ပဋိပက္ခ

ပဋိပက္ခ
April 11, 2019 Asian Fame
ပဋိပက္ခ

တစ်နေ့က မြို့နဲ့နီးသော ရေတံ ခွန်တောင်ပေါ်ကို အကြောင်းကိစ္စ နှင့် ရောက်ရှိသွားသည်။ သွားသော ခရီး၊ တွေ့လိုသော ပုဂ္ဂိုလ်နှင့်တွေ့ခဲ့ ပြီးသည်နှင့် တောင်ပေါ်မှ ပြန်ဆင်း လာခဲ့သည်။

တောင်ပေါ်အတက်တုန်းက ရောက်လိုမှုကြောင့် ဘေးဘီဝဲယာကို မကြည့်ဖြစ်။ အပြန်တွင် ကြည့်လေ ရာရာတို့က သာယာလှပနေသည့် အပြင် အေးငြိမ်းဆိတ်ငြိမ် နားနေချင် စဖွယ်ဖြစ်နေ၍ တောင်ဆင်းလမ်း တစ်နေရာ၏ ကမ်းပါးယံဖဲ့တည် ဆောက်ထားသော တဲငယ်လေးထဲကို ဝင်ခွင့်တောင်း၍ ဝင်ထိုင်လိုက်သည်။ သည့်အပြင် အရိပ်အကဲကြည့်ရုံဖြင့် ကိုယ်ဝင်ခဲ့သော တဲငယ်လေးက ကျေးလက်လက်ဖက်ရည်ဆိုင်လေး ဖြစ်နေပြန်သည်။

ဆိုင်အတွင်း အဒေါ်ကြီးတစ်ဦး က ဖွယ်ဖွယ်ရာရာ ဧည့်ခံစကားပြော သည်။ မလှမ်းမကမ်းမှာရှိနေသော ဦးလေးကြီးကမူ ပက်လက်ကုလား ထိုင်ပေါ် ကျောမှီ၍ရှိ၏။ သူသည် တူရူ၌ရှိသော ရေသဖန်းပင်ကြီးကို ကြည့်နေသည်။ အဆိုပါ ရေသဖန်း ပင်ကြီးသည် ကျွန်တော်ထိုင်နေသော တဲ၏ မျက်နှာချင်းဆိုင်ကမ်းပါးယံ ပေါ်တွင် အမြစ်တွယ်၍ အတော်အ တန်သက်တမ်းရင့်နေသောအပင်ဖြစ် သည်။ အသီးများလည်း ဝေဆာကာ အရွက်များကြားထဲကလည်း တချွတ် ချွတ်တဖြောင်းဖြောင်းအသံများ ကြားနေ၏။ အကြာကြီးကြားနေသည် တော့မဟုတ်၊ ပေါ်လာလိုက်၊ ပျောက် သွားလိုက်နှင့် ဖြစ်သည်။

သည်အချိန် ပက်လက်ကုလား ထိုင်ပေါ်ထိုင်နေသော လူကြီးက သူ့ လက်ထဲရှိ လေးခွကို ဘယ်ညာအား ဖြင့် ဆွဲကာ မျက်နှာချင်းဆိုင်ရေသ ဖန်းပင်အုပ်ထဲသို့ လောင်စာလုံးပစ် ထည့်လိုက်သည်။ အပင်ပေါ်က တဗြောဗြောတသောသောနှင့် ဆူညံ အော်ဟစ်ပြေးလွှားကြသော မျောက် ကြီးမျောက်ရွယ်မျောက်ငယ်ကလေး များ တောင်ကမ်းပါးယံမှတစ်ဆင့် လျှိုထဲကို ဝင်ပြေးသွားကြသည်။

သည်မြင်ကွင်းကို မြင်လိုက် သည်နှင့် ကျွန်တော်လက်ဖက်ရည် ဆက်မသောက်တော့ဘဲ သည်လူကြီး တိရစ္ဆာန်တွေကို လုပ်မှလုပ်ရက်ပလေ ရယ်လို့တွေးရင်း ကျွန်တော်က ”လေး လေး မျောက်တွေ သနားပါတယ်ဗျာ။ သူတို့ခမြာ သဘာဝအရ သဘာဝ အတိုင်း နေနေကြတာကိုး”ဟု ရင်ထဲ ရှိသည့်အတိုင်း ပြောပစ်လိုက်သည်။

ပက်လက်ကုလားထိုင်ပေါ်က ဦးလေးကြီး ကျွန်တော့်ကို ခပ်စိမ်း စိမ်းမျက်နှာဖြင့်ကြည့်ရင်း ခါးကိုမတ် ကာ သူ့လက်ထဲကလေးခွနှင့်လောက် စားလုံးကို အသင့်ပြင်ထား၍ မျက် နှာချင်းဆိုင်ကမ်းပါးယံရှိ ရေသဖန်း ပင်ကိုကြည့်ရင်း ”ငါ့တူကမှ မသိ သေးတာ၊ သည်မျောက်တွေက အတော်ဆိုးတာ၊ တစ်နေ့ကလည်း တောင်ပေါ်က ဘုန်းကြီးတစ်ပါးဝယ် ထားတဲ့ ဆိုင်ကယ်အသစ်တစ်စီး၊ အဲ ဒီထဲက အကြီးဆုံးအကောင်က အဲဒီ ရပ်ထားတဲ့ဆိုင်ကယ်ပေါ်တက် နောက်ကြည့်မှန်ကို လက်နဲ့ကိုင် သူ့ ခန္ဓာကိုယ်ကြီးနဲ့ ဆွဲလှဲလိုက်တာ ဆိုင် ကယ်အသစ်လေး ဂျွမ်းထိုးမှောက်ခုံ လဲပါလေရောလားကွ”။

”ဟိုမှာ ဟိုမှာ”ဆိုပြီး ဦးလေး ကြီးက ရေသဖန်းပင်ခွဆုံကို လက် ညှိုးထိုးပြသည်။ ကြည့်လိုက်တော့ မျောက်ခပ်ကြီးကြီးတစ်ကောင်တွေ့ရ သည်။ သစ်ပင်ခွကြားတွင် နောက် ကျောမှီ၍ ကျွန်တော်နှင့် စကားပြော နေသော လူကြီးကို ကြည့်နေသည်။ ကြည့်နေသည်ကလည်း ပေစောင်း စောင်းနှင့်ဖြစ်သည်။ သူ့ရဲ့ ခြေ ထောက်နှစ်ချောင်းကို တစ်ဖက်သစ် ကိုင်းပေါ် ပစ်တင်ထား၍ မခို့တရို့ လုပ်နေပြန်သည်။

”တူမောင် …အဲဒီအကောင် ပဲ၊ သူက ဦးဆောင်လာပြီး ရေသဖန်း သီးချိန် ရေသဖန်း၊ သြော် …ဒါနဲ့ ပြောရဦးမယ်”၊ ဦးလေးကြီးက ပြော လက်စစကားကိုဖြတ်၍ ကျွန်တော့် ဘေးတန်းလျားခုံတွင် ထိုင်၍နေ သော အဒေါ်ကြီးကို မေးငေါ့ရင်း ”ဟဲ့ …မယ်သင် နင်ပြောလိုက် စမ်းဟာ၊ သင်္ဘောပင်နဲ့ ငှက်ပျောကိစ္စ ကို”ဆိုပြီး ဦးလေးကြီးက တစ်ဖက် ကမ်းပါးယံက ရေသဖန်းပင်ကိုသာ စူးစိုက်၍ကြည့်ရင်း လေးခွကို အဆင် သင့်ပြန်ထားပြန်လေသည်။

ကျွန်တော့်ဘေးက အဒေါ်ကြီး ဒေါ်သင်က ”ဒီလိုပါ ငါ့တူရေ ..ဟိုး ဟို ငှက်ပျောပင်မြင်ရဲ့ ဟုတ်လား၊ ငှက်ပျောသီး သီးတုန်းကပေါ့။ အဲဒီ မျောက်နဲ့ သူ့အဖော်အပေါင်းတွေ တစ်အုပ်တမကြီး တောင်ပေါ်က ပြေးဆင်းလာပြီး ငှက်ပျောကိုင်းခိုစီး တဲ့အကောင်နဲ့ ငှက်ပျောပင်တွန်းလှဲ တဲ့သူနဲ့။ အို …မပြောပါနဲ့တော့ ငါ့တူရယ် ခဏအတွင်းပဲ ငှက်ပျော တစ်ခိုင်လုံးမှာရှိတဲ့ စားကောင်းတဲ့အ သီးမှန်သမျှ ကုန်ပါလေရောလား”။

အဒေါ်ကြီးက သူ့လက်ထဲရှိ ဆေးပေါ့လိပ်ကို မီးညှိ၍ ဆက်ဖွာရန် လုပ်နေစဉ် ”ဟိုမှာကြည့် ငါ့တူ”၊ သဖန်းပင်ပေါ် လက်ညှိုးထိုးပြနေသူ ဦးလေးကြီးကို ကြည့်ရင်း ရေသဖန်း ပင်ပေါ်က မျောက်ကြီးက ဘယ်အ ချိန်က ဘယ်တုန်းက ဆေးပေါ့လိပ် အတို ရထားမှန်းမသိ။ အဒေါ်ကြီး ဆေးလိပ်ဖွာသလို (ဆေးလိပ်မှာ မီး မရှိ)ဟန်ပါပါ ဖွာပြနေသည်။ အဒေါ် ကြီးက ”ကဲ …ငါ့တူ အဲဒီမျောက် ပဲ၊ နေ့တိုင်းသူ ပြန်တယ်လို့ကို မရှိ ဘူး။ အဒေါ်တို့ မိသားစုကိုပဲ နှောင့် ယှက်နေတာလေ။ ဟိုတစ်လောက လည်း အဒေါ်ချွေးမက ဟောဟိုနား က တောင်စောင်းဘေး ဘုန်းကြီးတွေ သွားသွားလာလာကောင်းအောင် လှေခါးထစ်လေးတွေ လုပ်မလို့ ဘိ လပ်မြေနယ်နေတုန်း မီးဖိုဆောင်ထဲ က ရေနွေးအိုးဆူညံကြားလို့ ရေနွေး ဝင်ငှဲ့နေတာ၊ အဲဒီကောင် …အဲဒီ ကောင်ပဲ ပေါက်ပြားကိုင်ပြီး ဘိလပ် မြေဝင်နယ်တာ ပွစနောင်းကိုခတ်လို့ ငါ့တူရေ၊ ဘိလပ်မြေတစ်အိတ် ကုန် ပါလေရောလား၊ အဲဒါမင်းဦးလေးက လေးခွနဲ့ လှမ်းပစ်တော့ လူကြား မကောင်း သူကြားမကောင်း သူက စအော်တာ၊ သူ့မိသားစုတွေနဲ့ အမျိုး နွယ်တွေ ငယ်သံပါအောင် အော် လိုက်ကြတာ၊ တစ်တောလုံး တစ် တောင်လုံး ဝက်ဝက်ကွဲပါပဲကွယ်”။

ကျွန်တော်သောက်လက်စလက် ဖက်ကို တစ်ငုံတစ်ဖွာသောက်နေရင်း ”ကဲကွာ ..ကဲကွာ ..” ”ဖန်း .. ဖန်း”ဆိုတဲ့အသံတွေနဲ့အတူ ဦးလေး ကြီးကုလားထိုင်ပေါ်ကထကာ ဒေါ နှင့်မောနှင့် ရေသဖန်းပင်ကို ပစ်နေ ပြန်သည်။ ကျွန်တော်သည် ထိုမိသား စုကို ကြည့်နေမိသည်။ ရှေးရိုးလူကြီး များအတိုင်း ပြောဆိုပုံပွင့်လင်းသည်။ ပကတိသဘောရိုးအတိုင်း ပြောရိုး ပြောစဉ်နှင့် ဆွေမျိုးလို မိတ်ဆွေလို ရင်းရင်းနှီးနှီးနှင့် ရှင်းပြနေသည်။ ကျွန်တော်ကတော့ နားထောင်ရင်း မကြာမကြာ ရေသဖန်းပင်ကိုသာ သူတို့ မိသားစုအတိုင်း ကြည့်နေဖြစ် သည်။

ဦးလေးကြီး၏ ချွေးမဖြစ်သူက မလှမ်းမကမ်းချိုင့်ဝှမ်းက စိမ့်စမ်းရေ ကို ပလတ်စတစ်ပုံးနှင့်ခပ်နေသလို သားဖြစ်သူက တောင်ပေါ်က ချိုး ခုတ်လာသော ထင်းကိုင်းခြောက်များ ကို မီးဖို၏ အဖီအောက်တွင် သွင်း နေသည်။ အဒေါ်ကြီးက ကျွန်တော် ပေးလိုက်သော လက်ဖက်ရည်ဖိုးပြန် အမ်းရန် ပိုက်ဆံအံဆွဲရှိရာ ထွက်သွား သည်။ ဦးလေးကြီးက ကျွန်တော့်ကို ”နောက်လည်း ကြုံရင် ဝင်ထိုင်ပေါ့။ ဘာမှမသောက်လည်း စကားစမြည် တွေ ပြောကြဆိုကြတာပေါ့ကွာ”ဆို ပြီး ဖိတ်ခေါ်သည်။ ဧည့်ဝတ်စကား ပြောနေသည်။ သို့သော်လည်း ရေ သဖန်းပင်ပေါ်ကို ကြည့်၍ ပြောနေ သည်သာ ဖြစ်သည်။

အဒေါ်ကြီးက ”ရော့ငါတူ ပြန် အမ်းငွေ၊ မင်းလေးလေးပြောသလို ကြုံရင်ဝင်ပေါ့ကွယ့်”။ ကျွန်တော်က ပြန်ရန် အားလုံးကို နှုတ်ဆက်တော့ ”အေးပါကွယ် ဖြည်းဖြည်းဆင်း၊ ဆိုင် ကယ်ကို ဂီယာကြီးနဲ့ဆင်းကွယ့်။ ဦး လေးက ဒီအိမ်မှာ မျောက်စောင့်လုပ် နေရတာနဲ့ ဘာမှမယ်မယ်ရရ မလုပ် ရပါဘူးကွာ၊ ဟောပြောရင်းဆိုရင်း ဟိုမှာကြည့်၊ ဟိုအကောင်ကြီးရဲ့ မိသားစုတွေလေ”။

ရေသဖန်းပင်ပေါ်က ကိုင်းဖျား ကိုင်းနားအတော်များများတွင် မျောက်တွေက တခွီးခွီးတကွကွနဲ့ ဦး လေးကြီးတို့ အိမ်ဖက်ကို ဝိုင်းကြည့် နေကြသလို ကျွန်တော့်ကိုပါ တချို့ သောမျောက်တွေက ကြည့်နေပြန် သည်။ တောင်ကမ်းပါးယံ ဟိုဘက် အမြင့်မှာမို့ အန္တရာယ်မရှိလောက်။ သူတို့နဲ့ ဝေးသည်လေး။ သို့သော် ခပ် လန့်လန့်တော့ဖြစ်မိသည်။ အဘယ် ကြောင့်ဆိုသော် တစ်ဖက်ရေသဖန်း ပင်ပေါ်က ဦးဆောင်မျောက်သည် ဦးလေးကြီးကို ခပ်စိမ်းစိမ်းကြည့်နေ သလို ခွကိုင်ထားသော ဦးလေးကြီး က ရေသဖန်းပင်ပေါ် မခို့တရို့ပြန် ကြည့်နေသည်က မျောက်နဲ့လူတို့၏ ပဋိပက္ခဖြစ်တည်မှုအဓွန့်ရှည်ဦးမည် ဟု ထင်သည်။

ကျွန်တော်ဆိုင်ကယ်ပေါ် ထိုင် ဖြစ်လိုက်သည်။ စက်နှိုးသည်။ ဦးထုပ် ဆောင်း၍ အတွေးတစ်ခုဝင်လာသည် နှင့် မေးဖြစ်လိုက်သည်။ ”ဦးလေးတို့ မိသားစုက သည်တောင်ပေါ်မှာ ဓား မဦးချနေခဲ့တာကြာပြီပေါ့နော်”။ ”မ ဟုတ်ဘူးကွယ့် ဦးလေးတို့ သည်နေ ရာကို နယ်ပိုင်ဘုန်းဘုန်းတစ်ပါးကို လျှောက်ပြီး နေတာ၊ ခြောက်လပဲရှိ သေးတာ ငါ့တူ။ ဦးလေးတို့က တောင်ခြေမှာရှိတဲ့ ရွာကပါ။ အဲဒီမှာ စီမံကိန်းမြေမလွတ်လို့ သည်တောင် ပေါ် ရွှေ့လာကြတာပါပဲ”။

ထိုအချိန် တဲ၏ မျက်နှာချင်း ဆိုင်ကမ်းပါးယံပေါ်ရှိ သက်ရင့်သ ဖန်းပင်ပေါ်က မျောက်တွေသည် ကိုင်းဖျားကိုင်းနားတွေပေါ်ကနေ သံ ပြိုင်အော်ဟစ်နေကြပုံက တော်လဲသံ ပမာအလား။

သျှိုင်းရဲဝံ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*