ကျွန်တော်ရေးခဲ့သောစာအုပ်များ(၂၇)

ကျွန်တော်ရေးခဲ့သောစာအုပ်များ(၂၇)
April 3, 2019 Asian Fame
ကျွန်တော်ရေးခဲ့သောစာအုပ်များ(၂၇)

ကျွန်တော်ရေးသော စာအုပ်များ တွင် အမည်ရှည်ရှည်ပေးလိုက် သော စာအုပ်များထဲက တစ်အုပ်မှာ မျက်နှာချင်းလမ်းမှာ ဆုံစို့ကွယ်မှ သည် အင်တာနက်ချက်တင်အထိ ဘာသာစာပေဆောင်းပါးများ ဆို သော စာအုပ်ဖြစ်သည်။ ဆောင်းပါး တစ်ပုဒ်နာမည်ကို စာအုပ်နာမည် အဖြစ် သုံးထားခြင်းဖြစ်သည်။ ဆောင်းပါး ၇၅ ပုဒ်စုစည်းပြီး ၂ဝ၁၅ ခုနှစ်တွင် စိတ်ကူးချိုချိုစာပေက ထုတ်ခဲ့ပါသည်။
ဘာသာစာပေဆောင်းပါးများ ဟု ခေါင်းစဉ်တပ်ထားသော်လည်း ဘာသာစကားအကြောင်း ဆောင်း ပါးက အပုဒ် ၂ဝ နီးပါးလောက်သာ ပါဝင်ပါသည်။ အများစုမှာ စာပေ ဆောင်းပါးများဖြစ်သည်။ သို့သော် ထိုဘာသာစကားဆောင်းပါးများက ကျွန်တော်၏ ဘာသာစကားလေ့လာ မှုအတွေ့အကြုံကို တစေ့တစောင်း ဖော်ပြနေပါသည်။

စာအုပ်ကို ဖွင့်လိုက်တော့ စကားအကြောင်းစာအကြောင်း ဆောင်းပါးကို တွေ့လိုက်ရသည်။ ထို ဆောင်းပါးကို မြင်လိုက်သည်နှင့် ကျွန်တော်၏ စိတ်အာရုံသည် လွန် ခဲ့သော နှစ် ၅ဝ ဆီသို့ ပြန်ရောက် သွားသည်။ ကျွန်တော် ဘာသာဗေဒ ပညာရပ်ကို စတင်လေ့လာရသော အချိန်က မြန်မာစာအသင်းက ထုတ် ဝေသော မြန်စာဂုဏ်မဂ္ဂဇင်းမှာ ရေး သောဆောင်းပါးဖြစ်သည်။ အမှတ် တရအကြောင်းမှာ ကျွန်တော်မဟာ ဝိဇ္ဇာတန်းစတက်ရသော ၁၉၆၅- ၆၆ ပညာသင်နှစ်မှာ ဘာသာဗေဒ (Linguistics) ဘာသာရပ်ကို စသင် ရခြင်းဖြစ်သည်။ ထိုနှစ်တွင် ကျွန် တော်တို့၏ ဆရာဆရာမများဖြစ် သော ဆရာကြီးဦးရွှေသွင် (ပါမောက္ခ ငြိမ်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာ ရှင်အဖွဲ့၊ အလုပ်အမှုဆောင်အဖွဲ့ဝင်၊ ကွယ်လွန်)နှင့်ဇနီး ဆရာမကြီး ဒေါ် ခင်ခင်အေး (မြန်မာစာဌာနမှူးငြိမ်း၊ ရန်ကုန်စက်မှုတက္ကသိုလ်)တို့သည် အင်္ဂလန်နိုင်ငံ လန်ဒန်တက္ကသိုလ်မှ ဘာသာဗေဒ သဒ္ဒဗေဒ မဟာဝိဇ္ဇာ ဘွဲ့များ ဆွတ်ခူးပြီး ပြန်ရောက်လာ သည်။ မဟာဝိဇ္ဇာတန်းမှာ ဆရာကြီး က သဒ္ဒဗေဒ၊ ဆရာမကြီးက ဘာသာ ဗေဒသင်ကြားပို့ချပေးသည်။ ထိုနှစ် မှာ အသစ်စသင်ရသော ထိုဘာသာ ရပ်များကို အလွန်စိတ်ဝင်စားသည့် အတွက် ဆရာ ဆရာမတို့ ညွှန်ပြ သည့် စာအုပ်များကို ရှာဖွေလေ့လာ သည်။ ၁၉၆၇ ခုနှစ်မှာ မဟာဝိဇ္ဇာ ဘွဲ့အတွက် ကျမ်းပြုတော့ ကျွန်တော် က မြန်မာဓလေ့သုံးစကားများကို သု တေသနပြုသည်။ ထိုအချိန်တွင် ဘာ သာဗေဒကျမ်းများက ညွှန်ပြသော ဘာသာစကားသဘောတရားများကို တော်တော်ကလေးခေါက်မိနေပါပြီ။ ထို့ကြောင့် ထိုနှစ်တွင် ထုတ်ဝေသော မြန်စာဂုဏ်မဂ္ဂဇင်းမှာ “စကား အကြောင်း စာအကြောင်း”ဆိုသည့် ဆောင်းပါးကို ရေးလိုက်ခြင်းဖြစ် သည်။ ဘာသာစကားအကြောင်း၊ အရေးအသားအကြောင်းကို ဘာသာ ဗေဒအမြင်ဖြင့် ရှုမြင်သော ဆောင်း ပါးဖြစ်သည်။ ကျွန်တော်လေ့လာထား သော အသိအမြင်ကို ဝေမျှလိုသဖြင့် ထိုဆောင်းပါးတွင် သာဓကများ ဆောင်ကာ သိုင်းသိုင်းဝိုင်းဝိုင်းရေး ခဲ့ခြင်းဖြစ်ဟန်တူပါသည်။ ဘာသာ ဗေဒစာအုပ်များမှ ဘာသာစကား အကြောင်း နိဒါန်းများကို အခြေခံပါ သည်။

“မျက်နှာချင်းလမ်းမှာဆုံစို့ကွယ် မှသည် အင်တာနယ်ချက်တင်အထိ” ဆက်သွယ်ရေးနည်းနာများ အဆင့် ဆင့်တိုးတက်ထွန်းကားလာပုံကို ရေး ဖို့စိတ်ကူးရခြင်းမှာ ရှေးက ချစ်သူ တစ်ယောက်နှင့် တစ်ယောက် ဆက် သွယ်ရာတွင် “တစ်ကျွန်းစီနေ တစ် မြေစီခြားတဲ့သူရယ်၊ မျက်နှာချင်းဆိုင်၊ လမ်းမှာ ဆုံစို့ကွယ်”ဟူ၍ လမ်းကို ချစ်သူ မျက်နှာချင်းဆုံစည်းရာအဖြစ် စိတ်ကူးယဉ်ကာ ရေးဖွဲ့ခဲ့သည့်အခြေ အနေမှ ယနေ့အင်တာနက်တွင် “ချက် တင်”လုပ်သည့်အဆင့်အထိ ပြောင်း လဲလာပုံများကို အတွေးဆန့်မိခြင်း ဖြစ်သည်။ တစ်ပြည်မှ တစ်ပြည်သံ တမန်စေလွှတ်ခြင်း၊ ကျေးစေခြင်း၊ မေတ္တာစာပို့ခြင်း၊ စာချွန်ပေးပို့ခြင်း၊ လူကြုံဖြင့် စာပို့ခြင်း၊ ကြေးနန်းရိုက် ခြင်း၊ စာတိုက်မှ စာပို့ခြင်း၊ အိပ်ချိန်း မှတစ်ဆင့် တယ်လီဖုန်း ဆက်ခြင်း မှသည် တိုက်ရိုက်ဖုန်းဆက်ခြင်းမှ ယနေ့ဟန်းဖုန်းဖြင့် ဆက်သွယ်ပြီး အင်တာနက်နှင့် မေးလ်၊ ဖေ့စ်ဘွတ်၊ ဗီဒီယိုကွန်ဖရင့်ဇင်းစသည့် နည်းများ ဖြင့် ဆက်သွယ်ခြင်းတို့အထိ တရိပ် ရိပ် ပြောင်းလဲတိုးတက်လာပုံကို အတွေးဆန့်ထားခြင်းဖြစ်သည်။

လွှတ်တော်ရောက် မြန်မာစာ ရေးထုံးပြဿနာမှာမူ မြန်မာစာရေး ထုံးနှင့်ပတ်သက်၍ ပါလီမန်ခေတ် ဖဆပလ အစိုးရလက်ထက်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမေး သည့် ရေးထုံးပြဿနာများကို ရန် ကုန်တက္ကသိုလ် မြန်မာစာပါမောက္ခ ဆရာကြီး ဦးဧမောင်ပြန် ဖြေရှင်းခဲ့ရ ပုံကို ဆရာကြီး၏ မှတ်တမ်းမှတ်ရာ များအရ ဖော်ပြခြင်းဖြစ်သည်။

၁၉၅၂ ခု သြဂုတ်လ ၇ ရက် နေ့တွင် ကျင်းပသော ဒုတိယအကြိမ် မြောက် လူမျိုးစုလွှတ်တော်ညီလာခံ တွင် သံတွဲအမတ်ဦးရွှေကြိုင်က ရှေး မြန်မာမင်းများလက်ထက်အစဉ် အဆက်သုံးခဲ့သော “မိုဃ်း”၊ “ကြက် သရေ”၊ “ဋ္ဌ”ဟူသော ရေးထုံးများကို ယခုအခါ ရန်ကုန်တက္ကသိုလ်က “မိုး”၊ “ကျက်သရေ”၊ “ဌ”စနစ်ပြင်ဆင်ရေးနေ သည်ကို အစိုးရသိပါသလား ဟူသော မေးခွန်းဖြစ်သည်။ ထိုမေးခွန်းကို ရှင်းလင်းဖြေကြားပေးရန် ပညာ ရေးဝန်ကြီးဌာနက ရန်ကုန် တက္က သိုလ် ပါမောက္ခချုပ်ထံ မေတ္တာရပ်ခံ စာရေးပို့သဖြင့် ပါမောက္ခချုပ်၏ တာ ဝန်ပေးချက်အရ ဆရာကြီးဦးဧမောင် က ဖြေကြားခဲ့ရခြင်းဖြစ်သည်။ ဆရာ ကြီးက အစဉ်အဆက်သုံးသော “ကြက်သရေ”၊ “မိုဃ်း”၊ “ဋ္ဌ”တို့သည် မခိုင်မာသော ရေးထုံးများ၊ သန်ရာ ဆွဲ၍သုံးသော ရေးထုံးများဖြစ် ကြောင်း၊ ထို့ကြောင့် “ကျက်သရေ”၊ “မိုး”၊ “ဌ”ဟု ပြင်ဆင်ရခြင်းဖြစ်ကြောင်း အ ထောက်အထားများဖြင့် ပြန်လည် ဖြေကြားခဲ့သည်ကို တွေ့ရပါသည်။

ထို့ပြင် “ဘာသာစကားတိမ်ကော ပျောက်ကွယ်မည့်အန္တရာယ်မှ ကာ ကွယ်ရန်”၊ “အသံလှယ်ဖို့ ဘာသာပြန် ဖို့” “တိုင်းရင်းသားဘာသာစကားနှင့် မြန်မာဒေသိယစကားများလေ့လာမှု တစေ့တစောင်း”စသည့် ဘာသာစ ကားဆိုင်ရာ ပြဿနာများကို ဆွေး နွေးသည့် ဆောင်းပါးများလည်း ပါ ဝင်ပါသည်။

စာပေဆောင်းပါးများတွင် “အလှတစ်ကွက်” ဆောင်းပါးများ ရေး ခဲ့ပုံကို ပြန်သတိရသည်။ ဆရာမ မမိုးမြေက “သစ္စာမဂ္ဂဇင်း”ဟူသော မဂ္ဂဇင်းတစ်စောင်ကို ၁၉၉ဝ ဝန်း ကျင်မှာ ထုတ်ခဲ့သည်။ ဘာသာရေး၊ စာပေ၊ ယဉ်ကျေးမှု ဆိုင်ရာအကြောင်း အရာများကို အလေးပေးသည့် မဂ္ဂ ဇင်းဖြစ်သည်။ လစဉ်စာမူတောင်း သည့်အတွက် ဇာတ်တော်ကြီးဆယ် ဘွဲ့ဝတ္တုများမှ အလှကွက်တစ်ကွက် စီကို ထုတ်ပြသည့် ဆောင်းပါးများ ရေးဖို့စိတ်ကူးရပြီး “တေမိယဇာတ် တော်မှ အလှတစ်ကွက်” ခေါင်းစဉ် ဖြင့် စရေးပြီး “မဟာဇနက” “မဟော် သဓာ” “ဝေဿန္တရာ” ဇာတ်တော်တို့ မှ အလှကွက်များကို ဆက်ရေးဖြစ် သည်။ သစ္စာတွင် ထိုမျှသာ အလှ တစ်ကွက်ဆောင်းပါးများ ရေးဖြစ် သည်။ ကိုမြင့်ထွန်း၏ “သန္တရသ” မဂ္ဂ ဇင်းအတွက် စာမူတောင်းတော့ မဟော်သဓာဇာတ်တော်မှ “ဘေရီ” ပရိဗိုဇ်မ၊ ဝိဇာဒဇာတ်တော်မှ “ပုဏ္ဏက” နှင့် ဝေဿန္တရာဇာတ်တော်မှ “ဇာလီ” မင်းသားတို့၏ စရိုက်သဘာဝကိုဖော် ပြသော ဆောင်းပါးများရေးဖြစ်သည်။

နဖူးပေါ်က အမာရွတ်ကလေး သုံးခုဟူသော ရသစာတမ်းကလေး တွင် စာတွေထဲက အမာရွတ်သုံးခု အကြောင်း ဆက်စပ်တွေးမိသည့် အတွေးကို ပုံဖော်ကြည့်မိသည်။ ကေ ဝဋ်ပုဏ္ဏားနှင့် မဟော်သဓာပညာပြိုင် ရာတွင် မဟော်သဓာ၏ ပရိယာယ် ကြောင့် ကေဝဋ်ပုဏ္ဏားရခဲ့သော နဖူး ပေါ်က အမာရွတ်က တစ်ခု၊ ဗညား နွဲ့ (ရာဇာဓိရာဇ်)နှင့် ဗျည်းနွဲ့တို့ စီး ချင်းထိုးရာတွင် ဗျည်းနွဲ့က ချွန်းသီး ဖြင့် ရိုက်သည့်အတွက် ဗညားနွဲ့ရခဲ့ သော နဖူးပေါ်က အမာရွတ်ကတစ်ခု၊ စာရေးဆရာစောဦး၏ “နဖူးပေါ်က အမာရွတ်ကလေး” ဝတ္တုတွင် ပါဝင် သည့် ဇာတ်ဆောင်လူငယ်ကို သူ့ ဖခင်ကို အငြိုးထားသော လူကြီးက နဖူးနှင့် မြေကြီးဆောင့်၍ ရခဲ့သော အမာရွတ်ကတစ်ခုဖြစ်သည်။ အမာ ရွတ်သုံးနှုန်းဆက်စပ်၍ ပေါ်လာ သော အတွေးများကို ပုံဖော်ထားခြင်း ဖြစ်သည်။

လူပုဂ္ဂိုလ်များနှင့် ၎င်းတို့၏ ကြိုး ပမ်းဆောင်ရွက်ချက်များအကြောင်း ရေးသည့် ဆောင်းပါးများလည်း ပါဝင်ပါသည်။ ဆင်ဖြူကျွန်း ဆရာ သင်၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ မောင်ကြည်ရှင်တို့နှင့် မြန်မာစာပေ အကြောင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော ဒေါက်တာထင် အောင်၊ ဒေါက်တာလှဘေနှင့် (ဦး) မင်းလတ်တို့၏ ဆောင်ရွက်ချက်များ ကို ဖော်ပြခဲ့ပါသည်။

ရွှေပြည်တောင်ငူနန်းမြင့်သူ ကလေး အသက်ဝင်လာသောည ဆောင်းပါးတွင်လည်း နောက်ခံ အကြောင်းကလေး အမှတ်တရရှိပါ သည်။ ၂ဝ၁၂ ခုနှစ်က ဆရာ တက္ကသိုလ်ဘုန်းနိုင် ကွယ်လွန်သော ဆယ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပသော ဂီတဆည်းဆာညတွင် ဆရာ့ဝတ္တုတွေထဲမှာ ဆရာရေးခဲ့ သော သီချင်းများကို သံစဉ်ထည့်ပြီး တေးသံရှင်များက အသက်သွင်းခဲ့ကြ သည်။ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ “စွန့်ခွာရသည့် နွေညများ”ဝတ္တုတွင် “ရွှေပြည်တောင်ငူနန်းမြင့်သူကလေး” ဟုဆိုရသည့် တောင်ငူသူကလေး ညိုလတ်က မော်လမြိုင်ကောလိပ် ဂီတဆည်းဆာတွင် “စွန့်ခွာရသည့် နွေညများ”သီချင်းကို သီဆိုဟန် သရုပ်ဖော်ထားရာ ထိုဝတ္တုကို ဖတ် ပြီးကတည်းက ဝတ္တုထဲက သီချင်းစာ သားကလေးများကို စွဲမြဲနေခဲ့သည်။ အသံထွက်ပြီး အသက်ဝင်လာမည့် အချိန်ကို စိတ်ကူးဖြင့် မျှော်နေခဲ့မိ သည်။ ထိုညတွင်မူ အဆိုတော် နှင်း ရည်သန့်၏ အသံဖြင့် “စွန့်ခွာရသည့် ညများ ရောက်ခဲ့ပြီ”ဆိုသော သီချင်း သံကို သာယာငြိမ့်ညောင်းစွာ နား ဆင်လိုက်ရပါသည်။

“မြင်ရဖို့ အခွင့်အလမ်း” နှင့် “မ သန်စွမ်းသော်လည်း သန်စွမ်းသော ဇာတ်ဆောင်များ”မှာမူ ကိုယ်လက် အင်္ဂါမသန်စွမ်းသူများကို ကူညီ စောင့်ရှောက်သော အဖွဲ့အစည်းက ထုတ်ဝေသော

“အလင်းသစ်”မဂ္ဂဇင်း အတွက် ရေးသော ဆောင်းပါးများ ဖြစ်ပါသည်။ စာပေများတွင် တွေ့ရ သော “မသန်မစွမ်း”ဇာတ်ဆောင်များ ၏ ချီးကျူးလေးစားဖွယ် ဂုဏ်ရည် ကို ဖော်ထုတ်ပြထားပါသည်။ ထို အသင်းက ဖိတ်ကြားသည့်အတွက် မသန်မစွမ်းလူငယ်များကို အားပေး ဟောပြောသည့်အစီအစဉ်တွင်လည်း ပါဝင်ခဲ့ပါသည်။
အမှတ်တရအတွေ့အကြုံများ ဖြစ်ပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*