မီးတောက်ပုရပိုက်ထဲက

မီးတောက်ပုရပိုက်ထဲက
February 20, 2019 Asian Fame

ရနံ့သေ အတ္ထုပ္ပတ္တိနဲ့ ကျွန်တော်ဟာ
သတင်း မကြီးတဲ့ ကြယ်၊ အလင်း မရှိတဲ့ ကြယ်လို
ညဥ့်ယံ အလယ်
အမှောင်ကို ခိုးယူပေါင်းသင်းပြီး ကြီးပြင်းရတဲ့ စနေမီးတောက်
ဆောင်းဦးပေါက်မှာ စံပယ်မလေးရဲ့ အမည်ကို
ခိုးဝှက်ရွတ်ဆိုနေမိတယ် ။

ဒီဇင်ဘာကို ဖွင့်ဖောက်ထားတဲ့ မြူနှင်း အခိုးအငွေ့နဲ့
အလင်းမဲ့ရာ ကောင်းကင်
ကိုယ့်အသက်ကိုယ် ဝတ်ဆင်ထားပေမယ့်
ညရဲ့ တိတ်ဆိတ်မှုကို ခွေးအူသံတွေက ဆွဲဆွဲဖွင့်
ကျိန်စာသင့် နယ်မြေက စံပယ်မလေး လွတ်မြောက်နိုင်ပါ့မလား ။

မင်းလက်ရေးနဲ့ ငါ့အမည်
မင်းစိတ်နဲ့ ငါ့အသက်က ပါးလျား
ဒါဟာ စံပယ်မလေး ဝိညာဉ်လား
ကျွန်တော့်အခန်းထဲ ရနံ့တွေ တဝီဝီပျံသန်း
ဓားနဲ့ ပစ်ပေါက်ခံရတဲ့ နံရံလို ”အား”လို့ အော်ခွင့်မရတဲ့ကျွန်တော်
အဖြူရောင်ဝတ်ရုံထဲက သံသယနဲ့ နိဂုံးကို အစရှာမိတယ် ။
ချဉ်လာတဲ့အခါ ထွေးထုတ်ဖို့ မမေ့သမျှ၊ ကျွန်တော့်ခန္ဓာထဲက
ကျွန်တော့်အရိုးကို ထုတ်၊ ကျွန်တော့်အရေပြားကို ဆွဲဆုတ် ထီးလုပ်မိုးပေး
ကျွန်တော်ရေးမှတ်ထားတဲ့
အမှားတစ်ခုကို ဖွင့်ဖတ်ပြီး
နာကျင်စွာ ဓားတစ်ချောင်းက
လူ့အသက်ကို မျိုချလိုက်သလို
စံပယ်မလေးရေ၊ ယဇ်ကောင်အဖြစ် အရှုံးနဲ့
တေးဆိုနေသေးလား ။

သံသရာလည်နည်းတစ်မျိုးက အာဟာရမဖြစ်လို့
မင်းအနမ်းဟာ ငါ့ပင်လယ်ထဲ ရွာချတဲ့
မြူခိုးမြူငွေ့လို
ဆာလောင်မှုက ကျွန်တော့်ကိုယ်ပေါ်
ရွှဲရွှဲစိုစေခဲ့တယ် ။

မေမေရေ …တွဲထူပါ၊ တွဲကူပါ
အလိုဆန္ဒအရ ကျွန်တော်က ကိလေသာမီးတောက်
လမ်းပျောက်နေတဲ့ ကျွန်တစ်ယောက်လို
စံပယ်မလေးရဲ့ အမည်ကို ရေးခြစ်ထားပြီးမှ
သေမင်းမှတ်စုမှာ တငွေ့ငွေ့လောင်ကျွမ်းခံရတဲ့ ကောင်ပါ ။

နေဘုဏ်းဝေ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*