ခေါင်ကြား..

ခေါင်ကြား..
February 19, 2019 Asian Fame
ခေါင်ကြား..

ကျွန်တော့်ဘဝအတွက် ‘ခေါင်းကြား’ဟူသော စကားလုံး အသစ်ကို ငယ်စဉ်ကလေးဘဝမှာပင် ကျွန်တော်စ၍ ကြားဖူးခဲ့သည်။

ခေါင်းကြားစကားလုံးနှင့်စတင် ရင်းနှီးစဉ်က ကျွန်တော်သည် ကြက် ချေးတန်းပင် မတက်ရသော ကလေး သူငယ်တစ်ယောက်ဖြစ်သည်ကို ကျွန်တော်မှတ်မိနေပါသည်။ ကြက် ချေးတန်းဆိုသည်မှာ သူငယ်တန်း လေးခေါ်ခြင်းဖြစ်သည်။ ကျောင်းစ ရောက်စဉ် ကြက်ချေးတန်းတက်ရ သည်။ ကြက်ချေးအောင်မှ သူငယ် တန်းတက်ရသည်။ ကျွန်တော်တို့တုန်း က သူငယ်တန်းလေး၊ သူငယ်တန်း ကြီးအခေါ်အဝေါ်မရှိသေးပါ။

ခေါင်းကြားဆိုသော ဝေါဟာရ ကို ကျွန်တော့်အမေထံမှ စတင်ကြား ဖူးခြင်းဖြစ်ပါသည်။ ထိုခေါင်းကြား ဝေါဟာရအကြောင်း ပြန်တွေးမိသော အခါ၊ ကွယ်လွန်သူစာရေးဆရာ စိုး အောင် (မန္တလေး)ကို အထူးသတိရ၊ ကျွန်တော်၏ စာရေးဆရာဘဝတွင် ကျွန်တော်ငယ်စဉ်က အကြောင်းများ ကို အများဆုံးရေးဖြစ်ခဲ့ခြင်းအပေါ် စိုးအောင်က ”စောဘရန်ငြိမ်းက သူက ဘဝအကြောင်းရေးမယ်ဆိုရင် ကလေးဘဝကို အတော်ပြန်မှတ်မိသူ လို့ မှတ်ချက်ပေးခဲ့ဖူးတာ သတိရပါ သည်။

ကျွန်တော်ကလည်း ကျွန်တော်။ ကျွန်တော်မှတ်မိချင်တာဆို အလွန် မှတ်မိတတ်ပြီး၊ မမှတ်မိချင်တာဆို လည်း မမှတ်မိတတ်။ ထိုခေါင်းကြား စတင်ကြားဖူးစဉ်က ကျွန်တော်သည် ကျောင်းပင်မနေရသေး။ ကျွန်တော် တို့တုန်းက ၇ နှစ်လောက်မှ ကျောင်း စနေကြတာဆိုတော့ ခေါင်းကြားကို ကျွန်တော်စတွေ့စဉ်က ၄ နှစ်၊ ၅ နှစ် လောက်ပင် ရှိဦးမည်ဖြစ်သည်။ ထို အရွယ်က ကျွန်တော်နှင့် ကျွန်တော့် အမေတို့သည် ကျွန်တော်တို့ ရပ် ကွက်၏ အနောက်ဖက်ချိုင့်ဝှမ်းရပ် ကွက်များဆီသို့ ခဏခဏ ရောက် ကြသည်။ အခြားအပေါင်းအသင်း မိန်းမဖော်များလည်း ပါပါသည်။ အဲဒီရပ်ကွက်တွေဆီ အမေနှင့် သူ့ အဖော်များ ဘာကြောင့်သွားကြသည် ကိုတော့ ကျွန်တော်မမှတ်မိပါ။ သွား တာကတော့ အမြဲဖြစ်သည်။ ကျွန် တော်တို့ သွားရာလမ်းတွင် ဆင်မ ထောက်ကုန်းဆိုသော ရှေး ….. ရှေးမင်းတွေလက်ထက်က ဆင်များ ရေချိုးသောကန်ဟု အမေက သူကြား ဖူးသည်ကို ပြောပြပါသည်။ ရေကန် အနက်က ဆင်တောင်မထောက်မိဟု ရှင်းပြသောအခါ၊ ရေကြောက်သော ကျွန်တော့်မှာ ဆင်မထောက်ကန်ကို စမ်းသပ်ပင် မကြည့်ရဲခဲ့သည်ကို မှတ် မိနေသည်။

အဲ …ကျွန်တော် ခေါင်းကြား ကို ဖော်ပြရမည့်အချိန်ကို ရောက်လာ ပါပြီ။ အဆိုပါ ဆင်မထောက်ကန်ထဲ တွင် ထိုခေတ်က မျက်နှာချေ အမှုန်း သား၊ နှုတ်ခမ်းနီးပါးနီရဲရဲ တင်ထား သော အသက် ၂ဝ ကျော် မိန်းမသား တစ်ဦးကို ကျွန်တော်တို့ အမြဲလိုလို တွေ့ရသည်။ ခေါင်းကြားသည် ထို မိန်းမကို အကြောင်းပြု၍ ပေါ်လာ သော ဝေါဟာရသစ်ပင်ဖြစ်သည်။ အမေက သစ်ပင်ချုံနွယ်ကို ခပ်ကွယ် ကွယ်ထိုင်နေသော ထိုမိန်းမအား ကြည့်ပြီး

”ဒီမိန်းမ ခေါင်းကြားကိုကြောက် လို့နေမှာ”

ကလေးဘဝမှာပင် ကျွန်တော့် ကို စဉ်းစားတတ်စေတာဟာ ဒီခေါင်း ကြားပါပဲလို့ ကျွန်တော်ကိုယ်ကျွန် တော် ပြောမယ်ဗျာ။ အဲဒါ ကျွန်တော် ငြင်းမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကလေးတစ်ယောက် ခေါင်းမှာ သည် ခေါင်းကြားက မခန့်တရန့်ကလုပ်နေ တာတော့ အတော်ခက်လှသည်။ ထို စဉ်က ကျွန်တော့်ခေါင်းသည် ခေါင်း ကြားနှင့် မဆံ့မပြဲ။ သို့သော် ကျွန် တော်ကတော့ ခေါင်းကြားကို အရမ်း စိတ်ဝင်စားနေပြီဖြစ်သည်။ နောက် ဆုံးမအောင့်နိုင်သောအခါ အမေကို မေးကြည့်သည် …
”အမေဒီမိန်းမက ဘာကြောင့်ခေါင်း ကြားကို ကြောက်ရတာလဲ။ ခေါင်း ကြားဆိုတာ ဘယ်သူလဲ …”

ထိုမေးခွန်းအတွက် အမေ့အ ဖြေမှာ ကျွန်တော့်ခေါင်းကို သူ့လက် ခေါက်ဖြင့် ဒေါင်ကနဲခေါက်လိုက်ခြင်း သာဖြစ်သည်။ ထပ်၍မေးသောအခါ ထပ်၍ ဒေါင်ကနဲခေါက်ပြန်သည်။ ဤသို့ဖြင့် ကျွန်တော်ခေါင်းကြားကို လက်လျှော့ရမလို အခြေအနေဖြစ် လာသည်။ ယင်းသို့ သိချင်တာ မသိ ရသောအခါ ခေါင်းကြားကလည်း ကျွန်တော့်ဘဝထဲကို တိုးချဲ့နေရာယူ ပါတော့သည်။

နောက်ဆုံးတော့ ခေါင်းကြား ဟာ ကျွန်တော့်ဟီးရိုးဖြစ်လာပြန်ပါ သည်။ ဟို …မိန်းမ ကျွန်တော့် ခေါင်းကြားကို ကြောက်တယ်ဆိုတာ ကြားက ကျွန်တော်မခံချင်ဘူးဖြစ်လာ သည်။ ဘာကောင်မလဲ ငါ့ခေါင်းကြား ကိုများပေါ့။ ခေါင်းကြားကို ကြိုက် တာလည်း မပြောနဲ့။ ခေါင်းကြားကို ကျွန်တော်အဓိပ္ပာယ်ဖွင့်ပုံကလည်း အတော်ကို ပန်းချီဆန်ခဲ့တာ မှတ်မိ ပါသည်။ ကလေးအတွေး တွေးပုံက လည်း ဒီလို …

ငါတို့ဆို ခေါင်းက အနက်ကြီး ပြီးတော့ တစ်ရောင်ထဲခေါင်းကြားဆိုတော့ အနည်းဆုံး နှစ်ရောင်အောက်ထစ်”

ဤသို့ စတွေးမိရာက၊ ခေါင်း အနက်နှင့် တွဲဖက်ဆက်စပ်သင့်သည့် အရောင်ရှိ၊ မရှိ စိတ်ကူးထဲ ရှာဖွေ ကြည့်မိသည်။ အတွေးတွေကလည်း အနက်နှင့် အစိမ်း ‘ကြား’ရိုက်လျှင် အရောင်ငြိမ်ငြိမ်ဖြင့် လှမည်။ အနက် နှင့်အဝါ ‘ကြား’ပေးတိုက်လျှင် အ နက်လည်း ပိုထင်ကာ အဝါလည်း ပိုထင်ပေါ်နှင့် ပေါ်ပေါ်လွင်လွင်လှ မည်။ ထိုစဉ်ကတော့ ကျွန်တော့်အဖို့ ရိုးရိုးခေါင်းနှင့် ခေါင်းကြားတွင် ခေါင်းကြားကိုသာ အမှတ်တွေ ပိုပေး နေမိသည်။

ထို့နောက် ကျွန်တော်မူလတန်း ကျောင်းစရောက်သည်။ ကြက်ချေး တန်းတွင် ခေါင်းကြားပါလာသည်။ သူငယ်တန်းတွင်လည်း ခေါင်းကြား က ရှိနေသေးသည်။ သူငယ်တန်းနှင့် ပထမတန်း၊ ဒုတိယတန်းအထိ ခေါင်း ကြားကို ကျွန်တော်လက်မလွှတ်လိုက် သေး။ ခေါင်းကြားသည် ‘ခိုင်’လျှက်။ သည်လိုနှင့် တတိယတန်းရောက်လာ သောအခါ ကျွန်တော်သည် ခေါင်း ကြားကြိုက်စိတ်သည် အထွဋ်အထိပ် သို့ ရောက်လာတော့သည်။

”ဖွတ်တောင်မှ
ရိုးရိုးဖွတ်နဲ့ ဖွတ်ကြား
ဖွတ်ကြားက ပိုလှတယ် …”

ကျွန်တော်ခေါင်းထဲကို ဘယ် အကောင်ရိုက်ထည့်လိုက်မှန်းမသိ သော ဖွတ်ကြားကြောင့် ကျွန် တော်ခေါင်းကြားကို ဆက်ပြီးသာ ပွေ့ဖက်ခဲ့ပါတော့သည်။ ကျွန်တော် အလယ်တန်းရောက်သောအခါ ကျောင်းစာအပြင် ‘အပြင်စာ’များကို ပါ ဖတ်ဖြစ်ခဲ့သည်။ ထိုအခါ ကျွန် တော်ကို ပူးကပ်ခဲ့သော ခေါင်းကြား လည်း ကျွန်တော့်ကို စွန့်ခွာပြေးပါ တော့သည်။

ခုနှယ်ခါ အမေများရှိသေးလို့ ကျွန်တော်က ခေါင်းကြားဘာလဲမေး ရင် အရင်ကျွန်တော့်ကို လက်ခေါက် နဲ့ ဒေါင်ကနဲမြည်အောင် ခေါက်မ လား။ ဒါမှမဟုတ် ဖိနပ်နဲ့ ချွတ်ရိုက် မလား။ ကျွန်တော်ဖြင့် မပြောတတ် တော့ဘူး။

 

စောဘရန်ငြိမ်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*