မှီခိုရာ

မှီခိုရာ
February 27, 2019 Asian Fame
မှီခိုရာ

“အရူးမကြီး”

”အရူးမကြီး”

ဆိုင်ကယ်ကယ်ရီသမားတွေက ကျောက်ခဲသေးသေးလေးတွေနဲ့ သူ့ ကို ပစ်ပေါက်ကာစကြတယ်။ သူက လည်း စိတ်တိုပြီး လုံချည်လှန်ပြပြီး အော်ဆဲတယ်။ ဒါက နေ့တိုင်းမရိုးနိုင် တဲ့ မြင်ကွင်းတစ်ခု။

သူက ကားမှတ်တိုင်မှာပဲ နေ သလို ကားမှတ်တိုင်မှာဘဲ အိပ်တယ်။ အရင်ကတော့ ရပ်ကွက်ထဲ အဝတ် လိုက်လျှော်တယ်လို့ သတင်းသဲ့သဲ့ ကြားတာပဲ။ အဲဒီလိုလျှော်တော့ အရက်ဆိုင်တွေက အရက်တွေ ချော့ တိုက်တယ်။ သူကိုယ်တိုင်ကလည်း ကိုယ်လက်တွေနာတယ်ဆိုပြီး တိုက် မိရာက အရက်ကို မသောက်မနေရ ဖြစ်သွားတယ်လို့ အရပ်ထဲတော့ ပြောကြပြန်တယ်။

သူကအရက်ကလေး ဝင်လာရင် သနပ်ခါးခြေစွန်းခေါင်းစွန်းလိမ်းပြီး ကော့နေအောင်ကတာ။ တွေ့သမျှ လူတိုင်းကိုလည်း နှုတ်ဆက်တတ် တယ်။ သူနေတဲ့ ကားမှတ်တိုင် ဝန်း ကျင်မှာဆို သန့်ရှင်းရေးလုပ်ထားတာ ပြောင်စင်လို့။ အရူးသာဆိုတယ် အ သန့်လည်း ဘာကြိုက်သလဲ မမေးနဲ့။ တစ်ခါတလေများ ကားမှတ်တိုင် စောင့်တဲ့သူက သတိလက်လွှတ်နဲ့ စားပြီးသား ပလပ်စတစ်အိတ်ကို စည်းကမ်းမဲ့လွှင့်ပစ်တာကို တွေ့ရင် ပြောလို့ မဆုံးတော့ဘူး။

”လူလိုမသိတတ်ဘူး။ ဒီနေရာ က လူအများနေတာ။ ဒီလိုစည်းကမ်း မဲ့နေလို့လဲ မြန်မာပြည်ပြည်ကြီး မတိုး တက်တာ”

ပါးစပ်ကလည်း ရေပိုက်က ရေ လွှတ်သလို တရစပ်ပြောသလို ချက် ချင်းကောက်ပြီး ဘေးနားက အမှိုက် ပုံထဲသွားထည့်တယ်။ အဲအချိန်များ ကားစီးဖို့ သွားစောင့်တဲ့သူတော့ ကံ ဆိုးပြီမှတ်။ ပြောလိုက်တဲ့ စည်းကမ်း ကြောင်းတွေက အပ်ကြောင်းထပ်နေ တယ်။

သူအဲလိုပိစိပွစိပြောနေလို့ စိတ် ထားဆိုးတယ်လို့လဲ ပြောလို့ မရပြန် ဘူး။ ခရီးသွားတွေက ကားလာစောင့် ရင်း မိုးရွာတဲ့အခါ သူ့ဆီကထီးတွေ အလကားပေးတတ်တယ်။ ဘယ်ကရ လာမှန်းမသိတဲ့ ထီးတွေက သူ့ဆီမှာ အများကြီး။ ပေးလည်း ပေးတာဘဲ လျော့သွားတယ်လည်း မရှိဘူး။

သူအမှိုက်ပုံမှာ ရှိနေတာကို ကြည်ဖြူတဲ့သူတွေရှိသလို မကြည်ဖြူ တဲ့သူတွေလည်း ရှိကြသေးတယ်။ အမှိုက်ပုံဘေးမှာ ဆေးလိပ်ကြီး တ ဖွာဖွာနဲ့ မီးကြောက်ရတယ်ဆိုပြီး မနေသင့်ကြောင်း ပြောတဲ့အထဲမှာ ဦးစိန်ဘက ထိပ်ဆုံးက။ တလောကပဲ ရပ်ကွက်အစည်းအဝေးမှာ သူက ”အခုချိန်က နွေရာသီဆိုတော့ မီးဘေး အန္တရာယ်က ကြောက်ရတယ်။ ဒါ ကြောင့် ဒီအရူးမကို နေရာပြောင်းပေး ဖို့ ကျုပ်တောင်းဆိုပါတယ်”

”ခင်ဗျားအဲလို မပြောနဲ့လေဗျာ သူမှာ နေစရာအိမ်မှ မရှိတာ။ ပြီး တော့ သူက အမှိုက်တွေလည်း အမြဲ ရှင်းတယ်လေ”

ဦးပြောင်ကြီးက ထကန့်ကွက် တယ်။

”ကျုပ်ပြောတာ ရက်ကွက် အ ကျိုးအတွက် ပြောတာပါဗျာ။ မဖြစ်ခင် က ကြိုတင်ကာကွယ်တဲ့သဘောပါဗျ”

”နေကြစမ်းပါဦးဗျာ။ ကျုပ် လည်း ပြောပါရစေဦး”

အုပ်ချုပ်ရေးမှူးက ကြားက ဝင်တားလိုက်ရင်း

”အဘဦးစိန်ဘပြောသလို သူ့ ရဲ့ဆေးလိပ်ကြောင့် မီးဘေးကြောက် ရတယ်ဆိုတာလည်း မှန်သလို ဦး ပြောင်ကြီးပြောသလို သူရှိလို့ ကား မှတ်တိုင်ဝန်းကျင်မှာ အမှိုက်တွေ ရှင်းနေတာလည်း ကျုပ်လက်ခံတယ်။ ဒါပေမဲ့ …”

အုပ်ချုပ်ရေးမှူးက ဘာမှဆက် မပြောသေးဘဲ စဉ်းစားဟန်ပြုပြီး

”ကျုပ်ရပ်ကွက်ကလူတွေနဲ့ တိုင်ပင်ပြီး အကောင်းဆုံးလုပ်သွား ပါ့မယ်”

တစ်ချက်တစ်ချက် ချဉ်စုတ်စုတ် တိုးဝင်လာတဲ့ အနံ့ဆိုးတစ်ခုကြောင့် ပန်ကာကို နံပါတ်(၃)ထိ တိုးနှိပ် လိုက်ရတယ်။ မြောက်လေတိုက်နေ တာဆိုတော့ ဒီအနံ့က ကားမှတ်တိုင် နားက လာတာဖြစ်မယ်။ ကားမှတ်တိုင် ဆိုမှ သူ့ကိုသတိရမိသွားတယ်။ခါ တိုင်းဆို ဆိုင်မှာ ရေဗူးလေးနဲ့ ရေ လာလာခပ်တဲ့ သူ။ အခုတော့ မတွေ့ တာ နှစ်ရက်သုံးရက်ရှိပြီ။ ဘာဖြစ်လို့ ပါလိမ့်။ နေမကောင်းလို့ များလား မသိ။

ဘေးက အရောင်းဝန်ထမ်း ညီ လေးကို မေးကြည့်လိုက်မိတယ် ။

”ကိုကြီးသိဘူးလား။ တစ်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ လူကြီး အချို့လာပြီး သူ့ကို ကားမှတ်တိုင်မှာ မနေမနေနဲ့ဆိုပြီး မောင်းထုတ်ပစ် လိုက်တယ်”

”ဟေ”

ဟေတစ်လုံးသား ကျုပ်ပါးစပ်က ထွက်လာနိုင်တယ်။ ဒါကြောင့် အမှိုက်ပုံက အနံ့တွေထွက်နေတာကိုး။

”သူက အခုဘယ်ရောက်သွားလဲ”

”မသိဘူးကိုကြီးရဲ့ သူမှာ ဆွေ မျိုးတွေလည်း ရှိတယ်မကြာဘူး”

”သြော် … သနားစရာကွာ”

”ဟုတ်တယ်ကိုကြီး အခုဆို သူ မရှိတော့ အမှိုက်ပုံကို သန့်ရှင်းမဲ့သူ လည်း မရှိတော့ဘူး။ နံလိုက်တာဗျာ”

နှာခေါင်းကို လက်နဲ့ကာရင်း ပြောတဲ့ ညီလေးရဲ့ စကားတွေမကြား နိုင်တော့ဘဲ ကားမှတ်တိုင်မှာ ဆောင့် ကြောင့်ထိုင်ပြီး ဆေးလိပ်ကိုအားရပါး ရ ရှုရှိုက်နေတဲ့ ပုံရိပ်တွေက ပေါ်လာ တယ်။

”အေးလေ လူတစ်ယောက်မရှိ တော့မှ သူ့ရဲ့တန်ဘိုးကဘသိတာ လာတတ်တာမျိုးကိုး”

”ဟီး ဟီး …ငါ့ကို ကျောက် ခဲနဲ့ ပေါက်တယ်”

မနက်စောစောစီးစီး ဆိုင်ရှေ့ မှာ လာငိုတဲ့အသံကို ကြားကတည်းက သူဆိုတာ သိလိုက်တယ်။ သူက တစ် ခုခုဆို ဆိုင်ကိုလာပြီး ပြောနေကျ။

”ဘာဖြစ်တာလဲ အန်တီ”

သူက ခြေသလုံးကို လှန်ပြရင်း…

”ဒီမယ် ငါ့ကို ဟောသလောက် ရှိတဲ့ ကျောက်ခဲနဲ့ပေါက်တာ။ ဒီမယ် သွေးတွေထွက်ပြီ”

သူ့လက်နှစ်ဘက်ကို ကျောက်ခဲ အရွယ်အစားပုံ ဝိုင်းပြရင်းပြောပြန် တယ်။

ဟုတ်သားဘဲ။ သူ့ခြေသလုံးမှာ သွေးတွေ ထွက်နေတယ်။ လုပ်ရက် လိုက်ကြတာ။ သူဟာ စိတ်လွတ်လို့ ပြောချင်တာပြောတာကို လူကောင်း တွေက ခွင့်မလွှတ်နိုင်ကြဘူး။ အို လောကကြီးရယ်။ သနားစာနာမှုတွေ ခန်းခြောက်ကုန်ပြီလား။

”ကဲအန်တီ မငိုနဲ့ တိတ်တော့ နော်။ ကျွန်တော်ဆေးထည့်ပေးမယ်”

စပရယ် ဒိုင်းဆေးဗူးကို ယူပြီး အနာကို ထည့်ပေးလိုက်တယ်။ သူက ဆက်ငိုနေဆဲ။
”အန်တီမုန့်စားရအောင် ရော့ မုန့်ဖိုး”

တစ်ထောင်တစ်တစ်ရွက်ကို သူ့ လက်ထဲ ထည့်ပေးလိုက်တော့ …

”ဟေး”ဆိုပြီး ထခုန်တယ်။ ခြေ ထောက်က ဒဏ်ရာကိုတောင် သတိ ထားမိဟန်မတူတော့ဘူး။

”ငါထမင်းမစားရတာ ကြာပြီ။ ထမင်းစားလို့ ရပြီကွ”

ခုန်ပေါက်ရင်း ရပ်ကွက်က ထမင်းဆိုင်ကို ပြေးထွက်သွားတယ်။ လက်ထဲက စပရယ်ဒိုင်းဆေးဗူးလေး ကို ကိုင်ရင်း ကားမှတ်တိုင်ကို လှမ်း ကြည့်မိတော့ အမှိုက်တွေ မရှိတော့ ဘူး။ အခုမှ ခုနှစ်နာရီထိုးဘဲ ရှိသေး တယ်။ ဘယ်အချိန်ကများ အမှိုက် တွေ ကျုံးထားလိုက်ပါလိမ့်။

ထ ထ ထ
ရေးပြီးသားကို ပိုပြီး ထင်ရှား အောင် ထပ်ရေးလိုက်တယ်။ စာလုံး ပေါင်းမမှားအောင်လည်း ထပ်ဖတ် မိပြန်တယ်။
”ဆိုင်အနီးတွင် ဖုန်းတစ်လုံးကို ဒီညအတွက် ပံ့သကူ စွန့်ထားပါသည်”

”အစ်ကိုကြီး အဲစာက ဘာအ တွက်လဲ”

ညီလေးကအနားရောက်လာပြီး စပ်စုတယ်။

”ဒီည တန်ဆောင်မုန်းလပြည့် ကျော် (၁) ရက်နေ့။ လေကွာ။ ဒါ ကြောင့် ပံ့သကူစွန့်မလို့ ကြေညာနေ တာ”
”ဟုတ်ကိုကြီး ညီလေးတို့လည်း ရှာမယ်”

မနက်ခင်းပိုင်းနဲ့ နေ့ခင်းပိုင်း ဆိုင်ကို ဈေးလာဝယ်သူတွေက ရေး ထားတဲ့စာကို ကွက်ကြည့်ကွက်ကြည့် ဖြစ်နေကြတယ်။ ဆိုင်ကယ်ကယ်ရီ သမား လှဦးက –
”အစ်ကို ဘယ်မှာ ပစ်ထားတာ လဲ။ ညီလေးတို့ ရှာမလို့”

”ဆိုင်အနီးမှာကွာ မထင်မှတ် တဲ့နေရာမှာပစ်ထားတယ်။ အများ အတွက် ကောင်းကျိုးပြုသူ တွေ့လိမ့် မယ်”
”အိုကေ သေချာရှာမယ်”

လှဦးက ကျေနပ်သွားဟန်နဲ့ ဟို ကြည့် ဒီကြည့်လုပ်ရင်း ပြန်သွား တယ်။

လပြည့်ကျော် (၁)ရက်နေမို့ အ လင်းရောင်က နေရာအနှံ့ဆီကို ဖြာ ကျလျက်။ လူတချို့ကတော့ ဒီအ လင်းရောင်ကို မလုံလောက်ပဲ ဓာတ် မီးရောင်တွေက တဝင်းဝင်း။ အလင်း ရောင်တွေက နေရာအနှံ့။ တချို့က သစ်ပင်တွေပေါ်ကို ထိုးလို့။ အချို့ ကျ ပြန်တော့ သစ်ပင်တွေကြား။ မီး ရောင်တွေက အများကြီး ။
”ကိုဖုန်းမင်းသားကြီး ဖုန်းပစ် တာ တကယ်ပါနော်”

ညနေကလာတဲ့ ဆိုင်ကယ်ကယ် ရီသမားလှဦးက မယုံသလိုမေးတယ်။

”သေချာပါတယ်ကွ ဒီည တစ် ယောက်ယောက် တွေ့ကို တွေ့လိမ့် မယ်”
”ဒါဆို ရှာလိုက်ဦးမယ်ဗျာ”

အမြန်ပြောရင်း ဆက်ရှာပြန် တယ်။ နာရီဝက်လောက်ကြာတော့
”ဟေး ဖုန်းတစ်လုံးတွေ့ပြီ”

”ဖုန်းတစ်လုံးတွေ့ပြီ”
ကားမှတ်တိုင်ဘက်က အသံ ထွက်လာတယ်။ သူ့အသံကြောင့် ကျွန်တော်ကျေနပ်စွာ ပြုံးလိုက်မိ တယ်။

”ပေးဘူး ငါတွေ့တာ အမှိုက်ပုံ ထဲက”

”အရူးမ အရိုက်ခံချင်လို့လား ပေးစမ်း”
ကားမှတ်တိုင်ဆီကို ကျွန်တော် ရောက်တော့ လူတွေ အများကြီး စုရုံး ရောက်နေကြပြီ။

”ပေးဘူး ငါတွေ့တာ ပေးဘူး”
ဖုန်းကို ရင်ခွင်ကြားမှာ ဝှက်ထားရင်း ပါးစပ်က တတွတ်တွတ်အော်နေတယ်။

”အစ်ကိုကလည်းဗျာ။ ထားစရာ ရှားလို့ အမှိုက်ပုံထဲမှာ ဖုန်းကို သွား ထားရတယ်လို့”

ဆိုင်ကယ်သမားလှဦးက မကျေ မချမ်းသံနဲ့ ဆီးပြောတယ်။
ကျွန်တော်က ပြုံးလိုက်ရင်း…

”မင်းကိုအစက ငါပြောသားပဲ အများကောင်းကျိုးပြုသူတွေ့ပါလိမ့်မယ်လို့။ သူက အမြဲတမ်း ကားမှတ် တိုင်ဘေးက အမှိုက်ပုံကို သိမ်းတယ်။ သူဒီလိုသိမ်းတာ ပိုက်ဆံရလို့ မဟုတ် ဘူး။ သူ့အသိစိတ်နဲ့ကို သိမ်းတာ။ ဘယ်လောက်လေး စားစရာကောင်း တဲ့ စိတ်ထားလဲ။ သူ့မှာ ဒီနေရာလေး နေတာလေးတစ်ခုနဲ့ လစာတွေ မရ တဲ့ ကုသိုလ်ကို လုပ်တယ်။ တလော က သုံးရက်လောက် သူပျောက်သွား တော့ ဒီပတ်ဝန်းကျင်မှာ အနံ့တွေ မွှန်နေအောင် နံတယ်။ ဘယ်သူမှ အသိစိတ်နဲ့ ပစ်သူမရှိဘူး”

”ဟုတ်တယ်နော် ငါတို့ဆို နံလို့ ထမင်းတောင် မစားနိုင်ဘူး”

အမှိုက်ပုံးဘေး လက်ဖက်ရည် ဆိုင်က လင်းခေတ်ဇော်က ထောက်ခံ တယ်။

”မှန်တယ်ဗျ။ သူဟာ တစ်ခါ တစ်ရံ သတိလက်လွတ်ပြောတာက လွဲပြီး ဘာအမှားမှ မလုပ်သလို အများအတွက်လည်း ထိခိုက်အောင် ဒီနေ့ထိ မလုပ်ဖူးဘူး။ ဒါကြောင့် ကျွန် တော်အနေနဲ့ကတော့ သူ့ကို ဒီနေရာ မှာ အမြဲရှိနေစေချင်တယ်ဗျာ။ သူ့ အတွက်လည်း မှီတွယ်ရာ ဖြစ်သလို ကျွန်တော်တို့ ပတ်ဝန်းကျင်အတွက် လည်း အမြဲသန့်ရှင်းနေစေတာပေါ့”

”သူ့ကို ဒီနေရာမှာ နေခွင့်ပေး လိုက်ပါဗျာ စည်ပင်ကလူကြီးတွေလာ ရင်လည်း ကျုပ်သေချာပြောပြလိုက် ပါ့မယ်”

ဘယ်အချိန်က ရောက်နေမှန်း မသိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဝင်ပြောတယ်။

ကျေးဇူးတင်ပါတယ်ဗျာ။ အခု သူတွေ့တဲ့ဖုန်းရဲ့ တန်ဘိုးက နှစ်သိန်း ခြောက်သောင်းတန်ပါတယ်။ ဒီဖုန်း ဟာ သူ့အတွက် အသုံးဝင်မှာမဟုတ် ပါဘူး။ ဒါကြောင့် အများရှေ့မှာ သူ့ ဆီကဖုန်းကို သိမ်းပြီး တစ်ရက်ကို သူ့ အတွက် ထမင်းဖိုး တစ်ရက်ကို သုံး ထောင်ပေးမယ်။ သုံးလအထိ သူ့အ တွက် စားဝတ်နေရေး အဆင်ပြေစေ ပါလိမ့်မယ်”

”ကောင်းတယ် အဲစိတ်ကူး”

”ဟုတ်တယ် သူ့အတွက် စား ဝတ်နေရေး မပူရတော့ဘူးပေါ့”

”ငါ့တူ စိတ်ကူးကောင်းတယ်”

လူအုပ်ထဲက ထောက်ခံသံတွေရ တော့ သူ့ဆီက ဖုန်းကို တောင်းလိုက် တယ်။

”အန်တီ ကျွန်တော့်ကို အဲဖုန်း လေးပေးနော်။ နေ့တိုင်း မုန့်ဖိုးပေး မယ်”

သူက ဆတ်ကနဲကြည့်တယ်။ ပြီးတော့

”ဒီတူလေးက ငါ့ကို အမြဲ ပိုက် ဆံပေးတယ် ရော့”

သူ့လက်ထဲက ဖုန်းကို ကျွန် တော်ဆီကို ထိုးပေးတယ်။ ကျွန်တော် လည်း အိတ်ကပ်ထဲက တစ်ထောင် တန်သုံးရွက်ကို ယူလိုက်ပြီး

”ရော့ အန်တီမနက်ဖြန် ထမင်း စားဖို့။ နောက်နေ့တွေလည်း အမြဲ ပေးမယ်နော်။ ပြီးတော့ဘယ်မှမသွား တော့နဲ့ ဒီနေရာမှာ အမြဲနေနော်”

”ဟေး ပျော်လိုက်တာ။ ငါ့တူလေး ကျန်းမာပါစေ ချမ်းသာပါစေ …”

ကျွန်တော်ပေးတဲ့ တစ်ထောင် တန်သုံးရွက်ကို ကိုင်ပြီး ကခုန်နေပါ တယ်။ သူပျော်သလို ကျွန်တော့် ရင်ထဲမှာလည်း ပျော်ရွှင်နေမိတယ်။ သူ့အတွက် အမြဲတမ်းနေထိုင်ရမယ့် မှီခိုရာ နေရာလေးရသွားပြီလေ။

မောင်မြင့်ဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*