ကျွန်တော် အရူးပါခင်ဗျာ…

ကျွန်တော် အရူးပါခင်ဗျာ…
October 16, 2018 Asian Fame

ရှေးခေတ်ဟောင်း အင်္ဂလိပ် ဘုရင်တစ်ပါးကကော၊ အင်္ဂလိပ်စာ ပေပညာရှင် ‘ရော့ဘတ်ဘာတန်’ (၁၅၇၇-၁၆၄ဝ) ဆိုသူကပါ (ကဗျာ ဆရာဟူသမျှ အရူးချည်းသာ)ဟု မှတ်ချက်ချခဲ့ကြရာ၊ သူတို့မှတ်ချက် တွေက ယနေ့ထက်တိုင် တည်မြဲနေ ကြသည်။ ရှေးဂန ဝင်တရုတ်ကဗျာ ဆရာ ‘လီပို’ဆိုသူကမူ ရူးလည်း ရူး၊ မူးလည်း မူးသူဖြစ်သည်။ လီပိုသည် အရက်မူးမူးဖြင့် ညအခါ ရေကန်ထဲ မှာ လှေတစ်စင်းနှင့် လေညင်းခံထွက် သည်။ ကန်ရေပြင်မှ ဝင်းပသော လ မင်း၏ ပုံရိပ်ကို ငုံ့ကြည့်ကာ …

”အို …လှလိုက်ပါပေ့၊ ချစ် စရာကောင်းလိုက်ပါပေ့”ဟု က ယောင်ချောက်ချားမြည်တမ်းရင်း၊ လမင်း၏ ပုံရိပ်ကို လှမ်းဖက်လိုက်ရာ၊ လှေပေါ်မှ ကျ၍ ရေနစ်၊ ဇီဝိန်ချုပ် ရှာသည် ဟူသတတ်။

ကဗျာဆရာများကား …ခံ စားချက်ပြင်းထန်ကြသည်။ သူတို့ ထက် ခံစားချက်ပြင်းသူဟူ၍၊ရွာသာ ကြီးဆေးရုံမှ အထူးဧည့်သည်တော် ကြီးများသာ ရှိတော့သည်ဟု ထင်မိ ပါသည်။ ရှေးမြန်မာကြီးများကလည်း စကားပုံအထွင်တော်ကြပါပေသည်။ ‘ထူးမှ မြတ်၊ ရူးမှတတ်’ သတဲ့။ သည် လိုသာဆိုလျှင် ရွာသာကြီးဆေးရုံမှ အထူးဧည့်သည်တော်ကြီးများကို ခေါ်ယူပင့်ဆောင်၍” ဥာဏ်ကြီးရှင် တတ်သိအဖွဲ့” Think-tank ဖွဲ့စည်း ကာ နေပြည်တော်၌ သူကောင်းပြု စောင့်ရှောက်မထားသင့်ပါသလော။ ကဗျာရူး၊ ရူးသူ၏ အရူးဓာတ်သည် သိမ်မွေ့နူးညံ့သဖြင့် Fine Madness ဟု အင်္ဂလိပ်တို့က ဝိဂြိုဟ် ပြုကြပါ၏။

ကမ္ဘာကျော် ‘အဂ္ဂါအယ်လင်ပိုး’ သည်စာရေးဆရာလည်းဖြစ်၊ ကဗျာ ဆရာလည်း ဖြစ်သည်။ စုံထောက် ဝ္တတ္တုအမျိုးအစားကို စတင်တီထွင် ရေးသားသူဖြစ်ရာ၊ စုံထောက်ဥာဏ် လည်း ကောင်းသည်။ အရက်တော့ မတရားသောက်သည်။ တစ်ခါသော် အရက်ဆိုင်ထဲတွင် လက်သည်မပေါ် သေးသော လူသတ်မှုတစ်ခုကို ဝိုင်း ဝန်းဆွေးနွေး၍ အဖြေရှာနေကြစဉ် …အဂ္ဂါအယ်လင်ပိုးက အမှုအ တွက် သဲလွန်စရှာပေးလိုက်၏။ သဲ လွန်စအတိုင်း ရဲများက လိုက်လံရှာ ဖွေကြရာ၊ တရားခံကို မိသည်။ သဲ လွန်စရှာပေးသော ဥာဏ်ကြီးရှင်ကို ဂုဏ်ပြုဖို့ လိုက်လံရှာဖွေသောအခါ အမူးလွန်၍ ရေဆိုးမြောင်းထဲကျကာ သေဆုံးနေရှာပြီဖြစ်သော အဂ္ဂါအယ် လင်ပိုး၏ အလောင်းကိုသာ တွေ့ရ တော့သည်ဟူသတတ်။

စာပေအနုပညာသမားများ စိတ်ကူးစိတ်သန်း ထူးထူးကဲကဲ ဆန်း ကြယ်ပွေလီတတ်ကြသည်က သဘာ ဝကို ဖြစ်နေသည်။ ‘အထူး’ပေါ်တွင် ‘အပူး’ထပ်တင်လိုက်သည့်အခါ စာ ပေအနုပညာသမားတွေမှာ ‘ထူး လည်း ထူးတယ်။ မူးလည်း မူးတယ် တို့ ကိုကြီးကျော်” ဂိုဏ်းဝင်များ ဖြစ် သွားကြတော့သည်။ ကမ္ဘာကျော်အ မေရိကန်စာရေးဆရာ ‘ဂျက်လန်ဒန်’ သည်လည်း ကိုကြီးကျော်ဂိုဏ်းဝင် ကြွက်တွင်းဖြစ်သည်။ သူက ကိုကြီး ကျော်ဂိုဏ်းဝင်ပီသစွာ၊ ကိုကြီးကျော် ကို အမွှန်းတင်၍ ဂျွန်ဘာလီကွန်း John Barley Corn အမည်ရှိ ‘ယမ ကာချီးမွန်းခန်း’ ဝတ္တုကြီးကို ရေးခဲ့ သည်။ မြန်မာဘာသာပြန်ဆရာ ‘မောင်သော်က’က ထိုဝတ္တုကို ‘ကို ကြီးကျော်’ အမည်ပေး၍ မြန်မာပြန် ခဲ့သည်။

ကျွန်တော်တို့၏ ဂန္တဝင်အ ကျော်အမော် ‘ရတုဘုရင်’ဟု ဂုဏ် တင်ခံရသော တောင်ငူဘုရင် ‘နတ် သျှင်နောင်’သည်လည်း လူပေါင်းမှား ကာ ယမကာလုလင်ဘဝသို့ သက် ဆင်း၊ သစ္စာဖောက်အဖြစ် သေခြင်း ဆိုးဖြင့် သေရရှာသည်။ နတ်သျှင် နောင်သာ ငဇင်ကာဆိုသော လူ ယုတ်မာပေါ်တူဂီနှင့်မပေါင်းမိလျှင် ပိုမိုပြောင်မြောက်သော ရတုလင်္ကာ တွေ ဆက်လက်ဖန်တီးနိုင်ဦးမည်ဟု ရော်ရမ်းတွေးဆကြည့်မိပါသည်။ ပါ ရှန်လူမျိုးကဗျာအကျော်အမော် ‘အို မာခိုင်ယမ်’ကလည်း ‘ဝိုင်အရက်တစ် ကျိုက်၊ စပျစ်သီးတစ်ကိုက်နှင့် ချစ်သူ ကလည်း အနားမှာရှိလျှင် လောကီ စည်းစိမ်ပြည့်စုံပြီ’ဟု သေရည်ကို အမွှန်းတင်လေသည်။ ကျွန်တော်တို့ ၏ စတီရီယိုဂီတခေတ်ဦးအဆိုတော် ကြီး ‘စိန်သစ်’ကလည်း ‘ဂစ်တာတစ် လက်၊ အရက်က တစ်စည်၊ မိန်းမ လှကလေးက တစ်ယောက်”ဟု ဟစ် ခဲ့ဖူး၏။ အကောင်းမှတ်လို့ နား ထောင်ခဲ့မိတာပါ။ အရက်က တစ် စည်တောင်ဆိုမှတော့ အဲသည်ငနဲ ဂစ်တာလည်း တီးနိုင်မှာ မဟုတ် တော့၊ အန်ဖတ်ဆို့ပြီး မသေရင် ကံ ကောင်းတယ်လို့ပဲ မှတ်ရမယ်။ အဲ့ ငမူးကို မိန်းမလှကလေးကလည်း စိတ်မပျက်ဘဲနေပါမတဲ့လားဗျာ။

ကျွန်တော်သည်လည်း ‘ကျွတ် တန်း’ မဝင်သေးမီ၊ လူငယ်ကဗျာ ဆရာများစွာနှင့် ပေါင်းဖက်တူပျော် ကိုကြီးကျော်ကို ဆည်းကပ်ခဲ့ဖူးပါ၏။ လူငယ်ကဗျာတွေ မူးလာကြလျှင် စာ အကြောင်း ပေအကြောင်း ပြောရာ ကနေ ဂိုဏ်းဂဏကိစ္စတွေ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုအငြင်းအခုံတွေ ပါလာ ကြတော့ပြီ။

”ငါက ဂုန်ယုန်ဂိုဏ်းဝင်ကွ”

”ငါက ဇင်နိုးကြူး ဂိုဏ်းဝင်ကွ”

ဘာတွေမှန်းမသိ၍ ကျွန်တော် အူချာလည်ပြီး အမူးပြေသွားရာ၊ ထပ်သောက်ရသဖြင့် ပိုက်ဆံပိုကုန် သွားပါသည်။

”ဟေ့ …ကြူးနှစ်၊ ကျုပ်တို့ ပြောတဲ့ ကြူးဆိုတာ ခင်ဗျားကိုပြော တာမဟုတ်ဘူး။ ခင်ဗျားက အာပလာ ကြူးနှစ်ပဲ၊ ကျုပ်တို့ပြောတာက ကဗျာဆရာ မင်းလှညွန့်ကြူးကိုပြော တာ”ဟု ကျွန်တော်ဘက်လှည့်ကာ ‘ပိန္နဲပင်ဆွဲထည့်’သည်လည်း ကြုံရ၏။ ကျွန်တော်ကလည်း ကလောင်နာ မည်လာထိလျှင် စိတ်က လက်တစ် ဆစ်။
”ဟိတ်ကောင်တွေ …ငါ့နာ မည်က ကဗျာဆရာ မင်းလှညွန့်ကြူး ဆီက ယူတာ မဟုတ်ဘူးလကွ၊ မြန် မာနိုင်ငံရဲ့ ပထမဆုံးသတင်းစာဆရာ ကြီး ဦးရွှေကြူး၊ ပိုင်အိုးနီးယား ဂျာ နယ်လစ်ကြီး ဦးရွှေကြူးရဲ့ နာမည်ထဲ က ဖဲ့ယူထားတာ ဘာမှတ်လဲ”

ဤသို့ဖြင့် …ကဗျာဆရာ လူငယ်အချင်းချင်း ငြိကြရာက ကျွန် တော်နှင့်ပါ မလွတ်မကင်းရှုပ်ထွေး လာတော့၏။ နောက်ဆုံးတော့ ဘယ် သူနှင့်ဘယ်သူ ပြဿနာဖြစ်မှန်းမသိ ကြတော့ဘဲ လုံးထွေးသတ်ပုတ်ကြ သည်။ အော်ဟစ်ဆဲရေးကြသည်။

နောက်တစ်နေ့ နံနက်ခင်းကို ရှုစားလေ့လာလိုက်ကြပါဘိ။ ကြူး နှစ်အပါအဝင် မနေ့ညက သေရည် ဆိုင်မှာ လုံးထွေးသတ်ပုတ်ခဲ့ကြသော ကဗျာဆရာလူငယ်တစ်သိုက်တို့သည် လက်ဖက်ရည်ဆိုင်မှာ ခံ့ခံ့ကြီးတွေ ထိုင်နေကြကုန်၏။ တစ်ယောက်က နဖူးမှာ ပတ်တီးနှင့် နောက်တစ် ယောက်က နားထင်မှာ ပလာစတာ နှင့်။ အခြားတစ်ယောက်က မျက် ကွင်းကြီးညိုနေသည်။ တစ်ယောက် သောသူကတော့ ပါးတစ်ခြမ်းမှာ အာလူးသီးထွက်နေသည်။ ကျွန် တော်ကတော့ ဘာမှမဖြစ်။ ပညာရှိ တို့ မည်သည့်မှဲ့တစ်ပေါက်စွန်းရိုး မရှိ လေ။

ယခုတော့ …ကျွန်တော့်ရဲ ဘော်ရဲဘက်ကဗျာဆရာ လူငယ်က လေးများသည် ကျွန်တော်က ‘ကျွတ် တန်း’ဝင်ခဲ့သလို သူတို့အများစုမှာ လည်း ‘ကြီးကောင်ဝင်’ခဲ့ကြပါပြီ။ ‘က ဗျာဆရာ …ငါ ကဗျာဆရာ’ဟု အော်ဟစ်ကြွေးကြော်ရင်း၊ သေရည်နွံ မှာ နစ်ရင်း နာမ်၊ ခန္ဓာပြုတ် ဇီဝိန် ချုပ်ခဲ့ကြသူ လူငယ်ကဗျာဆရာတွေ လည်း တစ်နှစ်တစ်ယောက်၊ နှစ်နှစ် တစ်ယောက် တဖြောက်ဖြောက် ကြွေကုန်ကြပြီ။

ဟိုတစ်လောက လူငယ်ကဗျာ ဆရာတစ်ယောက် မျက်နှာကြီးရောင် ရမ်းဖောသွပ်လျက်၊ ကျွန်တော်နား ကပ်လာသည်။ အမူအရာက မူးသလို လို၊ ရူးသလိုလို။
”ဟယ် …ငမိုက်သား၊ ဝေး ရာက ရှားလော့၊ မူးချင်ယောင်လည်း မဆောင်နှင့် ရူးချင်ယောင်လည်း မဆောင်နှင့် …၊ စောဖေတို့က နောကျေပြီးသားလဟ …”
ကျွန်တော်က တောင်ဝှေးကို ရွယ်လိုက်ရပါသည်။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*