အမေရိကန်သံအမတ်ကြီး သောမတ်စ် အယ်လ် ဗိုက်ဒါ ၏ သတင်းထုတ်ပြန်ချက်

အမေရိကန်သံအမတ်ကြီး သောမတ်စ် အယ်လ် ဗိုက်ဒါ ၏ သတင်းထုတ်ပြန်ချက်
August 16, 2021 Asian Fame
ရန်ကုန်၊ဩဂုတ် ၁၃
ကပ်ရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ကြရသော မြန်မာပြည်သူများ အတွက် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရသည့်အကြောင်း အမေရိကန်သံရုံး ကိုယ်စား ကျွန်တော် ရိုးသားစွာပြောကြား လိုပါသည်။ ကိုဗစ်-၁၉ ကူးစက်မှု၏ လတ်တလောအရှိန်အဟုန်ကြောင့် ကျွန်တော်တို့သံရုံး မှလုပ်ဖော် ကိုင်ဖက်များအပါအဝင် ယခင်ကတည်းက ထိခိုက်ခံစားနေခဲ့ကြရသော မိသားစုဝင်များနှင့် လူ့အသိုက်အဝန်းများအပေါ် ရက်ရက်စက်စက် ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်ပေါ်စေခဲ့ရပါသည်။ မြန်မာပြည်သူလူထုနှင့် ၎င်းတို့၏ကျန်းမာရေး အရေးပေါ်လိုအပ်ချက် ကိုဖြည့် ဆည်းပေးနိုင်ရန် အကူအညီပေးနေကြသူများအနေဖြင့် ဆက်လက်ရှင်သန်နေထိုင်၍ ဘေးအန္တရာယ် ကင်းရှင်းစွာ အလုပ်လုပ်နိုင် ရမည်ဖြစ်ပါသည်။
ဒီမိုကရေစီလမ်းကြောင်း တစ်ရပ်ပေါ်ပြန်လည်ရောက်ရှိရေးအတွက် ကြိုးပမ်းအားထုတ်နေပြီး ယခုအခါ ပိုမိုဆိုးရွားလာနေသော ကပ်ရောဂါကို ရင်ဆိုင်နေကြရသည့် မြန်မာပြည်သူလူထုကို အားပေးကူညီရန် အမေရိကန်ပြည်ထောင်စုက စွဲစွဲမြဲမြဲကတိကဝတ် ပြုထားပါသည်။ ၂၀၂၀ ခုနှစ် ကူးစက်ရောဂါ စတင်ပြန့်ပွားချိန်ကစ၍ ကျွန်တော်တို့သည် မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ နှင့် ဆက်နွှယ်သော အကူအညီများကို ဒေါ်လာသန်း ၂၀ ကျော်ကူညီပံ့ပိုးပေးခဲ့ပြီးဖြစ်ကာ သန်းနှင့်ချီသောပြည်သူများ ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်၍ ၎င်းတို့လိုအပ်နေသောအညီများရရှိစေနိုင်ခဲ့ပါသည်။
မိမိတို့အနေဖြင့် လူနည်းစု တိုင်းရင်းသားများက ဆောင်ရွက်နေသော ကိုဗစ်-၁၉ ကူးစက်ခံရသူများကို အကူအညီပေးနေသည့် အဖွဲ့ အစည်း များ အပါအဝင် အစိုးရမဟုတ်သောအခြေခံကျန်းမာရေးအဖွဲ့အစည်း ၆၅၀ ကျော်ကို ကူညီပံ့ပိုးပေးခဲ့ပြီးဖြစ်ပါသည်။ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်း အကြမ်းဖက်နှိပ်ကွပ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများအပါအဝင် မြန်မာပြည်သူများ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီ ဒေါ်လာ သန်း ၅၀ ကျော် အမေရိကန်ပြည်ထောင်စုက ပေးအပ်သည့် အကြောင်းကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ-သောမတ်စ် ဂရင်းဖီးလ် က ယခုသီတင်းပတ်အတွင်း ကြေညာခဲ့ပါ သည်။
ဤအကူအညီများဖြင့် နိုင်ငံတကာနှင့် အစိုးရမဟုတ်သော မိမိတို့၏မိတ်ဖက် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံမှထွက်ပြေးလာရသူများ သို့မဟုတ် မြန်မာနိုင်ငံတလွှားမှ ၎င်းတို့၏နေအိမ်များကို စွန့်ခွာထွက်ပြေးလာရသူများအပါအဝင် မြန်မာပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီ၊ အသက်ကယ်တင်စောင့်ရှောက်ရေး၊ နေရာထိုင်ခင်းနှင့် မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှုအကူအညီများကို ပေးအပ်နိုင်မည်ဖြစ်သည်။ သို့သော်ငြားလည်း ယင်းထက်ပို၍ ပိုမိုလုပ်ဆောင်နိုင်၊ လုပ်ဆောင်ရမည်ဖြစ်ပါသည်။
ယခုပြည်သူ့ကျန်းမာရေး အကျပ်အတည်းကိုကျော်ဖြတ်နိုင်ရေး မြန်မာပြည်သူလူထုကို အကူအညီပေးရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ အဖွဲ့ (Global Fund) နှင့် Gavi အပါအဝင် နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းများအတွက် သိသာထင်ရှားသော ရန်ပုံငွေများကို ဆက်လက်ကူညီပံ့ပိုးနေပါသည်။ မြန်မာပြည်သူလူထုအတွက် တိုက်ရိုက်အထောက်အကူဖြစ်စေမည့် ကိုဗစ်-၁၉ စစ်ဆေးရေး၊ အောက်ဆီဂျင်၊ စားရေရိက္ခာအကူအညီနှင့် ကာကွယ်ဆေးအပါအဝင် ဆေးဝါးကုသမှုပေးရေး အတွက် လူသားချင်းစာနာမှု အကူအညီပေးရေး ဆိုင်ရာ မူဝါဒများနှင့်အညီ ကူညီဆောင်ရွက်ပေးနိုင်ရန်အလို့ငှာ မြန်မာနိုင်ငံအတွင်း ပိုမိုတိုးချဲ့လက်လှမ်းမီ ဝင်ရောက်နိုင်ရေး အတွက် ကျွန်တော်တို့အနေဖြင့် ညီညီညာညာကြိုးပမ်းအားထုတ်နေပါသည်။
ဇွန်လ ၁၀ ရက် သမ္မတကြီးဘိုင်ဒင်ပြောခဲ့သလိုပင် “လူသားအားလုံးရဲ့ မွေးရာပါလူ့ဂုဏ်သိဏ္ခာကို ကျွန်တော်တို့ လေးစားတန်ဖိုးထား ပါတယ်။ ဒုက္ခရောက်နေတဲ့အချိန်တွေမှာ အမေရိကန်တွေဟာ အကူအညီလိုအပ်နေသူတွေဆီရောက်အောင်သွား၊ အကူအညီတွေပေးဖို့ ကမ်းလှမ်းပြီး အကူအညီတွေပေးပါတယ်။ ဒါဟာ ကျွန်တော်တို့ဘယ်လိုလူစားတွေလဲဆိုတာပါ။”

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*