေးတိုင်းမှရန်ကုန်တိုင်းသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။
ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်း ဆီးရမိသူ ၃ ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။