လှိုင်းကြီးလေထန်အာဖဂန်

လှိုင်းကြီးလေထန်အာဖဂန်
July 22, 2021 Asian Fame

နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့ပြီးတဲ့နောက် အာဖဂန်နစ္စတန်မှာ ဝင်ရောက်တပ်စွဲခဲ့တဲ့ အမေရိကန်တပ်တွေ လာမယ့်ဩဂုတ်လကုန်မှာ အပြီးပြန်လည် ရုပ်သိမ်းတော့မှာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဘိုင်ဒင်ကတော့ ဒီလို ပြန်ရုပ်သိမ်းရတာကို အကြောင်း သုံးချက်ပြပါတယ်။ နံပတ်(၁)ကတော့ ဒီလိုပြန်ရုပ်တာက အာဖဂန်ပြဿနာကို အာဖဂန်အချင်းချင်း ပဲဖြေရှင်းတာ အကောင်းဆုံးမို့ပါတဲ့။ အခုဆိုရင် အင်အား ၃သိန်းလောက်ရှိတဲ့ အာဖဂန်စစ်တပ်က အင်အားသောင်းဂဏန်းပဲ ရှိတဲ့ တာလီဘန်တွေကို ကောင်းကောင် းထိန်းနိုင်နေပြီလို့ ဆိုပါတယ်။( ၂) အချက်ကတော့ စာရိတ် ကုန်ကျမှုက များလွန်းတယ်တဲ့။( ၃) အချက်ကတော့ ဒီက စစ်အင်အားတွေကို လျှော့ပြီး တရုတ်ကို ရင်ဆိုင်တဲ့နေရာမှာ ပြန်သုံးဖို့ မဟာဗျူဟာ ချိန်ညှိတဲ့သဘောပါ လို့ဆိုပါတယ်။

သေချာတာကတော့ မဟာဗျူဟာအရ အားနည်းလာတဲ့ အမေရိကန်အနေနဲ့ အရေးမပါတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့လာတဲ့သဘောပါပဲ။အဲလို လျှော့လိုက်ပြီး ပြန်ထွက်သွားတဲ့အခါ အာဖဂန်မှာ မဟာဗျူဟာ အင်အား လစ်ဟာကွက် ဖြစ်လာမှာကလည်း အသေအချာပါပဲ။

အာဖဂန်က အမေရိကန်တွေ ထွက်သွားတဲ့အခါမှာ ကသုတ်ကရက်နဲ့ ရေးကြီးသုတ်ပြာ ထွက်ကုန်ကြတာမို့ ပစ္စည်းတွေတောင် အကုန်ပြန်ယူမသွားနိုင်ဘူးလို့ ဆိုပါတယ်။ ၁၉၇၅ခုနှစ်က အမေရိကန်တွေ ဗီယက်နမ်ကနေ ဆုတ်ခွာရတုန်းက သံရုံးခေါင်မိုးပေါ် ရဟတ်ယာဉ်ဆင်းပြီး လူတွေကို ဒရောသောပါး တင်ပြီး ထွက်သွားရတဲ့ ပုံကို သတိရပါတယ်။ အခုလည်း အမေရိကန်အတွက် ဒုတိယ ဗီယက်နမ်လို့ ပြောနိုင်တဲ့ အနေအထားပါပဲ။

ဗီယက်နမ်တုန်းကတော့ အမေရိကန်တွေထွက်သွားတာနဲ့ ဗီယက်ကောင်းနဲ့ မြောက်ဗီယက်နမ် တပ်တွေက ဝင်ပြီးနေရာ ယူခဲ့ပါတယ်။ အာဖဂန်မှာတော့ လက်ရှိ အမေရိကန်ထောက်ခံတဲ့ အာဖဂန်အစိုးရက ကဘူးလ်မြို့တော်မှာ ကျန်နေသေးပါတယ်။ ဒါပေမဲ့ တာလီဘန်သူပုန်တွေက နယ်မြေ ၈၅% ကို ထိန်းချုပ်ထားတယ်လို့ပြောဆိုခဲ့ပြီး ကဘူးလ်အစိုးရကတော့ မဟုတ်ပါဘူးလို့ ငြင်းဆိုထားပါတယ်။ ပြင်ပလေ့လာသူတွေကတော့ တာလီဘန်တွေဟာ နယ်မြေ ၃၀%လောက်ကို အပြည့်အဝ ထိန်းချုပ်ထားပြီး ကျန်တဲ့နယ်မြေ အတော်များများမှာလည်း ထိုးဖောက်စိမ့်ဝင် လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။ တကယ်တော့ ကဘူးလ်မြို့တော်မှာတောင် မကြာခဏ ဗုံးကွဲနေတာမို့ အစိုးရက ပိုင်ပိုင်နိုင်နိုင် စိုးမိုးထားနိုင်တယ်ဆိုတာ မရှိသလောက်ပါပဲ။

အခုအမေရိကန်တွေ ထွက်သွားတာ အမေရိကန်နဲ့ တာလီဘန်တွေအကြား ထရမ့်လက်ထက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ ရလဒ်ပါ။ ဒီဆွေးနွေးပွဲက အမေရိကန်တပ်တွေ အေးအေးဆေးဆေးထွက်သွားနိုင်ဖို့အဓိက ဖြစ်ပြီး ရေရှည်ငြိမ်းချမ်းရေးကတော့ အစိုးရနဲ့ တာလီဘန်တွေအကြား ဆက်ပြီးဆွေးနွေးကြရဦးမှာဖြစ်ပါတယ်။ တာလီဘန်တွေကတော့ အခုဆိုရင် သူတို့က မကြာခင် ကဘူးလ်ကို သိမ်းပိုက်နိုင်တော့မယ့် ပုံစံမျိုးနဲ့ ပြုမူလာ တာတွေတွေ့ရပါတယ်။ တာလီဘန်ဘက်က ထိုးစစ်တွေလည်း စတင်နေပြီး နယ်စပ်မှာ အစိုးရတပ်ဖွဲ့တွေ လူတစ်ထောင်လောက် ကာဇက်စတန်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင် သွားကြတဲ့ သတင်းလည်းတွေ့ရပါတယ်။ အဲတော့ အစိုးရတပ်တွေက အင်အားများတယ်ဆိုပေမဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ နောက်က အမာခံ ဆရာသမားတွေ မရှိတော့ဘူးဆိုတော့လည်း ဗီယက်နမ်မှာလိုပဲ “ဆရာတွတ်ပီ မရှိရင် တပည့်ဗိုက်ကလေးလည်း ပြေးတော့မယ့်” သဘောမျိုးဖြစ်လာနိုင်ပါတယ်။

တာလီဘန်တွေကတော့ ဖြစ်လာမယ့် မဟာဗျူဟာ အင်အား ဟာကွက်မှာ ဝင်ဖြည့်လာနိုင်တဲ့ ရုရှားနဲ့တရုတ်ကို စပြီးချဉ်းကပ်နေပါပြီ။ ရုရှားကို တာလီဘန်တစ်ဖွဲ့သွားပြီး ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးရာမှာ တာလီဘန်တွေက ရုရှားတွေ စိုးရိမ်တဲ့ ဘာသာရေးအစွန်းရောက် အကြမ်းဖက်တွေ အလယ်အာရှကို နယ်စပ်ဖြတ်ကျော်မလာစေရပါဘူးလို့ ကတိပေးခဲ့ပါတယ်။ တရုတ်ကလည်း တာလီဘန်တွေနဲ့ဆွေးနွေးဖို့ ရှိပါတယ်။ တာလီဘန်တွေက တရုတ်ကိုလည်း ရုရှားလိုပဲ ကတိပေးထားပါတယ်။ တရုတ်က အာဖဂန်နဲ့ နယ်နိမိတ်ချင်း မိုင်၆၀နီးပါးလောက်ထိစပ်နေတဲ့ သူ့ရဲ့ မွတ်စလင်ပြည်နယ် ရှင်ကျန်ကို အစွန်းရောက် အဖွဲ့ဖြစ်တဲ့ အရှေ့ တာကစ္စတန် လွတ်မြောက်ရေးအဖွဲ့ စိမ့်ဝင်လာမှာ စိုးရိမ်နေတာဖြစ်ပါတယ်။

တရုတ်နဲ့ ရုရှားတို့အနေနဲ့ အာဖဂန်ကို မဟာဗျူဟာအရ တပ်တွေစေလွှတ်ပြီး ဝင်လာမယ့် အနေအထားတော့ မတွေ့ရပါဘူး။ မကြာသေးခင်က ဥဇဘက်ကစ္စတန်မှာလုပ်ခဲ့တဲ့ ရှံဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ SCO အစည်းအဝေးမှာ အာဖဂန်အရေးနဲ့ပတ်သက်ပြီး SCO အနေနဲ့ပဲ ကိုင်တွယ်ကူညီသွားမယ့် သဘောရှိပါတယ်။

သို့သော်လည်း အာဖဂန်နဲ့ နယ်မြေချင်းဆက်နေတဲ့ တရုတ်ကတော့ မဟာဗျူဟာ အပြင် စီးပွားရေး အကျိုးစီးပွားလည်း ရှိနေပါတယ်။ အာဖဂန်နစ္စတန်က မြန်မာနိုင်ငံလောက်ကျယ်ဝန်းပြီး ခေတ်အဆက်ဆက် မတည်ငြိမ်မှုကြောင့် မဖော်ထုတ်ရသေးတဲ့ သဘာဝသယံဇာတတွေ အများကြီးရှိပါတယ်။ ဒေါ်လာ ထရီလီယံနဲ့ချီပြီးတန်ဖိုးရှိတဲ့ ကြေးနီ၊ရေနံ၊ ကျောက်မီးသွေး၊ ရွှေ၊ ကိုဘော့၊ စတဲ့ သယံဇာတတွေပါ။ အမေရိကန်တွေ အာဖဂန်ကို သိမ်းပြီးတဲ့နောက် တင်မြှောက်ခဲ့တဲ့ အာဖဂန်အစိုးရလက်ထက်မှာ မြေအောက်သယံဇာတတွေတူးဖော်လုပ်ကိုင်ဖို့ နိုင်ငံတကာကို ဖိတ်ခေါ်တော့ ထုံးစံအတိုင်း တရုတ်ကုမ္ပဏီတွေ ဝင်လာပါတယ်။ အထူးသဖြင့်ကြေးနီနဲ့ ရေနံလုပ်ငန်းမှာဖြစ်ပါတယ်။ ၂၀၀၇ တုန်းက ဒေါ်လာ ၃ဘီလျံ တန်ဖိုးရှိတဲ့ ကြေးနီတူးဖော်ရေး သဘောတူညီချက်ရရှိခဲ့ပေမဲ့ သယ်ယူပို့ဆောင်ရေးနဲ့ တခြားအခက်အခဲတွေကြောင့် လုပ်ငန်းမစနိုင်သေးဘူးလို့သိရပါတယ်။ တရုတ် CNPCကုမ္ပဏီကလည်း နိုင်ငံမြောက်ပိုင်း မှာ ရေနံတူးဖို့ ၂၀၁၁ခုနှစ်မှာ လုပ်ငန်းရရှိထားပါတယ်။ အလယ်ပိုင်းမှာ ၁၈၅ကီလိုမီတာ အရှည်ရှိတဲ့ လမ်းပမ်းဆက်သွယ်ရေးအခြေခံအဆောက်အဦအတွက် ဒေါ်လာ ၂၀၅ ဘီလျံဖိုး ရင်းနှီးမြှုပ်နှံ ဖို့လည်း တရုတ်နိုင်ငံပိုင် ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေက အာဖဂန်အစိုးရနဲ့ ၂၀၁၇ မှာခုနှစ်မှာ လက်မှတ်ထိုးထားပါတယ်။

စွမ်းအင်ကဏ္ဍမှာ တာကစ္စတန် ကနေ အာဖဂန်၊ပါကစ္စတန်၊တို့ကိုဖြတ်ပြီး အိန္ဒိယကိုဆက်သွယ်မယ့် TAPIဓာတ်ငွေ့ပိုက်လိုင်းကနေ ဓာတ်ငွေ့တွေ လမ်းကဖြတ်ပြီး သွယ်ယူဖို့လည်း တရုတ်ကစိတ်ဝင်စားနေတာဖြစ်ပါတယ်။ အာဖဂန်ကနေဖြတ်သွယ်မလား၊ ပိုပြီးမြေအနေ အထား ကောင်းတဲ့ ပါကစ္စတန်က ဖြတ်မလားတော့ မသိသေးပါဘူး။ TAPI က အမေရိကန်တွေရဲ့ ထောက်ခံအားပေးမှုနဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပိုက်လိုင်းမှာ နောက်ဆုံး ရည်မှန်းချက်က တရုတ်နဲ့ မသင့်မြတ်တဲ့ အိန္ဒိယဖြစ်တဲ့အတွက် တရုတ်တွေဖြတ်သွယ်မယ့်ကိစ္စမှာ အိန္ဒိယကတော့ အောင့်သက်သက်ဖြစ်မှာ သေချာပါတယ်။ ပါကစ္စတန်ကတော့ တရုတ်ရဲ့ မဟာမိတ်ဖြစ်လို့ ပြဿနာမရှိနိုင်ပါဘူး။ ဒီကိစ္စကလည်း တရုတ်၊အိန္ဒိယ၊ပါကစ္စတန် သုံးပွင့်ဆိုင် မဟာဗျူဟာ နိုင်ငံရေးအပေါ် သက်ရောက်မှုရှိလာနိုင်ပါတယ်။

တကယ်တော့ အာဖဂန်နစ္စတန်က အိန္ဒိယနဲ့ပါကစ္စတန်အကြား မဟာဗျူဟာ ကစားကွက်ဖြစ်နေတာ ကြာပါပြီ။ ပါကစ္စတန်က သူတို့မွေးထုတ်ခဲ့တဲ့ တာလီဘန်တွေနဲ့ ပိုရင်းနှီးပါတယ်။ အိန္ဒိယကတော့ အမေရိကန်ထေက်ခံတဲ့ အာဖဂန် လက်ရှိအစိုးရနဲ့ ပို နီးစပ်ပါတယ်။ တာလီဘန်ကတော့ အယ်လ်ကိုင်ဒါ အကြမ်းဖက်နဲ့ဆက်နွယ်လို့ အိန္ဒိယနဲ့ အဆင်မပြေပါဘူး။ ဒါကြောင့် အမေရိကန်တွေ ထွက်ခွာသွားချိန်မှာ အိန္ဒိယက အာဖဂန်အစိုးရကို အမြောက်ကျည်တွေ လေကြောင်းက ပို့ပေးနေတာ တွေ့ရပါတယ်။ ဒီတော့ အာဖဂန်မှာ တာလီဘန်တွေ အနှေးနဲ့အမြန် အာဏာရလာရင် အိန္ဒိယနဲ့ ပါကစ္စတန်အကြား ဒီကိစ္စက လောင်စာ တစ်ခုဖြစ်လာနိုင်ပါတယ်။

အာဖဂန်နစ္စတန်ကတော့ အခုလို အင်အားလစ်ဟာကွက်ရှိတိုင်း ပြည်တွင်းစစ်မီးလောင်ရတာက အစဉ်အလာလို ဖြစ်နေပါပြီ။ ရှေးကတည်းက အလယ်အာရှဆက်စပ် အင်အားကြီးတွေရဲ့ အားပြိုင်မှုအောက်မှာ မြေဇာပင်ဖြစ်ခဲ့ရတာပါ။ မြတ်စွာဘုရားလက်ထက်တော်ကတော့ ဂန္ဓာရတိုင်း ဆိုပြီး ဗုဒ္ဓဘာသာ ထွန်းကားကာ ကြွယ်ဝချမ်းသာတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်။ နောက်တော့ အနောက်ဘက်က မဟာ အလက်ဇန္ဒား၊ အရှေ့အလယ်ပိုင်းက အာရပ်မွတ်စလင် ခါလီဖိတ် အင်အားစု၊ မွန်ဂိုတွေနဲ့ တူရကီ မဂိုစတဲ့ အင်ပါယာတွေရဲ့ ချဲ့ထွင်တိုက်ခိုက်မှုအောက်မှာ ကျရောက်ခဲ့ပြီး ဒုက္ခတွေကြုံခဲ့ရပါတယ်။ ခေတ်သစ်အစမှာလည်း မြောက်ဘက်က ရုရှားဇာဘုရင်အင်ပါယာ၊ အနောက်ဘက်က ပါရှား (အီရန်) အင်ပါယာ၊တောင်ဘက်က ဗြိတိသျှ နေမဝင်အင်ပါယာတွေရဲ့ အားပြိုင်မှုအောက်မှာ မဟာကစားပွဲကြီး (Great Game) ဆိုတဲ့ နာမည်နဲ့ စစ်တလင်းဖြစ်ခဲ့ရပါသေးတယ်။

စစ်အေးကာလကျတော့ လက်ဝဲ လက်ယာ အားပြိုင်မှုအောက်မှာ ပြည်တွင်းစစ်ဖြစ်ပြီး ဆိုဗိယက်ရုရှားတပ်တွေက ၁၉၇၉လောက်ကစလို့ ဝင်လာခဲ့ပါတယ်။ အမေရိကန်တွေကလည်း အာဖဂန်ဟာ ဆိုဗိယက်တွေအတွက် ဗီယက်နမ် ဖြစ်စေရမယ်လို့ကြွေးကြော်ပြီး ဆိုဗိယက်တွေကို ဆန့်ကျင်နေတဲ့ မူဂျာဟစ်တွေကို အိုစမာဘင်လာဒင်အုပ်စုအပါအဝင် လူလက်နက် ပစ္စည်းတွေ အလုံးအရင်းနဲ့ထောက်ပံ့ခဲ့လို့ ဂေါ်ဘားချက် လက်ထက် ၁၉၈၉မှာ ဆိုဗိယက်တပ်တွေ အာဖဂန်က ဆုတ်ခွာခဲ့ရပြီး ထုံးစံအတိုင်း ပြည်တွင်းစစ်ဖြစ်ရပြန်ပါတယ်။ တိုင်းပြည် ပျက်ခါနီးမှာတော့ ပါကစ္စတန် က သူတို့မွေးထားတဲ့ စစ်ပြေးဒုက္ခသည် ကျောင်းသားတွေကို ကျောင်းသားတပ်မတော် (တာလီဘန်) နာမည်တပ်ပြီး လက်နက်တပ်ဆင်ဖွဲ့စည်း စေလွှတ်လိုက်လို့ တာလီဘန်တွေ အာဏာရလာခဲ့ပါတယ်။ ၂၀၀၁မှာတော့ အမေရိကန်က အဓိကရ ပစ်မှတ်ကြီး သုံးခုကို တာလီဘန်တွေ လက်ခံထားတဲ့ အိုစမာဘင်လာဒင် က 9/11 အကြမ်းဖက်တိုက်ခိုက်မှု လုပ်ခဲ့တဲ့ အတွက် အမေရိကန်တပ်တွေ အာဖဂန်ကို ဝင်သိမ်းခဲ့တာ အနှစ်၂၀ ကြာသွားခဲ့တာပါပဲ။ အာဖဂန်မှာ အိုစမာကို မြေလှန်ရှာခဲ့ပေမဲ့ မတွေ့ခဲ့ပဲ အိုဘားမားလက်ထက် ၂၀၁၁ကျမှ ပါကစ္စတန်မှာ အထူးစစ်ဆင်ရေးလုပ်ပြီး အသေဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။

အမေရိကန်က အာဖဂန်ကို စဝင်တုန်းက အကြမ်းဖက်ဆန့်ကျင်ရေးစစ်ပွဲ (War on Terror) ဆိုပြီး ဝင်တိုက်ခဲ့တာ ဖြစ်ပေမဲ့ ဒီ နှစ်၂၀ ကာလမှာ တာလီဘန်ကိုလည်း မရှင်းနိုင်၊အယ်လ်ကိုင်ဒါကိုလည်း မဖြတ်နိုင်ဘဲ အရှေ့အလယ်ပိုင်းမှာ IS အဖွဲ့သစ်ပါတိုးလာပြီးတော့ ကမ္ဘာအနှံ့ အကြမ်းဖက်မှုတွေ ပြန့်လာတာပဲ တွေ့ကြုံခဲ့ရတာရှိပါတယ်။

အမေရိကန်ရဲ့ တစ်ခြားရည်ရွယ်ချက်ဖြစ်တဲ့ အာဖဂန်မှာ ဒီမိုကရေစီဖြစ်ထွန်းရေး ကလည်း အဓိကကျောထောက်နောက်ခံ အမေရိကန်တွေ ဆုတ်ခွာသွားမှုနဲ့အတူ မှေးမှိန်သွားခဲ့ပြီ ဖြစ်ပါတယ်။ အာဖဂန်စီးပွားရေး ကလည်း ၂၀၀၉အထိ ပြည်ပထောက်ပံ့မှုကို လုံးလုံး အားပြုထားခဲ့ရတာ ဖြစ်ပြီး ၂၀၂၀မှာ GDPရဲ့ ၄၃% လောက်အထိ ပြည်ပ အကူအညီကို မှီခိုနေရဆဲ ဖြစ်လို့၊ အမေရိကန်တွေအထွက် တစ်ကမ္ဘာလုံးကလည်း ကိုဗစ်ကြောင့်စီးပွားပျက်နေတဲ့ အချိန်မှာ သူများနှာခေါင်းနဲ့အသက်ရှူနေရတဲ့ အာဖဂန်နစ္စတန်အတွက် စီးပွားရေးမှာလည်း အိပ်မက်ဆိုးကစောင့်ကြိုနေမယ့်သဘော ရှိပါတယ်။

အမေရိကန် အတွက်ကတော့ မြွေတွင်းကြီးလိုဖြစ်နေတဲ့ အာဖဂန်နစ္စတန်ကနေ မှန်းချက်နဲ့နှမ်းထွက် မကိုက်တော့တဲ့ အတွက် ဖုတ်ဖက်ခါပြီး ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။ သာမန်အားဖြင့် အမေရိကန်တွေ ထွက်သွားတာ ရိုးရိုးပဲစဉ်းစားရင် မထူးခြားလှပေမဲ့ ကမ္ဘာ့ မဟာဗျူဟာ အခင်းအကျင်းမှာတော့ နှလုံးသားနယ်မြေ ဖြစ်တဲ့ အလယ် အာရှဒေသမှာ အမေရိကန်ဩဇာ ကျဆင်းလာပြီး တရုတ်၊ရုရှားနဲ့ SCO အုပ်စုက ပိုအားကောင်းလာမယ့်သဘော တွေ့မြင်ရပါတယ်။ အဲဒီအစား နှုတ်ခမ်းသားနယ်မြေဖြစ်တဲ့ အင်ဒို ပဆိဖိတ် ရပ်ဝန်းမှာ မဟာမိတ်တွေ စုစည်းပြီး အင်အားပြမယ့် QUAD အစီအစဉ်ဘက်ကို ပို အားထားလာမယ့် သဘော တွေ့ရ သလို တရုတ်ကို ဝိုင်းပတ်ထိန်းချုပ်ရာမှာ ပါဝါအပျော့ကို ပိုသုံးပြီး ဟောင်ကောင်၊ တိုင်ဝမ်နဲ့ အရှေ့တောင်အာရှဘက်မှာ မတည်မငြိမ်ဖြစ်အောင် အဖျက်အမှောက်လုပ် ဒုက္ခပေး နေမယ့် အနေအထားရှိပါတယ်။

အာဖဂန်နစ္စတန် အတွက် ရှေ့မှာ ဖြစ်လာနိုင်တဲ့ အလားအလာကို မှန်းဆရရင်တော့ လူမျိုးရေးကွဲပြားမှု နိုင်ငံရေးကွဲပြားမှု များပြားပြီး တရားမဝင် မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့ ထဲထဲဝင်ဝင်ပတ်သက်နေတဲ့ အာဖဂန်ဟာ ဝါးအစည်းပြေပြီး ဒေသတိုင်းမှာ စစ်ဘုရင်တွေကြီးစိုး၊
မြို့ပေါ်မှာ အကြမ်းဖက်လုပ်ငန်းတွေ ကျယ်ပြန့်၊ အစိုးရနဲ့ တာလီဘန်အကြား တိုက်ပွဲတွေ ပြင်းထန်ပြီး လှိုင်းကြီးလေထန်ကာလတွေကို ကျော်ဖြတ်ကြရဦးမှာဖြစ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။

ကိုကိုလှိူင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*