ဆရာကြီး

ဆရာကြီး
February 7, 2019 Asian Fame
ဆရာကြီး

ကွယ်လွန်သူစာရေးဆရာ ‘ဗမိုး’ (အမေရိကပြန်၊ ဘဏ်အရာရှိ ဟောင်း)နှင့် ကျွန်တော်အထိုက် အလျောက်ရင်းနှီးခဲ့ဖူးပါသည်။ သူ့ကို ”ဆရာကြီး”ဟု ကျွန်တော်က အာ လုတ်ပြုလျှင် သူ့မျက်နှာကြီး နီလာပြီး သူဒေါပွတတ်ပါသည်။

”ဟေ့ကောင် ကြူးနှစ်၊ ငါ့ကို ဆရာကြီးလို့ မခေါ်ရဘူးလို့ အတန် တန်သတိပေးထားရက်သားနဲ့ကွာ ..ဟင်း ..ဟင်း”

”အို ..ဘွာတေး၊ ဘွာတေး ..အဲ ယောင်လို့ ဆောရီးဆရာ။ ဆောရီး …ဆောရီး”ဟု ကျွန်တော် က လက်အုပ်ကလေးချီ၍ တောင်းပန် ရပါသည်။ ဘာကြောင့် …(ဆရာ ကြီး)အသုံးအနှုန်းကို သူမကြိုက်မှန်း ကျွန်တော်မသိပါ။ အကြောင်းတော့ ရှိနိုင်သည်။ ထိုခေတ် (လွန်ခဲ့သော နှစ်လေးဆယ် နီးပါးက)တွင် တရား မဝင် မူးယစ် ဆေးဝါးဖြစ်သော ‘ဆေးခြောက်’ marijuana မာရီဝါနာကို ဘန်းစ ကားအဖြစ် ‘ဆရာကြီး’ဟု သုံး နှုန်းခဲ့ ဖူးပါသည်။ ဆေးခြောက်ရှုခြင်းကို ‘ဆရာကြီးပင့်သည်’ဟု သုံးနှုန်းကြ ပါ သည်။ ထိုအကြောင်းကြောင့် ဆရာ ဗမိုးက သူ့အား ‘ဆရာကြီး’ဟု အ ခေါ်မခံခြင်းလားမသိပါ။ နောက် တစ်ကြောင်းကတော့ စာရေးဆရာ ကြီး ‘တက်တိုး’သည် ‘ဆရာကြီး’ က လောင်အမည်ဖြင့် အင်္ဂလိပ်စာ သင် ခန်းစာများ ရေးသားပုံနှိပ်၍ ထုတ် ဝေရာ၊ အင်္ဂလိပ်စာဆည်းပူးလို သူ များအကြား နာမည်ရလျက်ရှိပါ သည်။ ဆရာဗမိုးသည် ဆရာတက် တိုးက ‘ဆရာကြီး’ကလောင်အမည်ခံ ထားခြင်းကို အုံ့ပုန်းမကျေနပ်သော ကြောင့်လား၊ ဘာလားညာလား ကျွန် တော်မသိပါ။

စင်စစ်သော် …’ဆရာကြီး’ အသုံးအနှုန်းသည် အဘိဓာန်စာရင်း ဝင်၊ မြန်မာဝေါဟာရစစ်စစ်ဖြစ်သည်။ ကျောင်းအုပ်ဆရာကြီးဆိုလျှင် ‘ဆရာ ကြီး’ဟူသော အခေါ်များသည်၊ ကျောင်းအုပ်ဆရာကြီးတွေက သူတို့ ကို ‘ကျောင်းအုပ်ကြီး’ဟု ခေါ်ပါက ကြိုက်ချင်မှ ကြိုက်ကြလိမ့်မယ်။ ယဉ် ကျေးမှုအရ …အသက်၊ သိက္ခာ၊ ပညာကြီးမားသူကိုလည်း ‘ဆရာကြီး’ ဟုခေါ်လေ့ရှိကြသည်။ ဝတ္တု၊ ရုပ်ရှင်၊ ဗွီဒီယိုများတွင် ဒုစရိုက်ဂိုဏ်းချုပ်ကြီး ကို တပည့်လက်သားတွေက ‘ဆရာ ကြီး’ဟုခေါ်ကြသည်ကို အများသိကြ ပါသည်။ ယခုအခါ အသက်ကြီးရင့် သော ဆရာဝန်သမားတော်ကြီးကို လည်း ‘ဆရာကြီး’ဟုခေါ်နေကြသည်။

ကျွန်တော့်မိဘများ၏ ဇာတိ၊ မြစ်ဝကျွန်းပေါ်ဒေသ ရွာကြီးတစ်ရွာ မှာတော့ အိမ်ရှင်မက အိမ်ထောင် ဦးစီးခင်ပွန်းသည်ကို ‘ဆရာကြီး’ဟု ခေါ်ဝေါ်ပြီး လင်တော်မောင်က ဇနီး သည်ကို ‘ဆရာမကြီး’ဟု ခေါ်ဝေါ်နေ ကြသည်။ ထိုအခါသားသမီးများက မိဘတွေ ကွယ်ရာမှာ အဖေကို ‘ဆ ရာကြီး’အမေကို ‘ဆရာမကြီး’ဟု သုံး နှုန်းနေကြပြန်တော့သည်။ ကျွန်တော့် မှာ ကြားရကြားရ၊ နားဝမသက်မသာ ဖြစ်လာပါသည်။

”ဟဲ့ …တိရစ္ဆာန်တွေ၊ ကိုယ့် ဖအေ၊ ကိုယ့်မအေကို လှောင်သလို လို ပြောင်သလိုလိုနဲ့ ဆရာကြီးဆရာမ ကြီးလို့ ဘာလို့ခေါ်နေကြတာလဲ၊ မိုး ကြိုးတွေတော့ ပစ်ကုန်တော့မှာပဲ”

”ချစ်လွန်လွန်းလို့ ချစ်စနိုးနဲ့ ခေါ်တာပါ ဦးကြီးရဲ့” ကျွန်တော်ဘာ ဆက်ပြောရမှန်းကို မသိတော့ပါ။

ကျွန်တော်တို့ စာပေလောက မှာလည်း ဂါရဝအသုံးအနှုန်းအဖြစ် ‘ဆရာကြီး’ကို သုံးနှုန်းကြသည်။ ဥပ မာ ဆရာကြီးရွှေဥဒေါင်း၊ ဆရာကြီး ဗန်းမောင်တင်အောင်၊ ဆရာကြီး ဒဂုန်တာရာစသည်ဖြင့် … ကျွန် တော့်မိတ်ဆွေကဗျာဆရာ ‘ညွန့်သစ်’ သည် အသက် ၇ဝ ကျော်၍ တစ် ခေါင်းလုံးဆံပင်ဖြူတွေ ဖွေးနေသော် လည်း သူ့ကို ‘ဆရာကြီးညွန့်သစ်’ဟု မခေါ်ကြပါ။ သူကလည်း ဆရာကြီး အသုံးအနှုန်းကို မဆိုထားနှင့် ‘ဆရာ ညွန့်သစ်’ဟု ဆရာတပ်ခေါ်လျှင်သော် မှ ဂရုစိုက်လိမ့်မည်မဟုတ်ပါ။ သို့ သော် သူ့ကို ‘ရဲဘော်ညွန့်သစ်’ဟုခေါ် လျှင်တော့ သူသဘောအကျကြီးကျ မှာ သေချာသည်။ သူကလည်း ရင်း နှီး၍ စိတ်သဘောထားတူညီသူများ ကို ‘ရဲဘော်များ’ဟု သဘောထား သည်။
သူ့ကို ‘ဆရာကြီး’ပဲခေါ်ခေါ် ‘ဆရာ’ပဲခေါ်ခေါ် သိပ်ဂရုစိုက်ပုံမရ သော အထင်ကရစာရေးဆရာကြီး တစ်ဦးရှိခဲ့ဖူးသည်။ သူနှင့် ကျွန်တော် စတင်သိကျွမ်းချိန်မှာ သူ့အသက်က ၇ဝ နီးနီးတော့ ရှိပြီ။ ကျွန်တော်က ‘ဆရာကြီး’ဟု အာလုတ်ပြုသည်။ သူ က ပြန်ခေါ်သည်။ ‘ဟေ့ ..ကြူးနှစ် …”တဲ့။ ဆရာကြီးမောင်သာရ ကား ..မန္တလေးသားမို့ ယဉ်ကျေး လှပေသည်။ တကား …။ အော် …မန္တလေးသားများ ကိုယ့်ထက် ကြီးသူ၊ ကိုယ်နှင့်ရွယ်တူတွေကိုပင် ‘ဘိုးတော်’ဟုခေါ်တတ်ကြလေသ ကိုး။

ယခု ‘ဆရာကြီး’တစ်ယောက် အကြောင်း ပြောပြချင်ပါသည်။ ထို ဆရာကြီးအရိုးဆွေးနေပြီဖြစ်၍သာ ပြောရဲပါသည်။ သက်ရှိထင်ရှားဆို လျှင် ကျွန်တော်ပြောဝံ့မှာ မဟုတ်ပါ။

ထိုဆရာကြီးကို နာမည်ရင်း အတိုင်းလည်း ကျွန်တော် မရေးဝံ့ပါ။ ရေးမိလျှင် တမလွန်က ထလာပြီး ကိုယ်ထင်ပြကာ ”ငါ့လို ဆရာကြီးကို သရော်ရသလားကွ၊ အလကား ချောက်တီးချောက်ချက် ကြူးနှစ်ဆို တဲ့အကောင်”ဟု ဟိန်းဟောက်ခြိမ်း ခြောက်မှာ သေချာသည်။

သူ့ခေတ်နှင့်သူ့အခါ ၁၉၇ဝ ခုနှစ်များမှာတော့ ထိုဆရာကြီးက နာမည်တစ်လုံးဟိတ်ဟန်အကြီးကြီး နှင့်နေသူဖြစ်သည်။ ရုပ်ရှင်၊ ဂီတနှင့် ဇာတ်သဘင်နယ်မှာ ပြောရေးဆိုခွင့် ရှိသူ (ခေတ်စကားအရ၊ အကန်တော့ ခံသက်ကြီးစာရေးဆရာ၊ ထုတ်ဝေသူ ကြီး)အဖြစ် လူထူထူရှိလျှင် မျက်နှာ ကြောတင်းတင်းနှင့် နေတတ်သည်။
ထိုစဉ်က ကျွန်တော်သည် စာ ပေနယ်ထဲသို့ ခြေချကာစ တောင် စမ်းစမ်း မြောက်စမ်းစမ်းနှင့် စာပေ လောကမှာ ခြေကုပ်တစ်နေရာရလို့ ကြိုးစားအားထုတ်နေချိန်။
တစ်နေ့တွင် မဂ္ဂဇင်းငယ်က လေး တစ်စောင်၏ ပင်တိုင်ဆောင်း ပါးရှင်အဖြစ်နာမည်ခံ၍ ‘ပွဲ’ တစ်ပွဲ သို့ စာနယ်ဇင်း အုပ်စုတစ်ခုနှင့် ကပ်ရပ်လိုက်ပါ သွားခဲ့၏။ ‘ပွဲ’မှာ သန်လျင်မြို့ပြင်ရှိ ရွာတစ်ရွာတွင် လယ်သူမကလေး တစ်ဦးက ပါရမီရှင် မြန်မာ့သိုင်းဝိုင်းကြီး၏ ‘ဆိုင်းဆရာမ’ ပတ်တီးခေါင်း ဆောင် ဖြစ်လာရာ၊ သူ့ကို ‘မီဒီယာ’တွေက တွန်းပို့ပင်မြှောက်ပေးဖို့ဖြစ်သည်။ လယ်သူမကလေးသည် အသက် ၁၅ နှစ်လောက်သာရှိ သေးပြီး ဆိုင်းဝိုင်း ကြီးမှာ လက်စွမ်းပြနိုင် သည်။

အိမ်ရှင်ဒေသခံတွေက ဧည့် ဝတ်ပြုကျွေးမွေးဧည့်ခံလိုက်ကြသည် မှာ အလျှံပယ်။ နံနက်ပိုင်းမှာကောက် ညှင်းပေါင်းနှင့် ကျွဲနို့ပူပူ …။

နေ့ ခင်းစာကျတော့ ကြက်၊ ဘဲ၊ ဝက်၊ အမဲစုံလို။ ကျွန်တော်ကား စာရေး ဆရာပွင့်လန်း (သတ္တုတွင်း) ဇာတ်ညွှန်းရေးဆရာ ချစ်သန်းမြင့် တို့နှင့်အတူ ဘဲရိုး၊ ကြက်ရိုးကိုက်ရင်း ဝီစ ကီမော့ကာ ဆက်ရက် (ဇရက်) မင်း စည်းစိမ်ရစ်နေသည်။

တက်သစ်စ ဆိုင်းသမကလေး က အိမ်ရှေ့မဏ္ဍပ်ထဲမှာ ချွေးတစ်လုံး လုံးနှင့် လက်စွမ်းပြအသုံးတော်ခံနေ ပါသည်။ မီဒီယာသမားတွေက ဓာတ် ပုံရိုက်သူရိုက် …မှတ်စုမှတ်တမ်း ရေးသူရေး …။

ကျွန်တော်တို့အုပ်စု၏ အထင် ကရ ရှေးမီနောက်မီဆရာကြီး ဘာ လုပ်နေပါသနည်း။ ဟုတ်ကဲ့။ ဆရာ ကြီးသည် အိမ်ဦးခန်းရှိ သင်ဖျူးဖျာ အသစ်၊ ခေါင်းအုံးအသစ်များဖြင့် ခင်းကျင်းထား သော အိပ်ရာထက်မှာ ပက်လက်ကြီး ခြေကားရားလက် ကားရား ထမင်း လုံးစီ၊ စက်တော် ခေါ်နေပါသည်။

”ခလော၊ ခလော၊ ခူး … ခလောလော ..လော”

အော် ..ဆရာကြီးတို့ မည် သည်အိပ်ပျော်ရင်းမှာလည်း ဂီတကို ခံစားအကဲဖြတ်နိုင်စွမ်းရှိကြလေ သလားမသိ။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*