ဥယျာဉ်မှူးကလေးနှင့် ကြွေလုလုပန်းကလေးများ..

ဥယျာဉ်မှူးကလေးနှင့် ကြွေလုလုပန်းကလေးများ..
November 14, 2018 Asian Fame
ဥယျာဉ်မှူးကလေးနှင့် ကြွေလုလုပန်းကလေးများ..

ပေါ်ပြူလာဂျာနယ်တိုက်သို့ လိပ်မူပြီး ကျွန်တော့်ထံ စာတစ်စောင် ရောက်လာရာ ထိုစာ မှာ ဆရာမောင်ကြော့ဦး၏ ‘ဥယျာဉ် မှူးကလေးနှင့် ကြွေလုလု ပန်းကလေး များ’ စာမူဖြစ်ပြီး စာမူနှင့်အတူ ကျွန်တော့်အတွက် စာတိုလေးတစ် စောင်ပါလာသည်။ ထိုစာကိုဖတ်ပြီး ဆရာကြီးမောင်ကြော့ဦးကို ကြည်ညို လေးစားမိရသည်။ ဆရာသည် ဆီး/ ကျောက် ကပ်ဝေဒနာဖြစ်နေတာ ကြောင့် ယခုချိန် ဆေးခန်းမှာ ဆေး ကုသမှုခံယူနေရသော်လည်း အသက် ၇၈ နှစ်အထိ ကျန်းမာရေးကို ဂရု မစိုက်ဘဲ အိမ်မှာ စာရေးစာဖတ် လုပ်နေသည့် စာရေးဆရာကြီးဖြစ် သည်။ ဆရာကြီး မောင်ကြော့ဦးသည် အမြန်ဆုံး ပြန်လည်ကျန်းမာပြီး အနုပညာစာပေအလုပ်များကို သက် ဆုံးတိုင် လုပ်ကိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

လေးစားစွာ
ညိုသစ်ငယ်

ပန်းပျိုးသူ
ဗာဒံက တစ်ပင်နှစ်ပင်
ကျောင်းအဝင် စီကာတန်း။
မူလတန်းရွယ်ပေါ့
ဆရာရယ် တကယ်ချစ်တဲ့
ဖူးသစ်စ ပန်း။
စိန်ပန်းက တစ်ပင်နှစ်ပင်
ကျောင်းအဝင် စီကာတန်း။
စိတ်ကစားရွယ်ပေါ့
ဆရာရယ် တကယ်မောအောင်
ပြောဆိုကာ သွန်သင်ပြပါမှ
လှတဲ့ အောင်ပန်း။
ကုက္ကိုက တစ်ပင်နှစ်ပင်
ကျောင်းအဝင် စီကာတန်း။
တက္ကသိုလ် အောင်မြေရပ်ဆီက
တတ်ပညာ စုံအလင်ပေါ့
ညွှန်သင်ကာ အမွေပေးပါတဲ့
မွှေးမြမြပန်း။

မောင်ကြော့ဦး
(ရှုမဝမဂ္ဂဇင်း – ၁၉၈၂)

မူလတန်းကျောင်းမှ တက္ကသိုလ် ကျောင်းအထိ၊ ပညာဥယျာဉ်မှူးများ က ကျောင်းသူကျောင်းသား ပန်းက လေးများကို တယုတယ ပျိုးထောင် ကြ၊ ပြုစုကြ၊ ကျေးဇူးလှပကြီးမြတ်စွ။

စာရေးသူက ၁၉၆၃-၆၅ တွင် သင်တန်းဖော်ဆရာကိုလေး (အင်းဝ ဂုဏ်ရည်)၊ ဆရာအင်းဝ-ညွန့်အေး တို့နှင့်အတူ ရန်ကုန်ကံဘဲ့၊ ဆရာဖြစ် သင်သိပ္ပံ၌ အလယ်တန်းပြ (ပြင်ပ) ၂ နှစ်သင်တန်းတွင် စတိုင်ပင် တစ် လ ၇၅ ကျပ်နှင့် တက်ခွင့်ရခဲ့သည်။ သင်တန်းပြီးသော ဆရာကိုလေး (အင်းဝဂုဏ်ရည်)က ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့ အထက်တန်းကျောင်း၌ တာဝန်ကျပြီး၊ စာရေးသူက ပြင်ဦး လွင်၊ အမှတ် (၁) အထက်တန်း ကျောင်း၌ တာဝန်ကျသည်။ အလုပ် ဝင်သောနေ့မှာ (၁၊ ဇူလိုင်၊ ၁၉၆၅) ဖြစ်ပါသည်။

စာရေးသူက ကျောင်းဆရာ အသစ်ကလေးဆိုတော့၊ ပထမစာ သင်နှစ်တွင် ပဉ္စမတန်း (A) အတန်းပိုင်၊ မြန်မာစာသင်ရသည်။ ပဉ္စမတန်း (A) မှ တပည့်နှစ်ဦး (ယခု ဦးကျော်သူနှင့် ဦးဝင်းမြင့်)မှာ အလယ်တန်း ကျောင်းသားဘဝက ပင်၊ ရန်ကုန်မြို့သို့ ရောက်၍ ဇွဲလုံ့လ ဖြင့် ကြိုးစားကြသဖြင့် ထွန်းပေါက် အောင်မြင်သူများဖြစ်နေကြပြီ။

ဒုတိယစာသင်နှစ်တွင် ဆရာမ ကြီးက စာရေးသူအား သတ္တမတန်း (A) အတန်းပိုင်အဖြစ် တာဝန်ပေး သည်။ သင်္ချာ (၂) သင်ပြရသည်။ ပြင်ဦးလွင်၊ အ ထ က (၁) မှကျောင်း သူကျောင်းသားများမှာ သတ္တမတန်း ဆိုလျှင် အရွယ်က လူပျိုပေါက်၊ အပျို ပေါက်တွေဖြစ်နေပြီ။ ဥယျာဉ်မှူး အသစ်ကလေးက စိတ်ကစားရွယ် တပည့်များကို သတိနှင့် ထိန်းရ၊ သိမ်းရ၊ ဆုံးမပြုပြင်ရသည်။ ဆရာဆို တာ ပညာလည်း သင်၊ လူကိုလည်း ပြင်ရမည်တဲ့။

ထို့ပြင် တပည့်ကျောင်းသားများ ထဲက ဆိုးချင်ပေချင်သူ (ကြွေလုလု ပန်းကလေးများ)ကို စိုးထိတ်စွာ ပြုစု၊ ပြုပြင်၊ ထိန်းသိမ်းရသည်မှာ လွယ်မ ယောင်နှင့်ခက်သည်။ တိမ်မယောင် နှင့် နက်သည်။

ဒုတိယစာသင်နှစ်ကျောင်းဖွင့်စ ဇွန်လဆန်းတွင် လုပ်သက်ရင့်အလယ် တန်းပြ ဆရာမကြီးတစ်ဦးက ”ဆရာ ကိုအောင်မြင့် …ဒါ ရှင် အတန်း ပိုင်ကိုင်ရမည့် သတ္တမတန်း (A) က တပည့်စာရင်းပါ။ အားလုံး ၃၆ ယောက်၊ ဆဋ္ဌမတန်းအောင်ပြီး တက် လာသူမပါဘူး။ သတ္တမတန်း (A,B,C,D) မှ ကျရှုံးသူတွေ ပေါင်းပြီး တန်းခွဲ (A) လုပ်ထားတာ၊ စာရင်း မှာ ဘောပင်အနီနဲ့ ကြယ်နီသုံးပွင့်ပြ ထားသူက အဆိုးဆုံးပဲ။ ကြယ်နီနှစ် ပွင့်တွေက ဆိုးချင်ပေချင်သူတွေ၊ ကြယ်နီတစ်ပွင့်တွေက ရှေ့ကလူကို ကြည့်ပြီး ဆိုးဖို့တေဖို့ ကြံရွယ်နေကြ တာ။ ဆရာကြိုသိအောင် ပြောပြထား တာပါ။ ကျွန်မတို့တော့ လက်လျှော့ ထားပြီ၊ ဆရာ့စိတ်ကူးနဲ့ ကြိုးစားပြု ပြင်ကြည့်ပါဦး”ဟု ပြောလာသော အခါ၊ ပထမတော့ ”ရက်စက်တော့မှာ လား ဆရာမရယ်”ဟု ပြောလိုက်ချင် သည်။

သို့သော် ကံဘဲ့ – ဆရာဖြစ် သိပ္ပံမှ သင်တန်းသားတွေက ‘စိတ် စော’ဟု ခေါ်ကြသော ပညာရေးစိတ် ပညာကထိက ဒေါ်ခင်စောပို့ချသော ပညာရေးစိတ်ပညာသဘောတရား နှင့် သီအိုရီတွေကို သတိရကာ၊ စိတ် အားမာန်တင်းပြီး ပြုံးပြုံးနှင့်သဘော တူလက်ခံခဲ့သည်။ ဥယျာဉ်မှူးအသစ် ကလေးနှင့် ကြွေလုလုပန်းကလေးများ အကြား တကယ့်စိန်ခေါ်ပွဲဟု ဆိုရ တော့မည်။

ကြယ်နီသုံးပွင့်ကျောင်းတော် သားမှာ ပြင်ဦးလွင်၊ ရပ်ကွက် (၁)မှ လူပျိုပေါက်အရွယ် ‘ကိုဦး’ဆိုသော င်္ ထိ ကျောင်းသား (ကျရှုံးကျောင်းသား) ဖြစ်သည်။ သူ့မိသားစု (မိဘ)အခြေ အနေကို မသိရသေးပါ။ အညှာကို ပိုင်လျှင် တစ်ခိုင်လုံးရမည်။ သူ့ကို ပြု ပြင်နိုင်လျှင် သူ့နောက်တွင် တန်းစီ နေသော ကြယ်နီနှစ်ပွင့်နှင့် ကြယ်နီ တစ်ပွင့်များပါ အကောင်းဘက်သို့ ပုံစံပြောင်းသွားမည်ဟု စာရေးသူ မျှော်လင့်ထားသည်။

များသောအားဖြင့် လူပျိုပေါက် အရွယ် ကျောင်းသားလူငယ်များ သည် တာဝန်မဲ့ဘဝနှင့် ဆိုးချင်ပေ ချင်နေကြသည်။ မိဘကလည်း မယုံ ကြည်၊ ရပ်ကွက်ကလည်း မယုံကြည်၊ တာဝန်တစ်စုံတစ်ခုကို ရဲရဲဝံ့ဝံ့ မပေး ကြချေ။

ပျားကောင်များ၊ ပုရွက်ဆိတ်နီ များ၊ ခြကောင်များသည် နိစ္စဓူဝ သူတို့ သိုက်မြုံ၏ တာဝန်ကို မပြတ် မလပ်ထမ်းဆောင်နေကြသည်။ လူ ငယ်များ အချို့မှာ မိဘအရိပ်ခို၍ တာဝန်မရှိဟု မှတ်ယူကာ၊ တာဝန် သိစိတ် နည်းပါးသောကြောင့် ပေါ့ ပေါ့လျော့လျော့နေကြသည်။ အချို့ ဆိုလျှင် ဆိုးချင်ပေချင်လာကြတော့ သည်။ ပြဿနာရှိလျှင် အဖြေတွေ့ အောင် ရှာရမည်။ အဖြေတွေ့ပြီဆို လျှင် ကိုယ့်စိတ်ကူးကို ရဲရဲသာလုပ် ပေတော့ဟု ပညာဥယျာဉ်မှူးများကို ပြောချင်ပါသည်။

ထိုနေ့ကား ကျောင်းဖွင့်စ သော ကြာနေ့ (ကျောင်းတက်ရက်) ဖြစ်ပါ သည်။ ယနေ့အရေးပါသူ၏ စိတ်ကူး ကို လက်တွေ့စမ်းသပ်လုပ်ဆောင်ရ တော့မည်။ ဆရာမကြီး ရုံးခန်းမှ ကျောင်းတက်သံချောင်း ဒုတိယအ ကြိမ် ထိုးပြီးသောအခါ အတန်းထဲသို့ တပည့်များ စုံလင်အောင် ရောက်ရှိ လာကြပြီ။

စာရေးသူက ဆရာစားပွဲမှာ မတ်တတ်ရပ်ပြီး ပထမကြယ်နီသုံးပွင့် ပိုင်ရှင်ကျောင်းသား ‘ကိုဦး’ကို လှမ်း ကြည့်မိသည်။ သူ့ပုံစံက ဆံပင်ရှည် ဘုတ်သိုက်နှင့် အင်္ကျီရင်ဘတ်ကြယ် သီးကို စုံစေ့အောင် မတပ်၊ ခေါင်း ငုံ့နေသည်။

စာရေးသူက ”ဒီနေ့အတန်း ခေါင်းဆောင် (မော်နီတာ)ရွေးမယ်။ အစမ်းသဘောနှင့် ကျောင်းသား ‘ကို ဦး’ကို မော်နီတာ ရွေးမယ်”ကြေညာ လိုက်ရာ တစ်တန်းလုံး ဆူညံသွား တော့သည်။ ကျောင်းသူအုပ်စုထဲမှ ”မဖြစ်ဘူး ဆရာ၊ ဖြစ်မှာ မဟုတ်ဘူး။ သူ့ကို မော်နီတာရွေးရင် ကျွန်မတို့ အတန်းတော့ ပျက်ပြီ”ဟု ကန့်ကွက် စကားပြောလာတော့ ”ဟုတ်တယ် ဆရာ ဖြစ်မှာ မဟုတ်ဘူး”ဟု လက်ပံ ပင်မှာ ဆက်ရက်ငှက်တွေကျသလို ဆူညံ ပူညံဖြစ်ကုန်ကြတော့သည်။

စာရေးသူက အတန်းငြိမ်အောင် ခဏစောင့်ပြီး မတ်တတ်ရပ်၍ ”ဆရာ သူ့ကို သုံးရက်စောင့်ကြည့် မယ်။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ် တယ်။ တနင်္လာနေ့မှာ သူက အတန်း ခေါင်းဆောင် (မော်နီတာ) တာဝန်နဲ့ မထိုက်တန်ရင် တခြားအသစ်တစ် ယောက်ရွေးကြတာပေါ့”ဟု ပြော လိုက်ရာ အတန်းက သဘောတူ၊ ငြိမ် သက်သွားတော့သည်။

ထိုနေ့ကား တနင်္လာနေ့၊ စိန် ခေါ်ပွဲ၏ ရလဒ်အဖြေ သိရမည့်နေ့၊ ဥယျာဉ်မှူးကလေး (ကျောင်းဆရာ အသစ်ကလေး)အတွက် ဂုဏ်ပျက်ရ မည်လား၊ ဂုဏ်တက်ရမည်လား၊ တပ်အပ်သေချာမပြောနိုင်သေးပါ။ စာရေးသူက ‘ကိုဦး’ခေါ်ပြီး ဘယ်လို ပြုပြင်ခဲ့ပါ။ ဘယ်လိုနေထိုင်ပါဟု လုံးဝကြိုတင်ပြောဆိုခြင်းမရှိ။ အစိမ်း သဘောနှင့် စိန်ခေါ်စမ်းသပ်လိုက်ရ ခြင်းဖြစ်သည်။ တစ်ခုတော့ ယုံသည်။ စာရေးသူ၏ တပည့်သစ် (ကျောင်း သားဟောင်း) ‘ကိုဦး’က သူ့ဆရာ (စာရေးသူ) ဂုဏ်ပျက်အောင်လုပ်မှာ မဟုတ်ပါဟူသော ယုံကြည်မျှော်လင့် ချက်ရှိနေပါသည်။ နဖူးတွေ့၊ ဒူးတွေ့၊ တွေ့ခါမှ သိရတော့မည်။

ဆရာမကြီး ရုံးခန်းမှ ကျောင်း တက်သံချောင်း ပထမအကြိမ်ခေါက် သော် အတန်းသားတွေ တစ်ယောက် ပြီး တစ်ယောက်ဝင်လာကြသည်။ ကြယ်နီသုံးပွင့်ပိုင်ရှင် ‘ကိုဦး’ မပေါ် လာသေး။ ဒုတိယအကြိမ် ကျောင်း တက်သံချောင်းခေါက်ပြီ။ စာရေးသူ ရော၊ ကျောင်းသူကျောင်းသားများပါ အတန်းအဝင်ပေါက်ဆီသို့ ကြည့်နေ မိကြသည်။ စာရေးသူ ရင်ဖိုမိတာ အမှန်ပါပဲ။

ကြယ်နီသုံးပွင့်ကျောင်းတော် သား ‘ကိုဦး’ ဝင်လာပုံမှာ အားလုံး အံ့သြ၍ ငေးကြည့်နေရသည်။ အ တန်းဖော်များက ”သူ့ကို ပြန်ဖြုတ်လို့ မရတော့ဘူး။ သူအတန်းခေါင်း ဆောင် (မော်နီတာ)အတည်ဖြစ်ပြီ” ဟု တွေးမိကြလေပြီ။

အသစ်ပြုပြင်လာသော သူ့ပုံစံ ကို ကြည့်ပါဦး။ ဆံပင်တိုပါး၊ စတစ် ကော်လာရှပ်လက်ရှည်အင်္ကျီမှာ ကြယ်သီးစုံအောင် တပ်လို့၊ ကျောင်း စိမ်းပုဆိုးနှင့် ပင်နီပါးတိုက်ပုံနှင့်သား ရေညှပ်ဖိနပ်အသစ်နှင့် လွယ်အိတ် ကို အကြော့သားလွယ်လျက်၊ ပီပေ့ — ကျောင်းတော်သား၊ ပီပေ့ – မော် နီတာ။ ဥယျာဉ်မှူးတစ်ယောက်မျက် နှာမှာ ပီတိပြုံး၊ ရင်ထဲမှာ ပီတိလှိုင်း ကလေးတွေဖြာဝေလို့ တပည့်ချစ် ‘ကို ဦး’က သူ့ဆရာ၏ စိတ်ကူး၊ ယုံကြည် ချက်၊ မျှော်လင့်ချက်နှင့် ဂုဏ်သိက္ခာ ကို ဖြည့်ဆည်းပေးခဲ့လေပြီ။ ”ဝမ်း သာတယ်။ ကျေးဇူးတင်တယ်။တပည့် ချစ်ရေ”ဟု ရင်ထဲက တိတ်တခိုးပြော မိသည်။ ကိုဦးနေရာမှ သရုပ်ဆောင် နေတိုးနှင့် ဇာတ်ဝင်ခန်းရိုက်ကူးနေ သလို ထင်ယောင်မိသည်။

စာရေးသူ၏ စိတ်ကူးနှင့်လုပ် ရပ်ရယ်၊ ကြယ်နီသုံးပွင့်ကျောင်းသား ‘ကိုဦး’၏ မမျှော်လင့်ဘဲ၊ ရုတ်တရက် ပြုပြင်လိမ္မာလာသောသတင်းရယ်၊ ဆရာမကြီးနှင့်တကွ၊ ဆရာ၊ ဆရာမ များကြားတွင် ပြောဆိုစရာ သတင်း ကလေးဖြစ်လာခဲ့သည်။ ဆရာမကြီး က ကျောင်းသား ကိုဦးအား ရုံးခန်း မှာ ခေါ်တွေ့၍ ကျောင်းစာကြည့် တိုက်တာဝန်ခံရွေးချယ်ကြောင်းပြော ပါသတဲ့။ ‘ကိုဦး’ရဲ့ ယခင်အတန်းပိုင် ဆရာမက ကိုဦးကိုတွေ့တော့၊ ကိုဦး လိမ္မာလာတာ ကြားရ၊ တွေ့ရတော့ ဆရာမ ဝမ်းသာလိုက်တာ၊ သား …စာလည်း ကြိုးစားနော်”ဟု ပြောပါသတဲ့။ သူ့တပည့်ကို မုန့်ဖိုး ပေးလိုက်သေးသည်။

အားကစားတာဝန်ခံဆရာက သတ္တမတန်း (E) (F) ထိ၊ ကျရှုံးတန်း မှ ကြယ်နီနှစ်ပွင့်၊ တစ်ပွင့်ကျောင်း သားတွေကို ခေါ်တွေ့ပြီး ကျောင်း ဘောလုံးအသင်း၊ ပြေးခုန်ပစ်အသင်း မှာ ထည့်ပေးသတဲ့။ တချို့က လက် ဝှေ့သင်ပေးပါလို့ ပြောကြသည်။ ယခု တော့ ကြယ်နီပြ၊ ဆိုးတေစာရင်းဝင် လူငယ်ကျောင်းသားတွေ ဆံပင်တို ပါးညှပ်၊ တီရှပ်ဝတ်၊ အားကစား ဘောင်းဘီ၊ အားကစားဖိနပ်စီး၍ ညနေကျောင်းဆင်းလျှင် ကျောင်း အားကစားကွင်းထဲ ရောက်နေကြပြီ။

ဆက်ရန်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*