ကျွန်တော်ရေးခဲ့သော စာအုပ်များ(၂၄)

ကျွန်တော်ရေးခဲ့သော စာအုပ်များ(၂၄)
March 6, 2019 Asian Fame
ကျွန်တော်ရေးခဲ့သော စာအုပ်များ(၂၄)

ကျွန်တော်၏ တက္ကသိုလ် ဆရာ ဘဝအတွေ့အကြုံကို ပြန်စဉ်းစား ကြည့်သောအခါ လုပ်သက်တစ် လျှောက် ရန်ကုန်တက္ကသိုလ်မှာ ၃ ကြိမ်အမှုထမ်းခွင့်ရခဲ့သည်ကို သတိ ပြုမိပါသည်။ ပထမအကြိမ်က နည်း ပြဆရာဘဝ၊ လူငယ်ဘဝ၊ ၃ နှစ်ကြာ အမှုထမ်းခဲ့ရသည်။ သူငယ်ချင်းများ နှင့် ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင် နေခဲ့ရသောဘဝ၊ ပညာဆည်းပူးဆဲ ဘဝဖြစ်သည်။ ဒုတိယအကြိမ်က လက်ထောက်ကထိကနှင့် ကထိက ဘဝ လူရွယ်၊ လူလတ်ဘဝ။ ထိုစဉ်က ၁၃ နှစ်မျှ ကြာခဲ့သည်။ အိမ်ထောင် ရှင်ဘဝ သမီးကလေးတစ်ယောက်၏ ဖခင်ဘဝဖြစ်သည်။ မိသားစုတာဝန် နှင့် အလုပ်တာဝန်ကြားမှာ ပျော်ပျော် ရွှင်ရွှင် တာဝန်ကျေကျေ အမှုထမ်းခဲ့ သည်။ တတိယအကြိမ်ကတော့ ပါမောက္ခ ဌာနမှူးဘဝ၊ လူကြီးဘဝ ဆိုပါတော့။ အသက်ပြည့်ချိန်တွင် အငြိမ်းစားမယူရသေးဘဲ ‘အိပ်စတင်း ရှင်း’ ၄ နှစ်ထပ်ခန့်သည့်အတွက် ၆ နှစ်ခွဲတာဝန်ထမ်းဆောင်ခဲ့ရသည်။ ရန်ကုန်တက္ကသိုလ်သို့ သုံးကြိမ်သုံးခါ ပြန်ရောက်သည့်အတွေ့အကြုံကို အမိတက္ကသိုလ်၏ ရင်ခွင်မှာ (တက္က သိုလ်ဆရာတစ်ယောက်၏ အမှတ်တ ရများ) အမည်ဖြင့် ရာပြည့်စာအုပ် တိုက်က ၂ဝ၁၇ ခုနှစ်မှာ ထုတ်ခဲ့ပါ သည်။ ‘ရန်ကုန်တက္ကသိုလ်ရာပြည့် အကြို’အဖြစ် ရည်ရွယ်ခြင်းဖြစ်သည်။

ပထမအကြိမ် ၁၉၆၅ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကိုဝင်တော့ ပုသိမ် ကောလိပ်မှာ အမှုထမ်းခဲ့သော လုပ် သက် ၂ နှစ်ရ နည်းပြဆရာပေါက်စ အဖြစ် ဝင်လာခြင်းဖြစ်သည်။ တက္က သိုလ်နာမည်က ‘ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်’ဖြစ်နေသည့်ကာလ။ အင်္ဂလိပ်လို RASU – အတိုကောက် ‘ရာဇူး’ဟုခေါ်သည်၊ မြန်မာစာဌာန ကို သိပ္ပံအဆောက်အအုံမှ ယခုလက် ရှိ တောင်ငူဆောင်သို့ စပြောင်းသော နှစ်ဖြစ်သည်။ လစာ ၃ဝဝ နီးပါးနှင့် ဒီဂရီကြေး ၃ဝ ရသည်။ လုံလုံလောက် လောက်ရှိသည်။ ၁၉၆၆ ခုမှာ စ ထုတ်သော တက္ကသိုလ်ပညာ ပဒေ သာစာစောင်မှာ ကျွန်တော့်ဆောင်း ပါးအရွေးခံရသည့်အတွက် ဝမ်းသာ အားတက်ရသည်။ ဆရာတစ်ပိုင်း၊ ကျောင်းသားတစ်ပိုင်းဘဝဖြင့် စာ တွေ ပြေးသင်လိုက်၊ အတန်းတက် လိုက်၊ နည်းပြတန်းအဖြေလွှာတွေ စစ်လိုက်လုပ်ရင်း မဟာဝိဇ္ဇာဘွဲ့ရ သည်။ ဂုဏ်ထူးဖြင့် အောင်သည်။ မြန်မာဂုဏ်မဂ္ဂဇင်းကို နာမည်ပြောင်း လိုက်သော မြန်မာစာမဂ္ဂဇင်းကို တာ ဝန်ခံထုတ်ဝေရသည်။ ၁၉၆၆ ခုနှစ် ကစကာ နှစ်စဉ်ခြိမ့်ခြိမ့်သဲသဲကျင်းပ သော မြန်မာနိုင်ငံ သုတေသနဆွေး နွေးပွဲများကို နှစ်စဉ်တက်ရောက်၍ စာတမ်းများကို နားထောင်ရင်း ပညာဆည်းပူးရသည်။ ကျွန်တော် ရန်ကုန်ဝိဇ္ဇာတက္ကသိုလ်မှာ ၃ နှစ်တာ ဝန်ထမ်းဆောင်ပြီး မဟာဝိဇ္ဇာဘွဲ့ရ ပြီးချိန်တွင် မဟာဝိဇ္ဇာတန်းမတက်ရ သေးသော သူငယ်ချင်း ကိုလှမြင့် (မောင်ပန်းမွှေး)နှင့် လူချင်းလဲရ သည်။ ပညာရေးတက္ကသိုလ်သို့ပြောင်း ရသည်။ ထိုအချိန်တွင် ရန်ကုန်ဝိဇ္ဇာ သိပ္ပံတက္ကသိုလ် မဟာဝိဇ္ဇာတန်းမှာ ‘ဘာသာဗေဒ’ လာသင်ပေးရန် ပါမောက္ခဆရာဦးမောင်မောင်ကြီးက ကျွန်တော့်ကို တာဝန်ပေးသည်။ သင် ဖို့ ပြင်ဆင်နေစဉ် ရန်ကုန်တက္ကသိုလ် မှ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း ၂ ယောက် ဦးဆောင်ပြီး ‘တခြား ကျောင်းက လူကိုမသင်ခိုင်းပါ’ ပါ မောက္ခကို အရေးဆိုသဖြင့် ပါမော က္ခစိတ်ညစ်သွားပြီး အစီအစဉ် ပျက် သွားသည်။ (အံ့သြစရာ၊ သင် ခန်းစာ ယူစရာအဖြစ် အမှတ်ထင်ထင် ဖြစ်ရ ပါသည်။)

ပညာရေးတက္ကသိုလ်နှင့် ပုသိမ် ကောလိပ်တို့မှာ အမှုထမ်းပြီး ၁၉၈၁ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကို ပြန် ဝင်ရတော့ ကျွန်တော် အသက် ၄ဝ ပြည့်ပြီးပါပြီ။ လက်ထောက်ကထိက အဖြစ် ၆ နှစ်၊ ကထိကအဖြစ် ၇ နှစ်၊ စုစုပေါင်း ၁၃ နှစ် အမှုထမ်းရသည်။ တက္ကသိုလ်နာမည်က ‘ရန်ကုန်တက္က သိုလ်’ပြန်ဖြစ်နေပါပြီ။ မြန်မာနိုင်ငံ သုတေသနဆွေးနွေးပွဲနှင့် စာပေဗိ မာန်စာတမ်းဖတ်ပွဲတွေမှာ သုတေ သ နစာတမ်းမှာ ဖတ်ဖြစ်သည်။ မဂ္ဂဇင်း များမှာ ဆောင်းပါးတွေ ရေး ဖြစ်သည်။ ကျွန်တော်၏ ပထမဆုံးစာ အုပ်ဖြစ်သော ‘စကားပြေသဘော တရား စကားပြေအတတ်ပညာ’ထွက် ပြီးပါပြီ။ ထိုကာလမှာ စာပေဗိမာန် စာမူဆုလည်းရသည်။ ယခုအထိ သုံး နေဆဲ အခြေခံပညာ မြန်မာစာနှင့် စိတ်ကြိုက်မြန်မာစာစာအုပ်က ပြုစု သည့်အဖွဲ့မှာ ပါဝင်ဆောင်ရွက်ရ သည်။ ၁၉၈၆ ခုနှစ်မှာ ကထိကဖြစ် သည်။ ဒေသကောလိပ်မှာ စတင်အ လုပ်ဝင်သော ဇနီးကလည်း နောက် ပိုင်းမှာ ကထိကဖြစ်လာသည်။ စာ ပေဟောပြောပွဲများ၊ ဘာသာရပ် ဟောပြောပွဲများ ဖိတ်လျှင် ပါဝင် ဟောပြောသည်။ နိုင်ငံခြားဘာသာ သိပ္ပံမှာ မြန်မာစာလာသင်သော နိုင် ငံခြားကျောင်းသားများကိုလည်း မြန်မာစာ သွားသင်ပေးရသည်။ အ သင်းအဖွဲ့တွေမှာ ပါဝင်ဆောင်ရွက် သည်။

ရှစ်လေးလုံးကာလကို ကျီးလန့် စာစားဖြတ်သန်းခဲ့ရသည်။ ၁၉၉ဝ ရွေးကောက်ပွဲမှာ ကမာရွတ်မြို့နယ် မဲရုံးမှူးအဖြစ် ဆောင်ရွက်ရသည်။ မြန်မာစာ ညွန့်ပေါင်းကျမ်းစတုတ္တတွဲကို တည်းဖြတ်ပေးရပြီး ညွှန့်ပေါင်း ကျမ်းသစ်များ ပြုစုရာတွင်လည်း ပါ ဝင်ရသည်။ နဝတအစိုးရလက်ထက် တွင် ဒဂုံမြို့သစ် မြောက်ပိုင်းမှာ မြေကွက်ရသဖြင့် အိမ်ဆောက်ကြရင်း ကန်ထရိုက်၏ အလိမ်ခံရသည်။ ၁၉၉၃ ခုနှစ်မှာ ဒဂုံတက္ကသိုလ်တည် သောအခါ ပါမောက္ခချုပ် ဆရာကြီး ဦးကောင်းညွန့်က ဌာနမှူးများအ ဖြစ် ဆောင်ရွက်ရန် တစ်ဌာနစီမှ ရာ ထူးတက်ခါနီး ဝါရင့်ကထိကတစ် ယောက်စီရွေးခေါ်ရာတွင် ကျွန်တော် ဒဂုံတက္ကသိုလ်ရောက်ပြီး ကထိက ဌာနမှူးဖြစ်လာသည်။ နောက်တော့ တွဲဖက်ပါမောက္ခ ဌာနမှူးဖြစ်သည်။ ထိုစဉ် ပါမောက္ခရာထူးရဖို့ နယ်ကော လိပ်တွေမှာ သွားအမှုထမ်းသော ပါမောက္ခများက ဒဂုံတက္ကသိုလ်ကို ပြန်ဝင်လာပြီး မူလစတည်ခဲ့သော တွဲ ဖက်ပါမောက္ခများ၏ အပေါ်သို့ ရောက်လာကြသည့်အတွက် မကျေ မလည်ဖြစ်ကြပြီး အသံဗလံတွေ ထွက်လာသည်။ ဆရာကြီး ဦးကောင်း ညွန့်က သမာဓိကြီးကြီးထားပြီး ထိန်း ထိန်းသိမ်းသိမ်း လုပ်ပေးသည်။ ဒဂုံ တက္ကသိုလ်ကို ကျွန်တော်တို့ စပြောင်း ရစတုန်းက လုပ်ဖော်ကိုင်ဖက်များက သနားကြည့် ကြည့်ကြသည်။ ‘ဒဂုံ သွားရင် ရွှံ့ထဲ ဗွက်ထဲ ခါးတောင်း ကျိုက်သွားကြပေတော့၊ ကျွန်တော် တို့တော့ ဒီလောက် ပင်ပန်းတဲ့နေရာ မသွားဘူး’ဟု ပြောကြပြီး ဒဂုံတက္က သိုလ်လမ်းပန်းသာလာတော့ ‘လာ ချင်လှချည်ရဲ့’ဖြစ်ကုန်ကြသည်။ စော စောက ကျွန်တော်တို့ကို ‘အရှင်မွေး နေ့ချင်းကြီး’ဟု လှောင်ပြောင်သူများ ‘အရှင်အမွေးခံချင်လာကြသည်။ ပြန် စဉ်းစားမိပြီး ထိုစဉ်က ခံစားချက်က လေးတွေ ပွင့်ထွက်မိခြင်းပါ။

တတိယအကြိမ် ၁၉၉၉ ခုနှစ် မှာ ရန်ကုန်တက္ကသိုလ်ကို ပြန်ဝင်ရ တော့ ကျွန်တော် ပါမောက္ခဌာနမှူး တာဝန်ယူရသည်။ အသက် ၆ဝ နီး နေပါပြီ။ သို့သော် ‘အိပ်စတင်းရှင်း’ ၄ နှစ်ရသည့်အတွက် ၂ဝဝ၆ ခုနှစ် အထိ တာဝန်ထမ်းဆောင်ပြီးမှ အငြိမ်းစားယူရသည်။ အငြိမ်းစားယူ ဖို့ အမိန့်ထွက်ပြီးမှ လုပ်လက်စလုပ် ငန်းတာဝန်တွေ ပြီးအောင် ၄ လ ဆက်လုပ်ပေးရန် မေတ္တာရပ်ခံပြီး ဆက်ခန့်သည့်အတွက် ၄ လဆက် လုပ်ရသည်။ နောက်ဆုံးရက်အထိ ပြည့်ပြည့်ဝဝ လုပ်ပြီးမှ အငြိမ်းစားယူ ရသည်။ ကျွန်တော်ပါမောက္ခဌာနမှူး ဖြစ်ချိန်မှာ အမှတ်တရ ဆောင်ရွက် ရသည့် လုပ်ငန်းများ ရှိပါသည်။ ပါရ ဂူဘွဲ့အကြို သင်တန်းကို ဆက်ဖွင့်ပြီး ပထမဆုံး ပါရဂူဘွဲ့ရ ဒေါက်တာ အောင်မြင့်ဦး (ယခု ပါမောက္ခဌာန မှူး)ကို ထိုက်ထိုက်တန်တန် မွေးထုတ် ပေးနိုင်ခဲ့သည်။ ပါရဂူအကြိုတန်းမှာ ‘ဘာသာစကားအထူးပြု’နှင့် ‘စာပေ အထူးပြု’ခွဲ၍ ဖွင့်ခဲ့သည်။ အငြိမ်းစား ပညာရှင် ဆရာကြီး ဆရာမကြီးများကို ပါရဂူတန်း သင်ကြားရေးအတွက် ဖိတ်ကြားပြီး စီစဉ်ဆောင်ရွက်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် အရှေ့တိုင်းပညာ ဌာနမှ ခွဲထွက်ခဲ့သော မြန်မာစာဌာန သည် ၂ဝဝ၁ ခုနှစ်တွင် နှစ် ၆ဝ ပြည့် မြောက်ရာ မြန်မာစာဌာန နှစ် ၆ဝ ပွဲကို ကျွန်တော်ဦးဆောင်၍ ဌာန သားသမီးများ အကူအညီဖြင့် ခြိမ့် ခြိမ့်သဲသဲ ကျင်းပနိုင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်သို့ မဝင်မီ ၁၉၉၇ ခုမှ ၁၉၉၉ အထိ ဂျပန်နိုင်ငံ အိုဆာအာ နိုင်ငံခြား ဘာသာသင်တက္ကသိုလ်မှာ မြန်မာစာဧည့်ပါမောက္ခအဖြစ် တာ ဝန်ထမ်းဆောင်ခဲ့သော အတွေ့အ ကြုံကို အသုံးချ၍ သင်ကြားရေးကိစ္စ များ ဆောင်ရွက်ခဲ့သည်။ ထိုင်းနိုင်ငံ ချူလာကောင်ကွန်တက္ကသိုလ်နှင့် ဇင်းမယ်တက္ကသိုလ်တို့တွင် ကျင်းပ သော နိုင်ငံတကာ ဆွေးနွေးပွဲများမှာ စာတမ်းများ ဖတ်ကြားခဲ့သည်။

ထိုကာလမှာ အမျိုးသားစာပေ ဆုရသည် ရန်ကုန်တက္ကသိုလ်က ချီး မြှင့်သော ဂုဏ်ထူးဆောင် စာပေပါ ရဂူ (ဒီလစ်) ဘွဲ့ရသည်။ နိုင်ငံတော် က ချီးမြှင့်သော ဝိဇ္ဇာပညာထူးချွန် တံဆိပ် (ဒုတိယဆင့်)ရသည်။ အလုပ် များသည့်ကြားက စာအုပ်များလည်း အသင့်အတင့်ရေးသားပြုစုခဲ့သည်။

အမှတ်ထင်ထင်ဖြစ်ရသည်မှာ ၂ဝ ရာစုအကုန်ပိုင်းမှာ ၂၁ ရာစုအစ ပိုင်း၏ အလုပ်တာဝန်ထမ်းဆောင် ခဲ့ရခြင်းဖြစ်သည်။ ၂၁ ရာစု အနာ ဂတ်အလားအလာများ၏ အငွေ့အ သက်များ ခံစားရင်း စိတ်ကူးစိတ်သန်း အသစ်များ တိုးပွားရသည်။

ရန်ကုန်တက္ကသိုလ် မြန်မာစာ ဌာနကို ဆရာကြီး ဦးဖေမောင်တင် က စတင်စည်းရုံးပျိုးထောင်ပေးပြီး ပထမဆုံး မြန်မာစာပါမောက္ခဌာနမှူး အဖြစ် ဆရာကြီး ဦးဧမောင်က စ တင်ဆောင်ရွက်ခဲ့ရာ ကျွန်တော်မှာ ၁၄ ယောက်မြောက် ပါမောက္ခဌာန မှူးဖြစ်ပါသည်။ ပါရဂူအကြိုတန်း တွင် စာပေအထူးပြုသူများကို ခေတ် အလိုက်စာပေများနှင့် စာပေသဘော တရား၊ စာပေဝေဖန်ရေးဘာသာရပ် များ၊ ဘာသာစကားအထူးပြုသူများ ကို အတÄဗေဒ၊ လက်တွေ့အတÄဗေဒ၊ လူမှုဘာသာဗေဒ၊ ရေးဟန်ပညာ၊ အရေးပုံသဏ္ဌာန်ဗေဒ (စာအရေး အသားစနစ်) ဘာသာရပ်များ တိုးချဲ့ သင်ကြားပေးနိုင်ရန် ဆောင်ရွက်ခဲ့ပါ သည်။

အမှတ်တရဖြစ်ရပ်မှာပါမောက္ခ ဌာနမှူးတာဝန်ထမ်းဆောင်နေစဉ် ကျွန်တော် ၂ ကြိမ်အတိုင်ခံရခြင်း ဖြစ်သည်။ တိုင်သူများမှာ တပည့် များပင်ဖြစ်သည်။ ပထမအကြိမ်မှာ ပါရဂူအကြိုတန်းကျရှုံးသော ဆရာမ ငယ်တစ်ယောက်က မကျေနပ်ရာ တိုင်ကြားခြင်းဖြစ်သည်။ ဒုတိယ အကြိမ်မှာ သူလိုချင်သည့် အတန်း မှာ တာဝန်မပေးသည့်ကိစ္စကစ၍ သူဘဝင်မကျသည့် ကိစ္စများကို ဖော် ညွှန်းပြီး ဆရာငယ်တစ်ယောက်က တိုင်ကြားခြင်းဖြစ်သည်။ ၂ ကြိမ်စလုံး ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့များ ဖွဲ့၍ ကျွန်တော့်ကို စစ်ဆေးသည်။ ဌာနမှ သက်သေများကို စစ်မေး သည်။ ၂ ကြိမ်စလုံးမှာ ကျွန်တော် မှန်မှန်ကန်ကန်ဆောင်ရွက်ကြောင်း ပေါ်ထွက်သည့်အတွက် ကျွန်တော် ဘာမှမဖြစ်ခဲ့ပါ။ တိုင်ကြားသူများကို တော့ ထိုက်သင့်သလို အရေးယူ ဆောင်ရွက်ခြင်း၊ မျက်နှာစုံညီသက် သေဆုံးမခြင်းများ ပြုလုပ်သည်။ ဤ အကြောင်းများသည်လည်း ကျွန် တော်ဘဝမှာ သင်ခန်းစာယူစရာ အမှတ်တရများဖြစ်ပါသည်။

ဒုတိယအကြိမ် အတိုင်ခံရ၍ စစ်ဆေးပြီးသောအခါ စစ်ဆေးရေး အဖွဲ့မှာ ပါဝင်သော ပုဂ္ဂိုလ်က ”ဆရာခေါင်းမာတာ ကျွန်တော်သိပါ တယ်။ ဆရာက ကိုယ်မှန်တယ်ထင် ရင် လျှော့မပေးတတ်တာလည်း သိ ပါတယ်။ ဒါပေမဲ့ အများနဲ့ ဆောင် ရွက်ရတဲ့ကိစ္စတွေမှာတော့ ကိုယ့် ဘက်က လျှော့တန်တာကို လျှော့ရ တာလဲ ရှိပါတယ် ဆရာရယ်”ဟု နွေး ထွေးစွာမှတ်ချက်ချသည်။ ကျွန်တော် က ထိုပုဂ္ဂိုလ်၏ မှတ်ချက်စကားကို လေးစားစွာခံယူပြီး ထိုစကားသည် ကျွန်တော့်ကို ဂုဏ်ပြုသော စကား ဖြစ်သည်ဟု မှတ်ယူထားပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*