ခြံ

ခြံ
May 22, 2019 Asian Fame
ခြံ

ဆောင်းဦးလည်း ကုန်ခဲ့လေပြီ။ ဆောင်းလယ်လည်း ပျောက်ခဲ့လေပြီ။ ဆောင်းနှောင်းကို သီသီကလေး ပွတ် သပ်ကျော်လွှားကာ နွေဦးပင်သစ်စ ပြုလေပြီ။ ကွန်ကရစ်လမ်းတို့ ရှေး ကထက်ပို၍ အက်ကွဲကြ၏။ ငါးစိမ်း သည်မနှင့် အမဲသားသည်မတို့ ရှေး ကထက် ပို၍ ချွေးစော်နံလာကြ၏။ သားငါးအညှီနံ့နှင့် ချွေးနံ့တို့ ရောစပ် လိုက်သောအခါ မြန်မာစာပါရဂူတို့ အက္ခရာဖြင့် ဖော်ပြခြင်းငှာ မစွမ်း သာသော -၀ါ- ပါရဂူငို အနံ့တစ်မျိုး သည် ဈေးကလေးထဲတွင် လွင့်ပျံ့စ ပြုလေပြီ။

”အဲဒီ ဥသြဆိုတဲ့ အကောင်ဟာ အသံအတော်ကောင်းတာပါလား”

”လေးခွနဲ့ ပစ်သတ်ပြီး ကင်စား ရရင် ကောင်းမှာပဲ”

”အသံကောင်းပေတဲ့အသားက အရသာကောင်းချင်မှ ကောင်းမှာပါ”
ရပ်ကွက်ထဲ ပလတ်စတစ်နှင့် ဘူးခွံလိုက်ကောက်သော ကလေးနှစ် ယောက်က တုတ်တံကလေး ကိုယ်စီ တောင်ယမ်း မြောက်ယမ်း လုပ်ရင်း စကားဆိုလာကြ၏။ ဒီငတိုလေး နှစ်ကောင်သည် ဥသြမြင်ဖူးသူများ မဟုတ်ကြပေ။

”ဟေ့ကောင်”

”ဘာလဲ”

”ဟိုသနပ်ခါးရောင်းတဲ့ အိမ်နား သွားရအောင်”

”ဘာလဲ အော်ဂင်တီးတဲ့ အပျို ကြီးကို သွားချောင်းမလို့လား”

”ဟီးဟီး ..အော်ဂင်မဟုတ်ပါ ဘူး၊ စန္ဒရားပါကွ။ သူက စန္ဒရားတီး ပြီးရင် ရေချိုးတယ်လေကွာ၊ ပေါင် သားဖွေးဖွေးကြီးတွေနဲ့ ပေါင်ရင်းကျ တော့ …”

”တော်စမ်းပါကွာ၊ ငါတို့အရွယ် နဲ့ ဒါတွေ စိတ်ဝင်စားစရာ မလိုပါ ဘူး”
သနပ်ခါးရောင်းသည့် အပျိုကြီး အိမ်ကား ဈေးကလေး၏ ထိပ်တွင် ရှိ၏။ လမ်းမတန်းနှင့် သုံးအိမ်ကျော် လောက်မှာ ဖြစ်၏။ သရက်ပင် ၀ဲဝဲ ကလေးနှစ်ပင်ရှိ၏။ ကျောက်ခွေနှစ် ခွေဆင့်ထားသော ရေချိုးကန်ကို အိမ်ရှေ့မျက်နှာစာတွင် ထုတ်ထား ၏။ ရေချိုးသည့်နေရာတွင် ကျောက် ပြားခင်းထား၏။ ကျောက်ပြားဟုဆို သော်လည်း တကယ့်ကျောက်ပြား တော့မဟုတ်၊ ဘိလပ်မြေလောင်းထား သော အင်္ဂတေပြားသာဖြစ်၏။ ထို ကျောက်ပြားယောင်ဆောင်ထား သည့် အင်္ဂတေပြားပေါ်တွင် အသား ဖြူဖြူ ကိုယ်လုံးတောင့်တောင့် အသက် ၃၃ နှစ်အရွယ် မိန်းမတစ် ယောက် ရေချိုးနေလေ့ရှိ၏။ ထိုင် လျက်ချိုး၏။ ရေတစ်ခွက်နှစ်ခွက်ကို ကုပ်သားဝင်းဝင်းကလေးပေါ်ကနေ လောင်းချမည်။ ထဘီအနီဖျော့ဖျော့ ကလေးကို ရင်ရှားထားရာက နည်း နည်း လျှော့လိုက်မည်။ ဘေးဘီဝဲ ယာတစ်ချက် လေ့လာအကဲခတ်လိုက် မည်။ လူသူလေးပါးရှင်းနေသည်ကို တွေ့လျှင် ရင်အစုံကို အားပါးတရ ပွတ်သပ်မည်- ထိုသို့ပွတ်သပ်နေစဉ် ကြည်လင်တောက်ပသော မျက်ဝန်း ကလေးများကို မှေးစင်းထားမည်။ ထို့ နောက်ရေတစ်ခွက်နှစ်ခွက်ထပ် လောင်းမည်။ ခွေထားသော ဒူးနှစ် ဖက်ကို ခပ်ပြေပြေကလေး ထောင် လိုက်မည်။ ခြေဖမိုးကလေးကနေ စတင်ကာ ပွတ်သပ်လာခဲ့မည်၊ မွေး ညင်းရှိန်းရှိန်းကလေးများ ရှိသည့် ခြေသလုံး၊ ပေါင် …ပြီး …

”ရေချိုးတာတော့ ကြည့်လို့ ကောင်းပါတယ်ကွာ၊ ဒါပေမဲ့ ရေမချိုး ခင် စန္ဒရားတီးနေတာက အတော် ဆိုးတယ်ကွ” ဟု အသားမည်းမည်းနှင့် ငတို လေးက ပြော၏။ ပြောလည်း ပြော လောက်ပါပေ၏။ တခြားသူများ စန္ဒ ရားတီးသောအခါ မိုးခြိမ်းသံ၊ မိုးသီး မိုးပေါက်တို့ ကြွေဆင်းသံ၊ စမ်းရေ စီး ဆင်း ပလုံပွက်သံ၊ တောင်ကျရေတံ ခွန်လိမ့်ဆင်းသံ၊ သစ်ရွက်ကြွေသံ၊ ကျေးငှက်သာရကာ မြည်ကျူးသံ၊ လေပြည်တိုးသံများကို သာယာကြည် နူးစွာ ကြားရတတ်၏။

ထိုအပျိုကြီး၏ စန္ဒရားလက်သံ ကျတော့ ဆီတိုင်ကီများ တောင်ပေါ် က လိမ့်ကျသံ၊ ခွေးအိုကလေးကို ကားကြိတ်သောအသံ၊ ပုလင်းခွံတွေ တင်မောင်းသွားသော ဘတ်စ်ကား စုတ်၏အသံ၊ အရက်သမားတစ် ယောက်ငိုညည်းသံ၊ သွားကိုက်သူတစ် ယောက်၏ တောက်ခေါက်သံ၊ သွပ် မိုးပေါ် ကြောင်နှစ်ကောင်ပြေးသော အသံ၊ ချောင်းဆိုးနေသော – မီးသတ် ကားတစ်စီး အမှတ်တမဲ့ ဥသြဆွဲသော အသံ၊ ဘုန်းကြီးက ကပိ္ပယကို ငေါက် သောအသံ ..အစရှိသော သံထူး သံဆန်းများ ဖြစ်တတ်၏။

တပေါင်းလေသည် ရန်ငါမပြတ် သော နိုင်ငံရေးသမားတစ်ယောက်ကဲ့ သို့ တောမရောက် တောင်မရောက် တိုက်ခတ်နေ၏။ ဈေးကလေးထဲမှာ လူသူရှင်းသွားခဲ့ပြီ။ ပဲပင်ပေါက်ပဲပြား သည်က ပဲပင်ပေါက်ဆေးသော ရေ ဇလုံကြီးကို မနိုင့်တနိုင်မတဲ့ကာ လမ်း ပေါ်သို့ ဗြန်းခနဲ ဗွမ်းခနဲ ပက်ထည့် လိုက်လေ၏။ ငတိုကလေးနှစ်ယောက် ကခုန်ရှောင်၏။ အမဲသားခုံဘက်တွင် နှုတ်သီးတယမ်းယမ်းနှင့် အနံ့ခံနေ သော ခွေးကျိုးတစ်ကောင်ကို တက် နင်းမိတော့မလို ဖြစ်သွား၏။ ခွေးက ယောင်ယမ်းပြီး မာန်ဖီလိုက်၏။ ငတို လေးတစ်ကောင်က သူ၏ ပလတ်စ တစ်ကောက်သော တုတ်ချွန်ဖြင့် ခွေး ဖင်ကို ထိုးလိုက်၏။

”ဟဲ့ ..မသာလေးတွေ နင်တို့ အဖေကို စမနေနဲ့ ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်သွားစမ်း”ဟု ငါးသည်မ ကြီးက အော်၏။ ငတိုလေးနှစ် ယောက် ငါးသည်ကို ဘုကြည့်ကြည့် ကာ။

”ကျွန်တော်တို့ အဖေမဟုတ်ဘူး ဗျ။ အဲဒါ အဒေါ်ယောက်ျား”
ဟုအော်၏။ ထို့နောက် ခြေကုန် သုတ်ကာ ပြေးကြ၏။ ငါးသည်၏ ငါး ခူထုသော တုတ်က ပျံဝဲကာ လိုက်၏။

”ခွေးသားတွေ၊ ငါလိုက်ပွတ် လိုက်ရင် ချုပ်ရိုးတွေ ပြေကုန်တော့ မှာပဲ”
တရော်ကင်ပွန်းရောင်းသော မိန်းမပျိုက ငါးသည်ကို ကြည့်ကာ တခစ်ခစ်ရယ်မောနေလေ၏။
အငြိမ်းစားကြီး ဦးကျော်စော သည် ပင်စင်ထုတ်ရမည့် ရက်ကို တွက်နေ၏။

”ရေစက်ကလည်း ပျက်နေ တယ်။ ခွကျတာပဲ ကွာ။ သမီးရေချိုး တဲ့နေရာကိုလည်း မိုးကာတာလပတ် ကလေးဖြစ်တော့ ကာပေးရဦးမယ်။ အရက်သမားတွေ၊ ပလတ်စတစ် ကောက်တဲ့ ငတိုလေးတွေက အစ ငါ့ သမီးရေချိုးတာကို ချောင်းကြည့်ကြ တာ မမိုက်ဘူး။ ငါ့ညီ ဇာတ်ဆရာရဲ့ စန္ဒရားကြီး ရောင်းပစ်လိုက်ရင်ကော။ ဒါလည်း မဖြစ်သေးပါဘူး။ ညီအစ်ကို လေး နှစ်ယောက်တည်းရှိတာ ဆွေ ခန်းမျိုးခန်းပြတ်ကုန်မှဖြင့်”

ဦးကျော်စော အတွေးမဆုံးလိုက် ..။ ခြံစည်းရိုးဆီမှ ချိုးချိုးချွတ်ချွတ် အသံကြားရ၏။

”ဟေ့ကောင်၊ အဘိုးကြီးကွ”

”ပြောဟေ့ …ပြောဟ”

”ဒီနေ့တော့ ပြေးရတာချည်းပါ လား”

”ခွေးမသား ငတိုလေးတွေ သေ ပေတော့”

ဦးကျော်စောသည် ငတိုလေး နှစ်ယောက်အား လေးခွနှင့် ပစ်လေ ၏။ ငတိုလေးများကို မမှန်။ ရေချိုး သည့် နေရာက ခြံစည်းရိုး အဆွေး လေးကိုသာ ထိမှန်လေ၏။ စည်းရိုး တိုင်တစ်ချောင်းအဆွေးလွန်ရာက ကျိုးကျသွားလေ၏။ ဦးကျော်စော တောက်ခေါက်လိုက်၏။

”တောက် …ဒီတစ်ခါ ပင်စင် ထုတ်ရင်တော့ ခြံစည်းရိုးလုံအောင် ကာမှကို ဖြစ်တော့မှာပါကွာ”

နွေဦးသစ်နေရောင်သည် တစ် စတစ်စ အရှိန်မြင့်၍ လာလေသလား မသိ၊ ဦးကျော်စောရင်ထဲအထိ ကျူး ကျော်ဝင်ရောက်ကာ ငရဲတမျှ ပူပြင်း လာလေသတည်း။

အောင်မှူးဝေ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*