Star Awards ဆုချီးမြှင့်ပွဲကို ထောက်ခံအားပေးကြတဲ့ ရုပ်ရှင်လောကသားများ

Star Awards ဆုချီးမြှင့်ပွဲကို ထောက်ခံအားပေးကြတဲ့ ရုပ်ရှင်လောကသားများ
January 22, 2019 Asian Fame
Star Awards ဆုချီးမြှင့်ပွဲကို ထောက်ခံအားပေးကြတဲ့ ရုပ်ရှင်လောကသားများ

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA)မှ ကြီးမှူးကျင်းပတဲ့ Star Awards ဆုချီးမြှင့်ပွဲအပေါ် ထောက်ခံအားပေးသူတွေရော၊ အားမပေးချင်တဲ့သူတွေရော ရှိမှာပေါ့လို့ ဆရာဦးဝင်းငြိမ်းကတော့ ဆိုပါတယ်။ ပထမဦးဆုံးအကြိမ် ကျင်းပမယ့် Star Awards ဆုချီးမြှင့်ပွဲအပေါ် ထောက်ခံအားပေးကြတဲ့ ရုပ်ရှင်လောကသားတွေလည်း အများအပြားပါ။ အဲ့ဒီထဲကမှ Star Awards ဆုချီးမြှင့်ပွဲ စာနယ်ဇင်း ရှင်းလင်းပွဲ အခမ်းအနားကို တက်ရောက်လာကြတဲ့ ရုပ်ရှင်လောကသားတို့ရဲ့ စကားသံတို့က ဘယ်လိုမျိုး ရှိမလဲဆိုတာ မေးမြန်းဖြစ်ခဲ့ပါတယ်။

အကယ်ဒမီလူမင်း

အဓိကကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြီးမှူးကျင်းပတဲ့ အကယ်ဒမီပေးပွဲကတော့ နှစ်ပေါင်းများစွာ တိုင်ခဲ့ပါပြီ။ တကယ့်ကိုလည်း အစဉ်အလာ ရှိခဲ့ပြီးသား ကျွန်တော်တို့ ရုပ်ရှင်သမားတွေ အနေနဲ့ ပြောရမယ်ဆိုရင် အမြင့်ဆုံးဆုပါပဲ။ အခု Star Awards ဆိုတာကတော့ ကိုလွင်မိုး ပြောသွားသလို ဆုရဲ့ တန်ဖိုးထက် ဆုပေးတဲ့ သူတွေရဲ့ တန်ဖိုးက ပိုပြီး အရေးကြီးပါတယ်။ သူတို့ ဘယ်လိုစည်းမျဉ်းစည်းကမ်းနဲ့ ရွေးချယ်သလဲဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်။ သေချာတာကတော့ အကယ်ဒမီဆုသည် အကယ်ဒမီ ရွေးချယ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ရုပ်ရှင်အစည်းအရုံးကြီးက ဦးဆောင်ပြီး ချီးမြှင့်တဲ့ဆု ဖြစ်သလို ဒီ Star Awards ကတော့ စာနယ်ဇင်း ဆရာကြီးတွေရဲ့ ရှုမြင်ပုံ၊ သုံးသပ်ပုံချင်းတော့ ကွာပါလိမ့်မယ်။ ကွဲပါလိမ့်မယ်။

အကယ်ဒမီလွင်မိုး

ဒီသတင်းကြားကတည်းက ကျွန်တော် တော်တော်လေးကို ပီတိဖြစ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ဆုကအရေးမကြီးပါဘူး။ ပေးတဲ့သူတွေပဲ အရေးကြီးတာပါ။ ဘယ်အဖွဲ့အစည်းကပေးတယ်၊ အဲ့ဒါပိုပြီး အဓိကကျပါတယ်။ ကျွန်တော်တို့ ရုပ်ရှင်လောကအတွက် ပံ့ပိုးမှုတစ်ခုဖြစ်မယ်။ ဒီ့ထက်ပိုပြီးတော့ စိတ်ဝင်စားစေတဲ့ Star Awards ဆုကိုပေးတဲ့သူတွေက ကျွန်တော်တို့ မတိုင်ခင် ကျွန်တော်တို့ ရှေ့ကရှိခဲ့တဲ့ ရုပ်ရှင်လောကသားတွေနဲ့အတူ လက်တွဲလာခဲ့တဲ့ စာနယ်ဇင်းဆရာတွေပဲ ဖြစ်ပါတယ်။ အခုဆိုလို့ရှိရင် ကျွန်တော့်ရဲ့ အနုပညာသက်တမ်း ၂၈နှစ်။ ရုပ်ရှင်လောကထဲ စရောက်ကတည်းက စပြီးတော့ ဆရာဦးဝင်းငြိမ်းတို့၊ ဦးမြတ်ခိုင်တို့၊ ဆရာဦးဟိန်းလတ်တို့နဲ့ ကျွန်တော်တို့ ထိတွေ့ခဲ့ရတာပါ။ ကျွန်တော်တို့ ရုပ်ရှင်အတွက်ကို အဲ့ဒီကတည်းက သူတို့တွေက ရုပ်ရှင်ဇာတ်ကားအတွက်ဖြစ်စေ၊ ရုပ်ရှင်ဇာတ်လမ်းအတွက်ဖြစ်စေ၊ ဘယ်တော့ရုံတင်တော့မယ်၊ ဘယ်တော့ပြတော့မယ်၊ ဘယ်လိုတွေ ရိုက်နေလဲဆိုတာ ကျွန်တော်တို့ ရုပ်ရှင်အတွက်ကို ပံ့ပိုးပေးခဲ့တဲ့ သူတွေပဲ ဖြစ်ပါတယ်။ ကုန်ကုန်ပြောရမယ် ဆိုလို့ရှိရင် ကျွန်တော်တို့ အနုပညာရှင်တွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကိုပါ သူတို့ကနေ ကြားထဲကနေပြီးတော့မှ တချို့ကိစ္စတွေကိုပါ ဒီစာနယ်ဇင်းဆရာတွေကနေပြီးတော့မှ ကိုင်တွယ်ဖြေရှင်းပေးခဲ့တဲ့ အကျိုးကျေးဇူးတွေလည်းပဲ ရှိပါတယ်။ အဲဒီ့တော့ ဒီလို အချိန်မျိုးမှာမှ Star Awards ဆုကို စာနယ်ဇင်း ဆရာတွေကနေပြီးတော့မှ ရွေးချယ်ပြီးပေးမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ အနုပညာရှင်တွေအနေနဲ့ ဒါကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုရမှာပဲ ဖြစ်ပါတယ်။

ဒါရိုက်တာ ဝင်းထွန်းထွန်း

ကျွန်တော်တို့ ၂၀၁၈ မှာကြီးမားတဲ့ အရွေ့တစ်ခုကို ပြောင်းလဲသွားပါတယ်။ ဘာလဲဆိုတော့ မြန်မာ့ရုပ်ရှင်သည် အဆင့်အတန်းတစ်ခုကို ရောက်လာတယ်။ အဆင်ေ့မြင့်လာတယ်လို့ ပြောရမယ်။ ပရိသတ်ရဲ့ ကြည့်ရှုမှုနှုန်းကလည်း အရမ်းကို မြင့်တက်လာပါတယ်။ အခုပြသရေး System မှာနှစ်ခြမ်းကွဲနေပြီး အုပ်စုနှစ်စု ကွဲနေတော့ တစ်ဖက်မှာ ပြနေရင် တစ်ဖက်မှာ မပြရဘူး ဖြစ်နေတဲ့ အနေအထားမှာတောင်မှ ပရိသတ် အင်အားများစွာရရှိလာတဲ့ အထိကို အရွေ့တစ်ခု ဖြစ်သွားတာကတော့ ကျွန်တော်တို့ အစ်ကိုကြီးတွေ မဟုတ်ပါဘူး။ မှန်တာပြောတာပါ။ ကျွန်တော်တို့ တာဝန်မကျေခဲ့ပါဘူး။ နောက်တက်လာတဲ့ လူငယ်ဒါရိုက်တာတွေဖြစ်တဲ့ ကျော်ထွန်းတို့၊ ဒါရိုက်တာ အာကာတို့၊ ဒါရိုက်တာ ဝင်းလွင်ထက်၊ လူငယ် ဒါရိုက်တာ ၅ယေက်၊ ၆ယောက်လောက် ရှိပါတယ်။ ‘ဥပါယ်တံမျဉ်’ ရိုက်တဲ့ ဒါရိုက်တာလည်း ကောင်းပါတယ်။ ဒီလူငယ်တွေကြောင့် မြန်မာ့ရုပ်ရှင်သည် ပိုမိုအဆင့်မြင့်တဲ့ ပုံစံတစ်ခုနဲ့ ပြောင်းလဲလာပါတယ်။ အဲ့ဒီအတွက် အခုလို အကောင်းဆုံးဆုတွေ ပေးတယ်ဆိုတာကို ကျွန်တော်က ရုပ်ရှင်သမား တစ်ယောက်အနေနဲ့ ကြိုလည်း ကြိုဆိုပါတယ်။ ပြောချင်တာလေးကတော့ ဒီလူငယ်တွေကြောင့် ရွေ့လျားလာတဲ့၊ တိုးတက်လာတဲ့ မြန်မာ့ရုပ်ရှင်ကို ဒီလူငယ်တွေကို ဦးစားပေးပြီးတော့ ဆုလေးပေးပေးပါလို့ မုဒိတာစကား ပြောချင်ပါတယ်။

ဒါရိုက်တာ ကိုပေါက်

ကျွန်တော်တို့ အနုပညာသမားတွေနဲ့ စာပေအသိုင်းအဝိုင်းဆိုတာဟာ ကင်းကွာလို့ မရဘူးလို့ ကျွန်တော်လက်ခံထားပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ရဲ့ အနုပညာ အသိုင်းအဝိုင်းကို စာပေးအဝိုင်းက ကျွန်တော်တို့ လေးစားရတဲ့ ပုဂ္ဂိုလ်ကြီးတွေက ကျွန်တော်တို့ကို ချီးမြှင့်မှာ၊ ဂုဏ်ပြုမှာ ဖြစ်တဲ့အတွက် Star Awards ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။

ပေါ်ပြူလာအဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*