အနုပညာဆိုတာ ဘာဘာညာညာ

အနုပညာဆိုတာ ဘာဘာညာညာ
March 6, 2019 Asian Fame
အနုပညာဆိုတာ ဘာဘာညာညာ

‘သက်ကြီးစကား၊ သက်ငယ် ကြား’ ဆိုသော ဆိုရိုးအတိုင်း ကျွန်ုပ် မှတ်သားထားခဲ့သည်မှာ ရှေးလူကြီး များ စကားဝိုင်းဖွဲ့မိ၍ ‘ပုဂံရာဇဝင်’ အကြောင်း ပြောကြပြီဆိုလျှင် ‘တုတ် ထမ်း ဓားထမ်း’၍ ပြောကြရသည်ဆို ပါ၏။ ‘ငြင်းရဲတဲ့သူရှိရင် ငြင်းကြည့် တုတ်စာ ဓားစာကျွေး’မည့်သဘော ဖြစ်သည်။ အင်း ..ဟုတ်ကောင်း ဟုတ်မှာပဗျာ၊ ပုဂံရာဇဝင်ဆိုသဟာ ကလည်း လူစင်စစ်တွေသာမက နတ်တွေ နဂါးတွေ တစ္ဆေတွေ သရဲ တွေ ပါနေကြတော့ အငြင်းပွားဖွယ် ရာ တွေ အများချည်း။ သမိုင်းမ ဆန်ဘဲ ဒဏ္ဍာရီဆန်နေကြပေသကိုး။ မြန်မာရာဇဝင်ကို အထင်တော့ မသေးနှင့်။ ရာဇ ဝင်ခေတ်ဦးများကို ဒဏ္ဍာရီများဖြင့် စတင်ခဲ့သည်မဟုတ် လား။ တကောင်း ပြည်ကြီး၏ ရာဇ ဝင်တွင် မျက်မမြင် ညီနောင် စူဠ သဗ္ဗဝ၊ မဟာသဗ္ဗဝကို တွေ့ရမည်။ ပုဂံရာဇဝင်ကိုကြည့်လျှင် ယခုခေတ် Marvel ရုပ်ပြ ကာတွန်းများထဲမှ Super-hero များကဲ့သို့ လူထက်လူ မြေသျှိုးမိုးပျံလူစွမ်းကောင်း များကို တွေ့ကြရမည်ဖြစ်သည်။ အနောက် တိုင်းက ဂရိသမိုင်း၊ ရောမ သမိုင်း တွေမှာလည်း အစဦးပိုင်းမှာ ဒဏ္ဍာရီ တွေချည်းလိုလို။ ခေတ်အမြင်ဖြင့် ကြည့်လျှင်၊ ရှေးရာဇဝင်တွေမှာ ငြင်း စရာ ခုန်စရာ။ ကော်စရာကပ်စရာ တွေချည်း နှင်နှင်သာမဟုတ်လား။

ရာဇဝင်၊ သမိုင်းထက် ပို၍အ ငြင်းပွားစရာကောင်းသည်ကတော့ ‘အနုပညာ’ဆိုသောအရာ တချို့က ပိုရှုပ်အောင် စကားလုံးတွေချဲ့ပြီး ‘အနုသုခုမပညာ’ဘာညာဘာညာ ခေါ်ကြသေးဗျား။

အဲသည် ‘အနုပညာ’ဆိုသဟာ က အကောင်ဒြပ်ထည်တိတိပပမရှိ။ စိတ္တဇဆန်လေသောအခါ ပို၍ ပို၍ အငြင်းပွားစရာဖြစ်လာပါသည်။ ယခုခေတ်အခါကဲ့သို့ ဓာတ်ပုံဆန် ခြင်းကို ငြင်းဆန်သော သဘာဝကို ပုံတူကူးခြင်းမှ သွေဖည်သော စိတ္တဇ သရုပ်ကို ဦးစားပေးသော ဖန်တီးမှု ကိုမှသာ ‘အနုပညာ’ဟု သတ်မှတ်ချင် သူများလာသောအခါ အနုပညာသ မားစုဝေးမိလျှင် တုတ်ထမ်း ဓားထမ်း မပြောကြတော့ဘဲ။ အူဇီစက်သေနတ် တွေ၊ နံချပ်ကူတွေ တမ်းပြီး ငြင်းကြရ မလိုဖြစ်လာတော့၏။ ကဗျာဆရာ များဆိုလျှင် ဝီစကီပုလင်းခွံများကို ထမ်း၍ အနုပညာအကြောင်း ငြင်း ခုန်ကြမှာ သေချာပေသည်။

ဤအရေးကို တွေးမြော်ကာ လွန်ခဲ့သောနှစ်ပေါင်း ၄ဝ နီးနီးကာ လတုန်းက ကျွန်ုပ်၏ မိတ်ရင်းဆွေ ရင်းအနုပညာညီအစ်ကိုဖြစ်သော ကဗျာဆရာ သစ္စာနီက “ချစ်စကို ရှည်စေရန်”အနုပညာအကြောင်း မငြင်းပါဟူသော ကတိကဝတ်ကို ကျွန်ုပ်ထံမှ တောင်း၏။ ကျွန်ုပ်က လည်း Promise ဟု ကြွေးကြော်၍ ကတိပြုခဲ့ပါသည်။ ကျွန်ုပ်တို့သည် ကတိတည်သော အနုပညာသမား များ ဖြစ်ကြပေရာ၊ ကတိကဝတ်ကို စောင့်ထိန်းနိုင်ခဲ့ကြပါသည်။ ယခု အခါ ကျွန်ုပ်တို့သည် အနုပညာအ ကြောင်း ပြောကြရာတွင် တစ်ဦးက ပြောလျှင် ကျန်တစ်ဦးက ခေါင်းမ ငြိတ်ရန် ဝန်မလေးကြတော့ပေ။ တစ် ယောက်က ပြောလျှင် ကျန်တစ် ယောက်က ခေါင်းငြိတ်နှင့် အပြန် အလှန်ခေါင်းငြိတ်နေလေ့ရှိကြရာ အကျိုးကျေးဇူးအားဖြင့် ဇက်ကြော တက်သောဝေဒနာ နတ္တိမရှိကြတော့ ပေတကား။

ကျွန်ုပ်တို့ ငယ်နုစဉ်က မြန်မာ နိုင်ငံရှိ အနုပညာသမားအကြားတွင် ‘အနုပညာသည် အနုပညာအတွက်’ ဟူသော အုပ်စုနှင့် ‘အနုပညာသည် လူထုအတွက်’ဟူသော အုပ်စုတို့ ပြင်းထန်စွာသဘောကွဲလွဲပြီး ငြင်းကြ ခုန်ကြ။ အော်ကြဟစ်ကြသည်။ တုတ် တပြက် ဓားတပြက်ဖြစ်ခဲ့သည်ဟု တော့ မကြားကြရပေ။ ကြာသော အခါ ထိုကဲ့သို့သော ငြင်းသံ၊ ခုန်သံ တွေ ပျောက်ကွယ်သွားကာ ကြွေးကြော်သံအသစ်ပေါ်လာခဲ့၏။ ‘အနု ပညာသည် ဘာအတွက်မှ မဟုတ်’ ဟူသတည်း။

ထိုအသံသည် ကြာကြာမခံပါ။ ဆက်အော်ဖို့ ကြိုးစားတိုင်း “ဘာအ တွက်မှ မဟုတ်ရင် လေကုန်ခံပြီး ဘာ ကြောင့် ဆက်အော်နေရတာတုန်း မင်း သောက်ရူးလား”ဟု ဝိုင်းအုံခြိမ်း ခြောက်ကြသဖြင့် အသံတိတ်သွားရ ရှာသည်။ ယခု ၂၁ ရာစုအဝင်ကာလ၌ကား ‘အနုပညာဟာ …ဘာ ဘာညာညာ’ဟု ပါးစပ်ဟ မည့်သူမရှိ သလောက် ဖြစ်သွားသည်။ တချို့က တော့ သူများကြားမှာစိုး၍ အခန်း တံခါးအလုံပိတ်ကာ ‘အနုပညာဆို သည်မှာ ငွေရှာကိရိယာ’Art for money’ ဟု တိုးတိုးကလေးရေရွတ် နေကြပါသည်။ ကျွန်ုပ်၏ အသိပန်း ချီဆရာတစ်ယောက်ကမူ ဈေးကွက် ဝင် အပေါစားပန်းချီပုံများ ရေးဆွဲ ရင်း ‘တကယ်တော့ အနုပညာဆိုတာ မမလေး ထဘီဖိုးပါဗျာ”ဟု ခပ်တည် တည်ကြီးပြောနေလေ့ရှိသည်။ သူ့ စကားက အမှန်ရယ်ပါ။ သူ့ဇနီးကို ကြည့်လိုက်တိုင်း နောက်ဆုံးပေါ် ထဘီအဆင်ဆန်းတွေချည်းနှင့်သာ တွေ့မြင်နေရသောကြောင့် ဖြစ်ပေ သည် တမုံ့။

ကျွန်ုပ်ကိုယ်၌ကား စာပေအဆုံး အမတို့၌ အစွမ်းကုန်လိုက်နာသော အားဖြင့် ဟိတောပဒေသစသောနီတိ ပုံပြင်များ၊ ငါးရာ့ငါးဆယ်ဇာတက တည်းဟူသော ဘုရားအဆုံးအမတော် များကို မြေဝယ်မကျ မှတ်သားစွဲမြဲသူ ဖြစ်ရာ ကိုယ့်ကိုယ်ကိုယ်ဖော် မသူ တော်ဖြစ်မှာ စိုးသောကြောင့် ကျွန်ုပ် အား ‘စာရေးဆရာ’ဟုခေါ်လျှင် ‘နိုး …နိုး …နိုး ကျွန်တော်စာရေး ဆရာမဟုတ်ပါ။ စာရေးဆရာဟူသည် အနုပညာရှင်ဖြစ်သောကြောင့် ဂုဏ် ကြီးပါသည်။ ကျွန်တော်သည် ဂုဏ် ကြီးရှင်မဟုတ်။ ဂုဏ်သေးရှင်အဖြစ် စာရေး၍ အသက်မွေးသူ ဂဂျိုးဂ ဂျောင်ကလောင်တုံးတစ်ချောင်းသာ ဖြစ်ပါသည်”ဟု တောင်းပန်ငြင်းချက် ထုတ်ရပါသည်။ ပန်းချီဆရာ မောင် နိုးပြောသလို “ငါက အနုပညာသမား မဟုတ်ဘူး။ အကြမ်းပညာသမားကွ” ဟုလည်း မာရည်ကြောရည် မဟိန်း ဟောက်လိုပါ။

“ကိုယ့်လူ စာတွေပေတွေ ရေး လာတာ ကြာလှပြီပဲ၊ နာမည်တစ်လုံး အခိုင်အမာရနေတာပဲ၊ စာပေအနု ပညာရှင်အဖြစ် ပြောမယ်ဆိုရင် တောင် ပြောလို့ရတယ်”ဟု တချို့ မိတ်ဆွေတွေက ကျွန်ုပ်ကို အချွန်ကြီး ကြီးဖြင့် မကြသေးသည်။

မဟုတ်ပါ။ ကျွန်ုပ်အနုပညာရှင်၊ အနုပညာသမားမဖြစ်ချင်ပါ။ ရိုးရိုး ကုပ်ကုပ်နှင့်တောင်ရေးမြောက်ရေး တောင်ခြစ်မြောက်ခြစ်အညတရအ ဖြစ်မှာသာ နေလိုပါသည်။ အထူး သဖြင့် အနုပညာ ‘စယ်လီ’ Cele ဆို တာကြီး ပို၍မဖြစ်ချင်ပါ။ စယ်လီဖြစ် လျှင် အနေအထိုင် ကျုံ့လှပါသည်။ အများသုံးသန့်စင်ခန်းကိုပင် ဝင်၍ မရတော့ပါ။ လမ်းဘေးမှာ ရှုးရှုးသွား ၍ မရတော့ပါ။

တစ်ခေတ်တစ်ခါက ယစ်ထုပ် တို့ မှီခိုလဲလျောင်းတတ်ကြရာ ရန် ကုန်အရှေ့ပိုင်းရှိ နာမည်ကျော် ပုဇွန် တောင်အရက်ဖြူဆိုင်ကြီးသို့ ရောက် ရှိသွားခဲ့ပါသည်။ ကွယ်လွန်သူစာရေး ဆရာမောင်ရန်ပိုင်က ခေါ်ဆောင် သွားသောကြောင့်ဖြစ်သည်။ အမြည်း ရောင်းသောဆိုင်ကလေးတစ်ဆိုင် တွင် စွပ်ကျယ်အင်္ကျီအစုတ်ကြီးဝတ် ဆင်ထားသည့် အသက် ၅ဝ ခန့် ခပ် ဖိုင့်ဖိုင့်လူတစ်ယောက်ကို တွေ့ရပြီး မိတ်ဆွေမောင်ရန်ပိုင်က မိတ်ဆက် ပေးပါသည်။

“သူကတော့ ရေဒီယိုသီချင်း လောကရဲ့ အထင်ကရ စန္ဒရားဆရာ တေးရေးတေးဆို အနုပညာရှင်ကြီး ပါ”

“ဟုတ်ကဲ့ပါ၊ ကျုပ်မှာတော့ ဘယ်တုန်းကမှ စန္ဒရားတစ်လုံး မရှိ ခဲ့ပါဘူး။ စန္ဒရားမရှိတဲ့ ဂီတအနုပညာ ရှင်ကြီးပါ”

ထိုပုဂ္ဂိုလ်က မျက်နှာသေကြီးဖြင့် ပြောလာပါသည်။ ကျွန်ုပ်၏ ရင်ထဲ တွင် ‘ဖြစ်ရလေ’ဟု မြည်တမ်းခဲ့မိပါ ၏။

မကြာမီ ဗဟန်းမြို့နယ်ထဲရှိ အိမ်တစ်အိမ်မှ အရက်ဝိုင်းတွင် ရှိုး ကောင်းကောင်း ရုပ်ချောချော အ သက် ၄ဝ လောက် စန္ဒရားမရှိသော် လည်း နာမည်ရှေ့က ‘စန္ဒရား’ဘွဲ့တပ် ထားသူတစ်ဦးကို တွေ့ရပြန်၏။ သူ ကလည်း ‘မြန်မာ့အသံ’မှာတော့ စန္ဒ ရားဆရာအဖြစ် အသိအမှတ်ပြုခြင်း ခံထားရသည်။ သူဟာ အာလေးလျှော လေးကြီးဖြင့် …

“ကျုပ်တို့ အနုပညာသမားဆို တာ စန္ဒရားမရှိလည်း ပါးစပ်နဲ့ စန္ဒ ရားတီးလုံးတွေ ဖန်တီးလို့ရပါတယ် တူနယ် ..တယ်နယ် ..တောင် တောင် …တင်တင် …”ဟု သီ ကျူးပါတော့၏။
အဲသည်ကတည်းက အနုပညာ ကို ကျွန်ုပ်ကြောက်ရွံသွားခဲ့ပါ၏။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*