အကြိမ်ကြိမ်သေဆုံးရသော

အကြိမ်ကြိမ်သေဆုံးရသော
September 21, 2018 Asian Fame Media
အကြိမ်ကြိမ်သေဆုံးရသော

မေလ၏ မိုးရေစက်တို့သည် အရပ် လေးမျက်နှာမှ ဝေ့တိုက်လာ သော လေရူးတွေကြောင့် ခပ်ကြမ်း ကြမ်း ရွာချနေသည်။ ထီးတစ်လက် သည် လူတစ်ကိုယ်စာကိုပင် လုံခြုံ အောင် ကာကွယ်မပေးနိုင်မှန်း ကျွန်တော်ကြိုတင်သိရှိထားသည့် အတွက် စူပါမားကတ်ကြီးတစ်ခုရှေ့ က လူသွားစင်္ကြံလေးတွင် မိုးဝင်ခို လိုက်သည်။ ကျွန်တော့်လိုပဲ မိုးခိုသူ တချို့ ထိုလူသွားစင်္ကြံလေးပေါ်တွင် ရှိနှင့်နေသည်။ တချို့က ရောက်လာ ကြသည်။ မိုးခပ်သည်းသည်း ရွာချ နေစဉ်မှာတော့ လူသွားစင်္ကြံလေးပေါ် တွင် လူနှစ်ဆယ်အစိတ်ခန့် ရှိရော့ မည်။ ထိုအချိန် မိုးရေထဲတွင် ငှက် စာရောင်းချသော ကလေးမလေး တစ်ဦး စပါးတွဲတွေကို ထမ်းပိုးကာ လူသွားစင်္ကြံလေးဆီ လျှောက်လာ သည်။ အနားရောက်တော့ မိုးရေထဲ မှာပင် ရပ်တန့်ကာ မိုးခိုနေသူတို့ကို မျက်လုံးကလေးဝေ့ကာ လှမ်းကြည့် နေသည်။
ငှက်စာရောင်းသော ကလေးမ လေး၏ အဝတ်အစားတို့သည် ညစ် ထေးနေသည်။ ထိုညစ်ထေးနေသော အဝတ်အစားတို့မှ စီးကျသော မိုးရေ တို့သည်ပင် မည်းညစ်နေလေသည်။ လက်တစ်ဖက်က ထမ်းပိုးထားသော စပါးတွဲတွေကို ထိန်းရင်း ကျန်လက် တစ်ဖက်က နှုတ်ခမ်းဆီ စီးကျလာ သော နှပ်ရည်တို့ကို လက်ဖမိုးနှင့် ဆွဲသုတ် နေသော ကလေးမလေးကို မိုးခိုနေကြသူများကလည်း စိုက်ကြည့် နေကြသည်။

ငှက်စာရောင်းသော ကလေးမ လေး ခြေလှမ်းဖို့ဟန်ပြင်လိုက်ချိန် မှာတော့ လူသွားစင်္ကြလေးပေါ် တွင် ခပ်ကျဲကျဲရပ်နေကြသော လူတစ်စုက တစ်ဦးနှင့်တစ်ဦး တိုးကပ်လိုက်ကြ သည်။ ကျွန်တော့်ယာဘက်ဘေးမှ လူတစ်ဦးသည်လည်း ကျွန်တော့်ဘက် ဆီ တိုးကပ်လာသည်။ ကျွန်တော်သည် လည်း ဝဲဘက်ကလူဆီ ကြားထဲမှာ လူတစ်ကိုယ်စာ အကြားအလပ်မရှိ အောင် တိုးကပ်ထားလိုက်တော့သည်။

ထိုနေ့က ကျွန်တော်တို့ စာနာ မှုတွေ၊ ကိုယ်ချင်းစာတရားတွေ သည် ငှက်စာရောင်းသော ကလေးမလေး နှင့်အတူ မိုးရေတွေ စိုသွားခဲ့သည်။ ထိုနေ့က ကျွန်တော်နှင့်အတူ မိုးခို ခဲ့ကြသော လူတွေ၏ ဝတ်ဆင်ထား ကြသော အဝတ်အစား၊ အရောင်အ သွေးတို့သည် မတူညီကြပါ။ ရောက် ရှိလာခဲ့သော အရပ်ဒေသတွေလည်း မတူညီကြ။ လုပ်ကိုင်နေကြသော အလုပ်အကိုင်တွေသည်လည်း တူညီ ကြ ဦးမည်မဟုတ်ပေ။ သို့ပေမဲ့ ထို နေ့ ထိုအချိန်က လူတစ်ယောက်အား တစ်ကိုယ်စာနေရာ မပေးနိုင်ခဲ့သည့် နှလုံးသားကြမ်းကြမ်းတွေကတော့ တူပဲတူနိုင်လွန်းကြသည်။

”နင်က တစ်ပြည်ပဲတန်တဲ့ ကောင်”

ဦးလေးဘချစ်အား လက်ညှိုး ထိုးကာ အဘွားပြောခဲ့သော အထက် ပါစကားလေးကို ကျွန်တော်ပြန်ကြား ယောင်မိသည်။ ဦးလေးဘချစ်၏ ဆွေမျိုးသားချင်း မိသားစုတွေအပေါ် ဆက်ဆံရေးအေးစက်ပြီး အရေးကိစ္စ တွေမှာ လျစ်လျူရှုနေသည့်အခါ မျိုးတွင် အဘွားသည် အထက်ပါ စကားလေးကို မကြာခဏပြောဆိုတတ် သည်။ အဘွားပြောဆိုခဲ့သော ထို စကားကို ကျွန်တော်သည် အသက် အရွယ်အတန်အသင့် ရလာသည့် အချိန်မှ သဘောပေါက်နားလည်ခဲ့ သည်။ ‘စတုတ်တိုက်’ ခံထားရသည် ဟု အဘွားက ရည်ညွှန်းပြောဆိုခဲ့ တာပဲ ဖြစ်ပါသည်။ ‘စတုတ်တိုက်’ ဆိုသည်မှာ ဆန်၊ စပါးတို့ကို ပြည် တောင်းနှင့် ခြင်တွယ်သည့်အခါ တစ်ပြည်ထက် ပိုမိုမို့မောက်နေသော အစိတ်အပိုင်းတို့ကို စတုတ်နှင့် တိုက် ချသည်ကို ဆိုလိုပါသည်။ ထို့ကြောင့် တစ်ပြည်ဆိုတစ်ပြည်ပဲ အတိအကျ ရှိနေပြီး အပိုအလိုမရှိ။ လူတွင်လည်း နေသာသလိုနေထိုင်တတ်ပြီး လူတွေ အပေါ် စေတနာတွေ ခန်းခြောက် ကာ အရေးကိစ္စတွေမှာ နေစိမ့်နေ သည့်လူတွေကို အဘွားစကားနှင့်ဆို လျှင် တစ်ပြည်ပဲတန်သည်ဟု ပြောရ မှာပဲဖြစ်ပါသည်။

မြို့ပြရှိ လူ့အသိုင်းအဝိုင်းသည် တစ်ပြည်ပဲတန်သည့် လူစားများနှင့် ဖွဲ့စည်းထားလေသလားဟု ကျွန်တော် သံသယဝင်နေမိပါသည်။ ဘတ်စ် ကားပေါ်မှာ၊ မြို့ပတ်ရထားတွေပေါ် မှာ၊ တိုက်ခန်းတွေမှာ သံသယတွေနှင့် နေထိုင်ကြရင်း အကြင်နာတရားတွေ၊ မေတ္တာတရားတွေ၊ စာနာမှုတွေ၊ ဖေးမကူညီမှုတွေသည် စတုတ်တိုက် သည့်အထဲ ပါသွားခဲ့လေသလားတော့ မသိ။ ထိုမှတစ်ဖန် ”ကျောင်းဆရာ တွေက ကျောင်းမှာဆို အရင်လို စာ သိပ်မသင်တော့။ ကျူရှင်ပဲ အားကိုး နေရတယ်။ အရင်တုန်းက ဆရာ၊ ဆရာမတွေလို စေတနာ သိပ်မပါ တော့ပါဘူး”

”အစိုးရဝန်ထမ်းတွေက တာဝန် အရသာ ဝတ်ကျေတန်းကျေ လုပ်နေ ကြတာ ပြည်သူတွေကို စေတနာ မထားကြတော့ဘူး”

”သွားပြောမနေနဲ့ ကိုယ်နဲ့အနေ သာကြီး။ သူ့ဘာသာ ဘာကြီးပဲဖြစ် ဖြစ် ပစ်ထားလိုက်” စသည်ဖြင့် ကျွန်တော်တို့ ဝန်းကျင်မှာ ကြားနေရ သော အသံတွေသည် စေ့စေ့တွေး ကြည့်လျှင် စိုးရိမ်စရာကောင်းသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် အသွင် ဆောင်လာသည်ကို တွေ့မြင်ရမှာပဲ ဖြစ်သည်။ လူတို့ လိုက်နာကျင့်သုံး အပ်သော မေတ္တာ၊ ကရုဏာ၊ မုဒိ တာ၊ ဥပေက္ခာ စသည့် ဗြဟ္မစိုရ်တရား တို့သည် ကျွန်တော်တို့ လူမှုဝန်းကျင် တွင် ဆိတ်သုဉ်းနေလေတော့သည်။

”လုပ်မနေပါနဲ့ကွာ။ ဒီအတိုင်း လည်း လည်ပတ်နေတာပဲ။ မင်းကို နိုင်ငံတော်က ဆုချီးမြှင့်မှာလည်း မဟုတ်ဘူး။ ထားလိုက်စမ်းပါကွာ။ ဝန်ထမ်းဆိုတာ ရတဲ့လစာနဲ့ပဲ တန် အောင်နေစမ်းပါ”

ထိုသို့ စတုတ်အတိုက်ခံရသော နေ့ရက်များတွင် ကျွန်တော်သည် ဝန် ထမ်းငယ်ဘဝက တာဝန်ထမ်းဆောင် ခဲ့ဖူးသော တောဘူတာလေး၏ အနီး က ရွာကလေးကို သတိရနေမိသည်။

ထိုရွာကလေးသည် အနီးအနား ဝန်းကျင်မှာ မီးရထားစက်ခေါင်း ပျက်နေသည်ဟု အသံကြားရပြီဆို လျှင် တစ်ရွာလုံး၏ စိတ်စေတနာတို့ သည် မည်သူတစ်ဦးတစ်ယောက်ကမျှ စေ့ဆော်တိုက်တွန်းစရာမလိုအောင် ပင် နိုးကြားလာသည်။ ရထားစီး ခရီး သည်များ အစားအသောက် အခက် အခဲ ဖြစ်နေရှာရော့မည်ဆိုသည့် ကိုယ်ချင်းစာတရားတို့သည်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ရင် ထဲ ထည့်ပေးစရာမလိုအောင် စာနာ မှုတရားတို့သည် ပြည့်လျှံနေလေ သည်။ ထိုရွာရှိ လူငယ်လူရွယ်များ သည် ရွာထဲရှိ အိမ်များဆီက ထမင်း၊ ဟင်း၊ မုန့်ပဲသရေစာ၊ သောက်ရေ နှင့် ကွမ်းဆေးလက်ဖက်များကို စုဆောင်းကာ မီးရထားစက်ခေါင်း ပျက်နေသည့်နေရာသို့ တောင်းကြီး၊ တောင်းငယ်၊ ချိုင့်ကြီးချိုင့်ငယ် အသွယ်သွယ်ဖြင့် သွားရောက်လှူ ဒါန်းတတ်ကြသည်။ ထိုမျှမကသေး ရွာကလေး၏ ဝမ်းဗိုက်ဆီမှ ဖောက် ထွက်သွားသော ထိုရွာသူရွာသား များသည် ခရီးသွားဆိုင်ကယ်များအား ဝါးလုံးကြီးတွေဖြင့် ထမ်းလျှိုကာ ချောင်းတစ်ဖက်ကမ်းသို့ ကူညီပို့ ဆောင်ပေးတတ်ကြပြန်သည်။

ထိုရွာကလေး၏ စိတ်စေတနာ၊ ကိုယ်ချင်းစာတရား၊ စာနာမှုတို့သည် တစ်ချိန်က ပန်းကလေးတွေလို မွှေး ဝေခဲ့ပြီး ယခုတော့ ပန်းကလေးတွေ လိုပဲ ကြွေလွင့်ပျောက်ကွယ်သွားခဲ့ပါ သည်။ ရွာကလေး၏ သတင်းစကား ကြားရသည့်နေ့က ကျွန်တော်ရင် ကျိုးရသည်။ ရွာကလေး၏ စေတနာ အင်အားကို အထူးကြည်ညိုမိသော ကျွန်တော့်အတွက်တော့ ကြေကွဲစရာ ဖြစ်ခဲ့လေပြီ။ ယခုအခါ ထိုရွာက လေး၏ ရွာသူရွာသားတို့သည် အနီး အနားဝန်းကျင်မှာ မီးရထားစက် ခေါင်း ပျက်နေသည်ဟု အသံကြား ရပြီဆိုလျှင် ထမင်း၊ ဟင်း၊ မုန့်ပဲသ ရေစာနှင့် သောက်သုံးရေများကို အဆမတန် ဈေးတင်ကာ အလုအ ယက် သွားရောက်ရောင်းချကြလေ သည်။ မိုးရွာပြီဆိုရင်လည်း ချောင်း ကူးတံတားလေးကိုဖျက်ကာ ချောင်း တစ်ဖက်ကမ်းသို့ ပို့ဆောင်ပေးရန် ခရီးသွားဆိုင်ကယ်များအား အပြိုင် ဈေးခေါ်နေကြသည်။
မြို့ပြရှိ လူ့အဖွဲ့အစည်းများ နည်းတူ ရွာကလေးသည်လည်း စတုတ်တိုက်ခံလိုက်ရတာပဲ ဖြစ်ပါ တော့သည်။

”တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်နိုင် ငံ ကျရှုံးနေခြင်းသည် စစ်ရှုံးလို့မဟုတ် ဘူး။ အဲဒီနိုင်ငံမှာရှိတဲ့ ပြည်သူတွေ အကျင့်စာရိတ္တပျက်ပြားသွားလို့” ဆို သော ပညာရှင်တစ်ဦး၏ အဆိုအမိန့် တစ်ခုကို ကျွန်တော်ဆင်ခြင်ကြည့်မိ သည်။

တောရောမြို့ပါမကျန် ကျွန်တော် တို့၏ စိတ်နှလုံးတွင် ဗြဟ္မစိုရ်တရား တို့ ခန်းခြောက်ကာ အကျင့်စာရိတ္တ တွေ ကျိုးအက်နေကြသည်မှာ တူညီ လွန်းလှသည်။ သီလ ပျက်ခြင်း၊ ကိုယ်ကျင့်တရားပျက်ခြင်းသည် မိမိ သဘော ဆန္ဒအလျောက် ပျက်စီးခြင်း၊ ပတ်ဝန်းကျင်ကြောင့် ပျက်စီးရခြင်း နှင့် ဖျက်ဆီးခံရခြင်းတို့ကြောင့် ဖြစ် နိုင်သည်ဟု ကျွန်တော်တွေးထင်မိသည်။

ဆရာကြီး ဒဂုန်ဦးထွန်းမြင့်၏ ‘အခြေခံလူ့ကျင့်ဝတ်’ ဆိုသော စာ အုပ်ထဲတွင်တော့ ”ပါဏာတိပါတမှာ သူ့အသက်ကို သတ်ခြင်းဟာ တိုက် ရိုက်အပြစ်ပဲ။ အသက်သတ်တာ မဟုတ်ပေမယ့် ကိုယ်ကိုထိခိုက် အောင် ညှဉ်းဆဲမှု၊ စိတ်ကိုထိခိုက် အောင် ညှဉ်းဆဲမှု၊ ကိုယ်ကျင့်တရား ကို ထိခိုက်အောင် ညှဉ်းဆဲမှုတွေသည် ပါဏာတိပါတထဲမှာ ပါနိုင်တဲ့ သွယ် ဝိုက်တဲ့အပြစ်တွေဖြစ်တယ်”ဟု မှတ် သားထားဖူးပါသည်။ ”လူတစ်ဖက် သားကို တမင်သက်သက် ထိခိုက်နာ ကျင်အောင်၊ အဖမ်းအဆီး အချုပ် အနှောင်ခံရအောင်၊ ထောင်တန်း ကျအောင် မကောင်းတဲ့စေတနာနဲ့ ပြုလုပ်တာတွေ၊ လူတစ်ယောက်ရဲ့ စိတ်ကောင်းစိတ်မြတ်ကလေးကို ပျက်စီးသွားအောင် ပြုလုပ်တာတွေ၊ ကိုယ်ကျင့်တရားကို ပျက်စီးအောင် ဖျက်ဆီးတာတွေကို ဆိုလိုတယ်”ဟု ပြောထားသည်ကိုလည်း မှတ်သား မိနေပါသေးသည်။

ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံ သားတို့၏ စိတ်နေစိတ်ထား၊ ကိုယ် ကျင့်တရားတွေသည် အစီအစဉ် ကျကျ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ လူတစ်စုက ကျွန်တော်တို့၏ ရင်ထဲ အသည်းထဲ နှလုံးသားထဲအထိ ကိုယ် ချင်းစာတရား၊ စာနာမှုတို့ ဘာဆိုဘာ မှမကျန် အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် ခဲ့ကြတာပဲ ဖြစ်ပါသည်။ ဘယ်ခေတ်၊ ဘယ်စနစ်ကတည်းက အသတ်ခံလိုက်ရမှန်း မသိအောင်ပင် ရက်စက်မှုတွေသည် ညင်သာလွန်းခဲ့ လေသည်။

ကျွန်တော်တို့သည် လူတစ်ဦး နှင့်တစ်ဦးအပေါ် ကိုယ်ချင်းစာ တရား၊ စာနာမှုနှင့် ဗြဟ္မစိုရ်တရားတို့ အပြန်ပြန်၊ အလှန်လှန် ထားရှိတတ် သည့်စိတ်တွေ ပြန်လည်မမွေးယူနိုင် သရွေ့ ကျွန်တော်တို့ အကြိမ်ကြိမ် သေဆုံးနေရဦးမည်လည်း ဖြစ်ပါ တော့သည်။

ကြယ်လွဲမိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*