မိသားစုအတွက်လည်း တာဝန်ကျေ အနုပညာအတွက်လည်း တာဝန်ကျေခဲ့တဲ့ သရုပ်ဆောင် ဦးမင်းစိန်

မိသားစုအတွက်လည်း တာဝန်ကျေ အနုပညာအတွက်လည်း တာဝန်ကျေခဲ့တဲ့ သရုပ်ဆောင် ဦးမင်းစိန်
January 9, 2019 Asian Fame

ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဦးမင်းစိန် အသက် (၅၆)နှစ်သည် ဇန်နဝါရီလ ၅ ရက်နေ့ မနက် ၂ နာရီခွဲ အချိန်တွင် ရင်ကျပ်ရောဂါဖြင့် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ဇန်နဝါရီ ၇ ရက်နေ့မှာတော့ ရေဝေးသုဿန်မှာ မီးသင်္ဂြိုလ်ခဲ့ပါတယ်။ ဦးမင်းစိန်က အနုပညာ လောကမှာ (၃၅) နှစ်ကျော် ကျရာဇာတ်ရုပ်နေရာကနေ လူကြမ်း၊ ခြံစောင့်နေရာအထိ အဆင့်ဆင့် သရုပ်ဆောင်ခဲ့ပြီး ဇာတ်ရုပ်ပီပြင်လွန်းသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာအနုပညာလောကမှာ နှစ်ပေါင်းများစွာ ရှည်ကြာခဲ့သူတစ်ဦး ဖြစ်ပေမယ့်လည်း ဗီဒီယိုလောကရဲ့ ဈေးကွက်ပျက်ယွင်းမှုတွေကြောင့် သူ့အနေနဲ့ ဇာတ်ကားတွေမ ရိုက်ကူးရတော့ပါဘူး။ အဲဒီအချိန်မှာတော့သူ့အနေနဲ့ အိမ်ရဲ့စီးပွားရေးကိုလည်း ပြန်ကြည့်ရတဲ့အခါမှာ သရုပ်ဆောင်ဖြစ်နေပေမယ့်လည်း ရေသန့်ဗူးပို့တဲ့ အလုပ်ကိုလုပ်ဆောင်ခဲ့ရပါတယ်။

”ကားရိုက်ကတစ်လတစ်ခါ တောင်မရှိသလောက်ဖြစ်နေတယ်။ အဲဒီတော့ဦးအနေနဲ့ သုံးဘီးလေးနဲ့ ရပ်ကွက်ထဲမှာ ရေသန့်လိုက်ပို့တာ ပေါ့။ ဒါစီးပွားရေးပေါ့လေ” လို့ သူဟာ ဝမ်းနည်းစွာနဲ့ ဒီစကားကို ထုတ်ပြောခဲ့ရတာပဲဖြစ်ပါတယ်။ ဦးမင်းစိန်ဟာ သားသမီး ၅ ယောက် ရှိပြီး ၄ယောက်ကတော့ အနုပညာကို ဝါသနာပါပုံမရဘဲ အငယ်ဆုံးသမီးလေးကတော့ အနုပညာကိုဝါသနာပါတာတွေ့ရတယ်လို့ သူမကွယ်လွန် ခင်က ပေါ်ပြူလာရဲ့ အင်တာဗျုးမှာ ဖြေကြားခဲ့ဖူးပါတယ်။ သူဟာ သူ့ရဲ့ သမီးလေးကို သူတတ်ကျွမ်းတဲ့ သိုင်း ပညာရပ်တွေသင်ကြားပေးနေတာကိုလည်း ပေါ်ပြူလာအဖွဲ့အနေနဲ့ တွေ့မြင်ခဲ့ ရပါသေးတယ်။ ”ဦးကလည်းသမီးလေးကိုမခိုင်းချင်ဘူး။ ကိုယ်တောင် ဒီရုပ်ရှင်လုပ်ငန်းလုပ်ရတာ ကြာလာတော့ ပင်ပန်းလာတယ်။ သမီးလေးကိုတော့ ပင်ပန်းအောင်မခိုင်းချင်ဘူး” လို့ သူ့သမီးလေးကို အနုပညာအလုပ်နဲ့ပတ်သက်လို့ ပွင့်လင်းစွာ ပြောပြခဲ့ပါတယ်။

အခုအချိန်မှာတော့ သိပ်ကိုသရုပ်ဆောင်ကောင်းလွန်းလှတဲ့ဦးမင်းစိန်ဟာ လူ့လောကမှာ မရှိတော့ပါဘူး။ အဲဒီအတွက်လည်း အနုပညာလောကသားတွေဖြစ်တဲ့ ဘဝတူလူကြမ်းသရုပ်ဆောင်တွေနဲ့ အတူ ပရိသတ်တွေကပါ အားလုံးက နှမြောတသဖြစ်ခဲ့ကြရပါတယ်။ သူမရှိတော့ပေမယ့်လည်း သူ့ရဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ သူ့ရဲ့ပုံရိပ်တွေကတော့ အမြဲရှိနေဦးမှာပဲဖြစ်ပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*