အငြိမ့်မင်းသမီးနဲ့စာရေးဆရာ

အငြိမ့်မင်းသမီးနဲ့စာရေးဆရာ
March 25, 2019 Asian Fame

အငြိမ့်ပွဲတစ်ခုကို ကျွန်တော် ကြည့်ရှုခဲ့ဖူးသည်။ ထိုစဉ်က ကျွန် တော်နေထိုင်သော ရပ်ကွက်ဘုရား ပွဲကျင်းပရာတွင် အငြိမ့်အဖွဲ့ကို ကပြ ဖျော်ဖြေစေရာမှ ကြည့်ရှုရမိခြင်းပင်။ ဇနီးနှင့် ကလေးများသည် ပွဲဈေးတစ် လျှောက် လည်ပတ်ပြီးကြပြီး အိပ်ယာ ဝင်ကြပြီဖြစ်သည်။ ပွဲဈေးတန်းမှ လည်ပတ်နေသော ရဟတ်ကြီးလည်း ရပ်တန့်သွားပြီ။ မုန့်လေပွေဆိုင်မှ မီး တောက်မီးလျှံလည်း ငြိမ်းသွားခဲ့ပြီ။ ကောက်ညှင်းကျည်တောက်ဆိုင်မှာ လည်း ဝါးနွှာစများသာ ကျန်တော့ သည်။ ကြွေဗေဒင်သမားသည်လည်း ဟောစာတမ်းနှင့် ကြွေစေ့များကို သိမ်းဆည်းလေပြီ။ ဤအချိန်တွင် အငြိမ့်ခန်းထွက်ပေပြီ။ ကျွန်တော် သည် လူခပ်ဖြောက်ဖြောက်သာရှိ တော့သော ပွဲဈေးတန်းလမ်းမကို တစ်ယောက်တည်း လျှောက်ရင်း အငြိမ့်ခန်းဆီမှ သီချင်းသံကို ကြား လိုက်ရသည်။ သီချင်းသံသည် ဓမ္မာ ရုံကို ကျော်ဖြတ်ကာ ပွဲဈေးတန်း လမ်းမသို့ ဝေ့ဝဲဖြာကျလာသည်။

ကျွန်မဓာတ်ပုံကိုပြရန်မလို ထမင်းအိုးဖင်သာ ကြည့်တော်မူပါ အစ်ကို။ အငြိမ့်ခုံရှေ့ကျွန်တော် ရောက်သွားတော့ လူတွေ စည်ကား နေပြီ။ အငြိမ့်မင်းသမီးသည် သီချင်း ဆိုရင်း ပရိသတ်များထဲသို့ဝေ့ကနဲ ကြည့်လိုက်ရာ ကျွန်တော်နှင့် ဖျပ်က နဲ မျက်လုံးခြင်းဆုံမိတော့သည်။ ထို စဉ်က ကျွန်တော့်ပုံစံမှာ ဆံပင်မတို မရှည် ရံခါရံဖန် နှုတ်ခမ်းမွှေး မရိတ် မသင်ပဲ နေတတ်ပြီး ထိုညက နိုး အိတ်ကျူးဇစ်ဂျင်းအပြာကို ဝတ်ဆင် ထားသည်။ ကျွန်တော်သည် အငြိမ့် ခုံပေါ်မှ ပုံပြင်များကို ကြားဖူးပါသည်။ အငြိမ့်မင်းသမီးများ၏ အိမ်ထောင် ရေးကိုလည်း သိတန်သ၍ သိထားပါ သည်။ ထိုညက အငြိမ့်ခုံပေါ်မှ မင်း သမီးသည် သီဆိုကခုန်ရင်း သူမနှင့် ကျွန်တော် သုံးလေးကြိမ်ထက်မနည်း မျက်နှာခြင်းဆုံမိခဲ့သည်ဟု ထင်မှတ် ရစေအောင် ဆောင်ရွက်သွားခဲ့သည်။ အငြိမ့်မင်းသမီးတစ်ယောက်ကို ကျွန် တော်မချစ်ဝံ့ပါ။ အငြိမ့်မင်းသမီးတစ် ယောက်ကို ချစ်ဖို့ဆိုသည်မှာ လွယ် ကူသော အလုပ်တစ်ခုမဟုတ်ပါ။ ထို့ အပြင် ကျွန်တော်သည် ဇနီးနှင့် သား သမီးများနှင့် ကိုယ်ပိုင်မိသားစုရှိသူ တစ်ယောက်ဖြစ်ပါသည်။ အငြိမ့် မင်းသမီးက အငြိမ့်ခုံထောင့်သို့ လှမ်း ၍ ဦးလေးကြီး ဟုဆိုလိုက်လျှင် အငြိမ့်ခုံထောင့်မှ ကာလသားများက ဗျိုး …ဗျိုး …ဗျိုး ဟုအော်ကြ သည်ကို ကြားဖူးပါသည်။ ထိုသို့လည်း ကျွန်တော်မအော်နိုင်ပါ။ သူတို့သည် သီချင်းစာသားများကို ထိုသို့သီဆိုနေ ကြသည်ဟု ဆိုနိုင်ပါသည်။ အငြိမ့် မင်းသမီးတစ်ယောက် ကခုန်နေပုံကို ကြည့်၍ ကျွန်တော်သည် သူ့ကို စိတ် ဝင်စားလာသည်ဟုတော့ ဆိုချင်ပါသည်။ ပုဏ္ဏားကွယ်မှ ဆလိုက်မီးသည် မင်းသမီးအပေါ်မှာ ကျရောက်နေပါသည်။ မီးအရောင်အောက်တွင် ကခုန်နေသောသူ့ကို ကျွန်တော်မြင် တွေ့ရပါသည်။ ချစ်မေတ္တာဟု ကျွန်တော်မပြောနိုင်ပါ။ အနုပညာ ရှင်တစ်ယောက်ကို ချစ်မြတ်နိုးမှုပါပဲ။ သူဆိုသော သီချင်းကို ကျွန်တော်နားထောင်သည်။ သူကခုန်တာကို ကျွန်တော့်ကြည့် သည်။ သူလှုပ်ရှားမှုဟန်ပန်ကို ကျွန်တော်တိမ်းညွှတ်သည်။ အငြိမ့်မင်းသမီးသည် နန်းတော်ရှေ့ ဆရာတင်၏ သီချင်းကို လှိုက်လှဲစွာသီဆိုရင်း ညွှတ်ပြောင်းစွာ ကပြနေခဲ့သည်။ ယင်းကို ကျွန်တော်နှစ်သက် ခံစားတတ်နေလေပြီ။ ထိုစဉ်က ကျွန်တော် သည် ဝင်ငွေနည်းသော သာမန်စာရေးဆရာ ပေါက်စကလေးမျှ သာရှိပါသေးသည်။ သို့ရာတွင်အနုပညာဆိုသည်ကို အတန် အသင့် နားလည်သဘောပေါက်ထားပါသည်။ အငြိမ့်မင်းသမီး တစ်ယောက်သည် အနုပညာရှင်တစ်ယောက်ဖြစ်သည်။ စာရေး ဆရာပေါက်စတစ်ယောက်သည် အနုပညာရှင်တစ် ယောက်ဖြစ် သည်။ သူတို့နှစ်ယောက်ဆုံတွေ့ခဲ့ကြတာပါ။ ထိုညက ကျွန်တော် ပြန်လာတော့ အိမ်ကလေးထဲမှာ ဇနီးနှင့် ကလေးများ အိပ်ပျော် နေကြပြီ။ အငြိမ့်ပွဲမှ ပြဇာတ်ထွက်နေချေပြီ။ ထိုညက ကပြခဲ့သော ပြဇာတ်မှာ ‘အမုန်းတံခါးကိုပိတ်လိုက်ပါ’ဟု ကျွန်တော်ခပ်ရေးရေး မှတ်မိနေပါသည်။

နေမျိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*