ဆင်ဖြူတော်

ဆင်ဖြူတော်
May 14, 2019 Asian Fame
ဆင်ဖြူတော်

ရင်ခွဲရုံရှေ့မှာ ‘နိဗ္ဗာန်ယာဉ်’ ကို ထိုးရပ်လိုက်သည်။ ကျွန်တော် တို့နှစ်ဦး အံ့သြရိပ်သန်းသွားသည်။ အလောင်းသယ်ယူဖို့ဝင်လာသည့် ‘နိဗ္ဗာန်ယာဉ်’ကို ဆေးရုံရှေ့တံခါးဝမှ မဝင်ရပေ။ ဆေးရုံရောက်ကားတစ် စီးအသာဝင်လို့ရမည့် သာမန်တံခါး ပေါက်မှ ဝင်ရသည်။ ထိုတံခါးပေါက် က ရင်ခွဲရုံနှင့် နီးသည်။ ထိုတံခါး ပေါက်မှ ‘နိဗ္ဗာန်ယာဉ်’ကို မောင်းဝင် လာရတာဖြစ်သည်။

ရင်ခွဲရုံတံခါးမကြီးသည် သော့ ခတ်ပိတ်ထားဆဲရှိသည်။ ပြီးတော့ လူတစ်ယောက်မှ မတွေ့။ အလောင်း သယ်ဖို့ ကျွန်တော်တို့ ‘နိဗ္ဗာန်ယာဉ်’ ကားအလာကို အသင့်စောင့်နေရမည် ဖြစ်သည်။ ”ဆေးရုံမှာ လူသေအ လောင်းကောက်ဖို့ရှိတယ်”လို့ နိဗ္ဗာန် ရွှေပြည်နာရေးအသင်း ဥက္ကဋ္ဌကိုယ် တိုင် ဖုန်းဖြင့်အကြောင်းကြားတာဖြစ် သည်။ ထူးထူးထွေထွေ မေးမြန်းမနေ တော့။ အလောင်းကောက်ရမှာဆို တော့ ရင်ခွဲရုံသို့ တန်းမောင်းခဲ့သည်။ ”သေချာရဲ့လား”လို့ ဒရိုင်ဘာက ကားဘရိတ်ကိုနင်းထားရင်း ပြော သည်။ ”ဆရာကျော်ကိုယ်တိုင် ဖုန်း ဆက်တာ သေချာပါတယ်”လို့ ပြော ရင်း ကျွန်တော်ကွမ်းယာကို ထုတ် လိုက်သည်။ ဒရိုင်ဘာက ကျွန်တော့် လက်ထဲက ကွမ်းတစ်ရာကို လှမ်းယူ လိုက်သည်။ ထို့နောက် လူနာဆောင် တွေရှိရာ လှမ်းကြည့်လိုက်သည်။

”ယောက်ျားလူနာဆောင်ရှေ့ တမာပင်အောက်မှ ဂျာကင်ခပ်နွမ်း နွမ်းနှင့် လူတစ်ဦးအရေးပေါ် ပြေး လာတာကိုမြင်လိုက်သည်။ အလောင်း က ရင်ခွဲရုံ မပို့ရသေးဘူးထင်တယ်” လို့ ဒရိုင်ဘာကပြောပြီး ကွမ်းသွေး ထွေးဖို့ တံခါးကို တွန်းဖွင့်လိုက်သည်။ ကျွန်တော့်ဆီဦးတည်လာနေသည့် ဂျာကင်အင်္ကျီတဖားဖားနှင့် လူကိုရပ် စောင့်နေသည်။ သူ့နောက်က အမျိုး သမီးတစ်ဦးသည် စောင် တစ်ထည်ကို လွှမ်းခြုံရင်း တရွေ့ရွေ့ လျှောက်လာ သည်။ ခေါင်းပေါ်မှာ ဆံပင်တွေက ခပ်ရိုင်းရိုင်းလွင့်ဖွာနေကြသည်။ အသားအရေမှာ သွေးမရှိသလို ဝါဝင်းဖျော့တော့နေသည်။ အားအင် ချိနဲ့နေသော လူနာတစ်ဦးနှင့်တူညီ နေသည်။ ”ဟေး …လူအလောင်း က ဘယ်မှာလဲ ဆေးရုံမှာလား”ဟု ဒရိုင်ဘာက လှမ်းအော်မေးလိုက် သည်။ ငြိမ်သက်တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှာ တုန်ခါသွားသည်။ ကျွန်တော်က သော့ခပ်ပိတ်ဆည်း ထားသော ရင်ခွဲရုံရှေ့တံခါးကို ငေး ကြည့်နေခဲ့သည်။

”ဟိုမှာ …လာနေပြီ”
ကိုဂျာကင်က ကသောကမျော ပြေးလာရင်း နောက်ပြန်လှည့်ကာ စောင်ခြုံထားသည့် လူနာအမျိုးသမီး ကို လက်ညှိုးထိုးပြသည်။ ဒရိုင်ဘာက နားမလည်ဟန်ဖြင့် ထပ်မေးလိုက် သည်။

”အလောင်းက ဘယ်မှာလဲ လူနာဆောင်မှာလား”

”ဟိုမှာလေ လာနေပြီ”

ဘုရားတမိသည်။ ဒရိုင်ဘာက ကျွန်တော့်ဘက်လှည့်ကာ မျက်လုံး ပြူးပြသည်။ ကျွန်တော်ကတော့ နား လည်ရခက်ဟန်ဖြင့် မျက်ခုံးကြီး တွန့် ကွေးပြလိုက်သည်။ ခေါင်းစုတ်ဖွား ကြီးဖြင့် စောင်တစ်ထည်ခြုံလွှမ်းရင်း တရွေ့ရွေ့အားစိုက် လျှောက်လာနေ သည်။ ထိုအမျိုးသမီးကို လက်ညှိုးထိုး ပြနေတာတော့ သေချာနေပြီ။ ကျွန် တော်တို့ နားကြားမှားတာတော့ မဖြစ် နိုင်။ အမြင်လွဲမှားတာလည်း မဟုတ်။ ခက်သည်က လူသေကောင်က လမ်း လျှောက်လာသည်ဆိုတော့ …။

နေ့ခင်းကြောင်တောင် တစ္ဆေ ခြောက်လှန့်နေသည်လား။ မဆိုစ လောက်ကို ကြောက်စိတ်ကလေးဝင် သွားသလိုလို၊ မဟုတ်သေးပါဘူး။ ဒရိုင်ဘာကတော့ ကွမ်းကိုကြိတ်ဝါး နေသည်။ ဒီလူ ဘာလဲ။ အူကြောင် ကြောင် …နားလည်ရခက်ပြီ။ စိတ် ရှုပ်ထွေးမိသည်။ ထိုအမျိုးသမီးတရွေ့ရွေ့လမ်းလျှောက် လာနေတာကိုသာ ငေးကြည့်နေမိသည်။ ဟောင်ကောင် သရဲကားကို အမှတ်ရမိသည်။ အသက်မရှိသည့် လူသေကောင်က နေ့ခင်းကြောင်တောင်မှာ မျက်ဝါး ထင်ထင် လမ်းလျှောက်ပြနေသလို။ တအံ့တသြဖြစ်မိသည်။
သရဲမနောက်မှာ မြွေအရေခွံ အိတ်ကြီးရွက်ပြီး ကလေးတစ်ဦးလက် ကိုဆွဲလျက် အဖွားကြီးတစ်ဦးကပ်ပါ လာသည်။ ပိန်ခြောက်ခြောက်၊ အသားမည်းမည်း အဖွားကြီးသည် လည်း ရှည်ရှည်ကိုင်းကိုင်းအရပ်ကြီး တညွတ်ညွတ်။ ”ဟဲ့ကောင် မြန်မြန် လာ”အော်ငေါက်သံက လွင့်ခနဲ။ ကိုဂျာကင်ကတော့ ကပိုကရို အပြေး တစ်ဝက်။ ထူးဆန်းသော မြင်ကွင်း ကြီးကို ရင်တထိတ်ထိတ်ဖြင့် ကြည့် နေမိသော ကျွန်တော်။ ရင်ခွဲရုံကြီးက သော့တန်းလန်းဖြင့် ကြောက်စရာ ကောင်းအောင် ငြိမ်သက်နေသည်။
ထို့နောက် …

ဂျာကင်ခပ်နွမ်းနွမ်းကြီးကို ဖိုရို ဖားရား ဝတ်ဆင်ထားသည့်လူက လူ သေကောင်တွေကိုတင်သည့် ‘နိဗ္ဗာန် ယာဉ်’အနီးလာပြီး ရေမွန်းနေသည့် ငါးကြီးလို မွန်းကြပ်နေသည်။ ”နေပါ ဦး လူနာလား လူသေလား”ဟု ဒရိုင် ဘာက စိတ်မရှည်သလိုမေးလိုက် သည်။ ထိုလူကလည်း ”လူနာ မဟုတ် ဘူး။ လူသေပါ၊ လူသေ၊ လူသေ”ဟု အမောတကောဖြေသည်။ ထုံးစံ အတိုင်း သရဲမကိုမေးငေါ့ပြနေပြန် သည်။ သရဲမကတော့ ဣနြေ္ဒရရပင် တစ်ဖြည်းဖြည်ချင်း ရွေ့လျားသွားလာ နေသည်။ ဆံပင်ဖိုရိုဖားရားတွေ လွင့်ဖွာဝဲလွင့်နေသည့်ကြားမှ မျက် ဝန်းတွေက ဝေဒနာလား၊ သောက လား။ ခံစားနေရဟန်ဖြင့် မလှမ်းချင် လှမ်းချင်လှမ်းလာနေသည်။ သူကား နိဗ္ဗာန်ယာဉ်နားရောက်တော့ မျက် လွှာလေးချပြီး ရပ်နေလိုက်သည်။

”ဘယ်မှာလဲ..အလောင်းက”

”ဒီမှာလေ …ဒီမှာ …”

ထိုအမျိုးသမီးက ခြုံလွှမ်းထား သော စောင်အတွင်းကို ပုတ်ပြသည်။ ရပ်ငေးနေသော ကိုဂျာကင်က ရုတ် တရက် အသက်ဝင်လာသလို သူ့နဖူး ကို လက်ဖနောင့်နှင့် ပုတ်လိုက်သည်။ ”ကျုပ်က အလောသုံးဆယ်မို့ ဆရာ တို့နားမရှင်းဖြစ်သွားတာထင်တယ်။ ဒီလိုဗျ …ရွာမှာ ကျုပ်အမျိုးသမီး ကလေးမီးဖွားတော့ ပေါင်ချိန်မပြည့် ဘူးဖြစ်နေတယ်။ သားဖွားဆရာမ စိတ်မချလို့ ကလေးကို မြိုင်ဆေးရုံမှာ သွားပြဆိုလို့ လာခဲ့တာ။ ကလေးက ရောက်ရောက်ချင်း ဆုံးသွားတယ် လေ။ သူနာပြုဆရာမတွေက ကလေး အလောင်းကို ရင်ခွဲရုံပို့မနေဘူး။ ရင် ခွင်ထဲထားပြီး လူမမြင်အောင် စောင် ခြုံထားပြီး နာရေးကားကို စောင့်နေ ဆိုလို့ပါဗျာ” လို့ ခြေဟန်လက်ဟန်နှင့် ရှင်းပြသည်။
သြော်…အခုမှ ရှင်းသွားသည်။

”ရက်သားလေးပဲဗျာ။ ဒီမှာ မြှုပ် လိုက်ရောပေါ့”လို့ ဒရိုင်ဘာက သေချာနားထောင်ပြီး အကြံပေးလိုက် သည်။ ”ကျွန်မကလည်း သားလေးကို ဒီမှာမထားခဲ့ချင်ဘူး…”လို့ က လေးအလောင်းကို ပွေ့ပိုက်ထားသည့် အမျိုးသမီးက ညည်းပြောပြော သည်။ ကိုဂျာကင်က ”ဒီမှာ မြုပ်ထား ခဲ့ဖို့ဆိုတာ ဆရာရယ် ကျင်တူးတဲ့ သူတွေ အလောင်းတစ်လောင်းကို ကျင်းတစ်ကျင်းတူးရင် သုံးသောင်းဆို လားများ။ ကလေးကို ဒီမှာ မြှုပ်ပစ် ခဲ့တယ်ပဲ ထားပါတော့။ ကျုပ်တို့ မိသားစု ရွာပြန်ဖို့ကျတော့ ခက်နေ ပြန်ရောလေ။ အပြင်ကားလည်း ခေါ် မသွားနိုင်ဘူး။ ဆရာတို့အသင်းကား ပဲ အကူအညီတောင်းရတာ…”လို့ ဂျာကင်ကြီးတကားကားဖြင့် ရှင်းပြ သည်။ အဖွားကြီးက ”ငါ့သားအဆင် ပြေရဲ့လား”ဟု အနားလာရပ်ရင်း ပြောသည်။ ”ဟုတ်အမေ”လို့ သူက ခေါင်းညိတ်ပြသည်။ ဒရိုင်ဘာက ကားနောက်ပိတ်ကို ဆွဲဖွင့်လိုက်ပြီး ”ဒါဆို တက်…တက် …”ဟု ပြောသည်။

သူတို့မိသားစုကြီး နိဗ္ဗာန်ယာဉ် ပေါ် တက်ကြသည်။ အမျိုးသမီးက လူသေအလောင်းတွေကို ထည့်ပီး သည့် စတီးလက်ကိုင်ဘန်းကြီးပေါ် က ကလေးအလောင်းကို ပွေ့ပိုက် ရင်း တက်ထိုင်လိုက်သည်။

ရွာရောက်အောင် နိဗ္ဗာန်ယာဉ် ကားကို အတော်မောင်းရသည်။ လမ်းကကျဉ်းပြီး ကြမ်းသဖြင့် ထိန်း မောင်းနေရသည်။ ၁ဝ မိုင်တော့ အနည်းဆုံးရှိလိမ့်မည်ထင်သည်။ သဲ ချောင်းတွေကို ဖြတ်မောင်းရသလို လှည်းလမ်းတွေလည်း ဖြစ်အောင် မောင်းရသည်။ ကုန်းဆင်းကုန်းတက် တွေကလည်းများမှများ။ သည်လိုနှင့် သူတို့ပြောသည့် ‘ယာပြင်ကြီး’ဆိုသည့် ရွာကိုရောက်သည်။ ရွာထဲဝင်သည့် ရွာလယ်လမ်းရောက်တော့ ကိုဂျာ ကင်က ကားကိုရပ်ခိုင်းသည်။

”ဆရာ ကားကိုဒီမျာ ရပ်ပေးပါ”

”ကျွန်တော်တို့ အိမ်ပေါက်ဝ အထိ လိုက်ပို့ပေးမယ်” လို့ ကျွန်တော် က ခေါင်းရှေ့မှ မှန်ကာချပြီး ပြတင်း ပေါက်မှ ခေါင်းထုတ်ကာ ပြောလိုက်ရ သည်။

”မဟုတ်ဘူးဆရာ။ ကျုပ်တို့နေ တာ တောတိုက်ထဲမှာရယ်။ ဝေးသေး တယ်။ ကားဝင်လို့လည်းရမယ်မထင် ဘူး။ ရပါတယ်ဆရာ။ ကျုပ်တို့ခြေ ကျင်ဆက်သွားပါ့မယ်”လို့ပြောရင်း ကားနောက်ပိတ်ပေါ်မှ ခုန်ဆင်းလိုက် သည်။ ကျွန်တော်က ကားနောက်ပိတ် ကို ဖွင့်လှပ်ပေးလိုက်သည်။

”ဖြေးဖြေး …ဖြေးဖြေးဆင်း”

”ဆရာ ကားခလေး ဘယ် လောက်လှူရမလဲ”လို့ သူကပြော သည်။ အသေကောင်ကလေးကြီးကို ပွေ့ပိုက်ရင်း စောင်ပါးပါးတစ်ထည်

ခြုံထားသည့် သူ့အမျိုးသမီးကလည်း စိတ်ဝင်စားဟန်ဖြင့် သူ့အနီးလာရပ် သည်။ အဖွားကြီးက မြွေအရေခွံ အိတ်ကြီးကို ခေါင်းပေါ်ရွက်ပြီး ရပ် ငေးနေသည်။ ကျွန်တော်က မျက်ခုံးတွန့် ပြီး စဉ်းစားဟန်ပြုလိုက်သည်။ မိသား စု ဝတ်စားဆင်ယင်မှုအရ စီးပွားရေး လွမ်းလျ ပင်ပန်းနေဟန်ရှိသည်။ ထို့ ကြောင့် အနည်းဆုံး တစ်သောင်းခွဲ၊ နှစ်သောင်း အလှူငွေကောက်ခံရမည့် ခရီးတစ်ခုကို ငဲ့ညှာသောအားဖြင့် ”ခင်ဗျားစေတနာ အခြေအနေပေး အရ လှူချင်သလောက် လှူပါ ဗျာ”ဟုသာ ပြောလိုက်သည်။ စိတ် အိုက်နေဟန်ရှိသော သူတို့မိသားစု စိတ်ကျပ်တည်းမှုတွေ အနည်းငယ်ဖြေ လျှော့သွားဟန်တူသည်။

သူသည် ဂျာကင်အင်္ကျီအိတ်ထဲ ကို အရေးတကြီး လက်နှိုက်လိုက် သည်။ ဟိုစမ်းသည်ဖော်နှင့် ပျာယာ ခတ်နေပြန်သည်။ ရှားရှားပါးပါး ငွေ ငါးထောင်တစ်ရွက်ပဲ ထွက်လာ သည်။ ထပ်ရှာသည်။ ”ရှာမနေနဲ့ လေ။ အပိုပဲ။ ဒီငါးထောင်တန်တစ် ရွက်ကျန်တဲ့ဟာ …”လို့ သူ့မိန်းမ က စိတ်မရှည်သလို ပြောလိုက်သည်။

”အေးပါဟာ ရှိများရှိသေးသ လားလို့ပါကွာ”လို့ ရှက်အမ်းအမ်းဖြင့် ပြောရင်း သူက ‘ဟက်ခနဲ’ ရယ်နေ သည်။ သူနှင့်လိုက်လျောပြီး မည်သူမျှ လိုက်မရယ်ပေ။ ”ကျုပ်မှာဒါပဲ ရှိတော့တယ်”ဟု တိုးတိုးညင်းညင်း လေးပြောသည်။ အဖွားကြီးက သူ ဆုပ်ကိုင်ထားသော သူ့လက်ထဲက ‘ဆင်ဖြူတော်’တစ်ကောင်ကို ငုံ့ကြည့် ပြီးမှ အကြည့်ကို လွဲဖယ်သွားသည်။ သူထုတ်ပြသော ဆင်ဖြူတော်တစ် ရွက်ကို ကျွန်တော်ငုံ့ကြည့်မိသည်။ ”ဟင်း ကလေးက ဆုံးသွားလို့သာပေါ့” ဟု သူ့အမေက အပြစ်တင်သည့် ဟန်ဖြင့် ပြောလိုက်သည်။ သူ့ဘက်က ခွန်းတုန့်မပြန်ပေ။ သူ့ဘက်ကဘာမှ ပြန်ပြောစရာမရှိ။ ရှိနေသည်မှာ ‘ဆင်ဖြူတော်တစ်ကောင်’။

”ကလေးအတွက် ဘယ်လောက် ကုန်နေပြီလဲ။ အမေသိပါတယ်”လို့ သူ့ ခေါင်းကို တဗျင်းဗျင်းကုတ်ရင်းပြော သည်။ ကျွန်တော်နားလည်လိုက်သည်။

”ကဲ လှူမနေနဲ့ဗျာ။ ကျွန်တော် တို့ အခမဲ့ကူညီတာလို့ သဘောထား လိုက်ပါဗျာ”

”ဟာဗျာ … မဟုတ်တာ ဆရာရယ်”လို့ သူက အားနာဟန်ဖြင့် သူဆုပ်ကိုင်ထားသော ‘ဆင်ဖြူတော်’ ကို ကျွန်တော့်ထံ အတင်းထိုးပေး သည်။ ကျွန်တော်က အတင်းထိုးပေး တာကို မယူပါ။ ”ဘာမှမဖြစ်ဘူး” လို့ ပြောလိုက်ရင်း ကားရှေ့ခေါင်းတံခါး ကို ဖွင့်ရင်း ဟန်ပြင်တော့ ကျေးဇူး ပါဆရာ။ အဆင်ပြေရင် ဆရာတို့ အသင်းကို ဒီထက်မက လာလှူပါ့ဦး မယ်”လို့ ပြောသည်။ ”ကဲသွားပြီ နော်”လို့ ကျွန်တော်က လက်ပြနှုတ် ဆက်သည့်တိုင် သူသည် ဆင်ဖြူတော် တစ်ကောင်ကိုလက်ထဲမှာ ဆုပ်ကိုင် ထားဆဲရှိသေးသည်။

သို့ဖြင့် …

သူတို့မိသားစုသည် ကားနောက် ကဖုန်လုံးတွေကြား မှုံဝါးပျောက်ကွယ် သွားတာကို နောက်ကြည့်မှန်ထဲမှာ မြင်နေရသည်။ ထန်းတောညိုတွေ ကြားထဲက သူတို့ရွာကလေးသည် လည်း ဝေးကွာကျန်ခဲ့ပြီ။ ထို့နောက် ကလေးအလောင်းကို ပွေ့ပိုက်ထား သည့် သူ့ဇနီးသည်လည်း ပျော့တော့ အားနည်းသော ခြေလှမ်းတွေဖြင့် တောတိုက်သို့ ဦးတည်ကာ ဖြေးဖြေး ချင်း ရွေ့လျားနေမည်။ အဖွားကြီးက မြွေအရေခွံအိတ်ကြီး ရွယ်သယ် လျက်။ ဆင်ဖြူတော်တစ်ကောင် ပိုင် ဆိုင်သောသူက ရှေ့က ဦးဆောင် လျက်။ သူတို့ ကျက်စားရာ တော တိုက်က ဘယ်လောက်ဝေးမည်မသိ။

သြော် ရာဇဝင်ထဲမှာ ‘ဆင်ဖြူ တော်’ပိုင်သည့် မင်းတြားကြီးတွေ ဘုန်းတန်ခိုးအာနုဘော်ကြီးမားလိုက် သည်ဖြစ်ခြင်း။ ဥပဒေကဲ့သို့ အာဏာ တည်သော အမိန့်အမှတ်တွေ ထုတ် ပြန်ခဲ့သော စစ်ခေါင်းဆောင်ကြီး တွေသည်လည်း ‘ဆင်ဖြူတော်’အရူး ထခဲ့ကြဖူးသည်။ ဆင်ဖြူတော်တစ် ကောင်သာ ပိုင်ဆိုင်သော ကိုဂျာကင် သည်လည်း ‘တောတိုက်’ရွှေနန်းတော် သို့ တဖြေးဖြေးရွေ့လျားနေလေသည်။

ဒါပေမဲ့ …
ဆင်ဖြူတော်ချင်း မတူပါလေ..

ညီညီအောင်(မြိုင်မြို့)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*