တွေးလို့မရတဲ့လူ

တွေးလို့မရတဲ့လူ
April 4, 2018 Leanne Win

လူ အမျိုးမျိုးစိတ်အထွေထွေတဲ့။
ရိုးရိုးရှင်းရှင်းပြောရရင် ကောင်း တဲ့လူရှိသလို၊ မကောင်းတဲ့လူလည်းရှိ တာပဲ။ မှားတယ်၊ မှန်တယ်ဆိုတာက သူ့အမြင်၊ ကိုယ့်အမြင်နဲ့ ဆုံးဖြတ် ကြတာကိုး။ တစ်ခါတလေ သူ့လုပ်ရပ် ကို ကြည့်ပြီးအံ့သြနေမိတယ်။ ဘာဖြစ် လို့လဲဆိုတော့ ကျွန်တော် သူ့လိုလိုက် မလုပ်နိုင်ခဲ့ဘူး။ လုပ်လေ့လုပ်ထ လည်း မရှိခဲ့ဘူးလေ။ ဟန်ဆောင်ပြီး လည်း လိုက်မလုပ်ချင်ဘူး။ သူ ကတော့ အရင်ကတည်းကကို သူ လုပ်စရာရှိတာကို လုပ်နေတာဖြစ်ချင် ဖြစ်မှာ။ ခုမှ ကြုံရတဲ့ ကျွန်တော့် မှာတော့ အံ့သြတကြီးဖြစ်နေမိတယ်။ တစ်ခါတလေ သူ့လုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ ရှင်းပြနေလေရဲ့။ ကျွန်တော်ကတော့ သူ့အပေါ် သံသယ ဖြစ်မိတာအမှန်။ လူ အထင်ကြီး အောင် လုပ်ပြနေတာလား။

သူ့အကျင့်က ကိစ္စတစ်ခုကို တို တိုနဲ့ လိုရင်းလေးပြော။ ရှည်တာ မကြိုက်ဘူး။ အရေးကြီးတာဘာလဲ။ ကွေ့ဝိုက်ပြီး ပြောမနေနဲ့။ အချိန်ကုန် တယ်။ လိုရင်းမရောက်ဘူး။ နောက် ပြီး သည်းခံပြီး နားထောင်မနေဘူး။ အလုပ်ရှိတယ်ဆိုတဲ့ သဘောနဲ့ ထထွက်သွားတော့ ကြားထဲက ကျွန်တော် ဘာလုပ်ရမှာလဲ။ တစ်ဖက် သားအားနာရမှာလား။ သူ့ အပြု အမူကို ဒေါသထွက်မှာလားဖြစ်မိ တယ်။

သူလည်းမချမ်းသာပါဘူး။ လက်လုပ်လက်စားထဲကပါ။ ဒါပေမဲ့ ငွေကိုမထင်မထင်သလို၊ ပေးကမ်း စွန့်ကြဲနေတော့ “မင်းကဘယ်လောက် ချမ်းသာနေလို့ ခုလိုလုပ်နေတာလဲ” လို့ ခပ်ရွဲ့ရွဲ့မေးရမလိုပါ။ သူ့ရှေ့မှာ လူတစ်ယောက် ဒုက္ခရောက်နေတာပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးမကောင်းလို့၊ သူ့ဒုက္ခကိုပြောပြီး အကူအညီတောင်း သံပဲဖြစ်ဖြစ်၊ မြင်ရကြားရရင်ပဲ သူ့ အိတ်ထဲက ရှိတဲ့ငွေကြေးတချို့ ဆိုး ခနဲ ဆတ်ခနဲ ပေးကမ်းကူညီလိုက်တာ ပဲ။ ဒီလူကို နောက်တစ်ခါတွေ့ရင် လည်း ကူညီတာပဲ။ သူကတော့ ဘာမှ မဖြစ်သလို၊ ကြားထဲကလူက မရိုးမရွ ဖြစ်ရော။ အလကားဆန်ကုန်မြေ လေးကိုမှ အဆိပ်ပင်ရေလောင်းနေ တာလို့ ပြောပေမယ့်လည်း သူကူညီ တဲ့လူနဲ့ သူနဲ့က အဖွဲ့တွေကျလို့။ အဲဒီ လူအကြောင်းကို ပုံပြင်လေးတစ်ပုဒ် နားထောင်ရသလို၊ သူက ကျွန်တော့် ကို ပြန်ပြောတယ်။ တစ်ခါတလေ သူ့လုပ်ရပ်ကို ကျွန်တော်မကြိုက်ချင် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ အတွက် ပြောတာပါ။ သူ့လုပ်ရပ်က ကူညီရာမရောက်ဘူး။ သဲထဲရေသွန် သလိုမျိုး ဖြစ်မှာစိုးလို့ပါ။ တွေးကြည့် လေ။ အကွက်သမားတွေက ဒါမျိုးဆို အကြိုက်ပေါ့။ သူ့တွေ့ရင်ကိုပဲ –

“တို့အလှူရှင်ကြီး လာပြီဟေ့”
လို့ ကွယ်ရာမှာပြောချင်ပြောနေမှာ။ လူတိုင်းလူတိုင်းမှာ အကျင့်လေး တစ်ခုကို မှတ်ထားကြတယ်။ ကိုယ့်ကို တစ်ခါလောက်လိမ်ဖူးပြီဆိုရင် နောက်တစ်ခါဒီလူကို ကူညီိဖို့ဆိုတာ ဝေးသွားပြီလေ။ စေတနာမရှိတော့ ဘူး။ သူကတော့ ဒီလိုမဟုတ်ဘူး။ တစ်ခါက သူကျွန်တော့်ကို ပြောဖူး တယ်။

“ဒုက္ခရောက်လို့ အိပ်စရာမရှိရင် သူ့အိမ်လာခဲ့။ အိမ်ရှေ့ဘုရားစင် အောက်မှာ အကျယ်ကြီး။ သူတို့ စားသလိုထမင်းစားချင်သပဆိုရင် လည်း ရှိတဲ့ထမင်းဟင်း ဝင်စားသွား တဲ့။ ဒါပေမဲ့ ပြဿနာတော့ ချန်မထား ခဲ့နဲ့”တဲ့လေ။ သူပြောတော့လည်း ခပ် ဟုတ်ဟုတ်ပါပဲ။ သူ့သဘောထားကို ကျွန်တော်ကြိုက်တယ်။ ကိစ္စတစ်ခုနဲ့ သူ့အိမ်ကို လိုက်သွားမိတယ်။ မန္တလေး-လားရှိုးသွားတဲ့ လမ်းမကြီး ကနေဆင်းပြီး ကုန်းတက်ကုန်းဆင်း၊ ကျောက်တောင် ချောက်ကမ်းပါးကြီး တွေ နားကနေ သွားလာရတယ်။ လမ်းရယ်လို့ မပီသပါဘူး။ သူတို့ မိသားစု ဖြတ်သွားဖြတ်လာလုပ်လို့ သာ လမ်းရယ်လို့ ဖြစ်လာတာပါ။ အများသွားတဲ့ လူသွားလမ်းမဟုတ် တာ သေချာတယ်။ တချို့နေရာတွေ မှာ မြို့ထဲကလူတချို့၊ ချုံပုတ်ထူထူ၊ လူမမြင်ကွယ်ရာမှာ စည်းမဲ့ကမ်းမဲ့ အမှိုက်တွေလာပစ် ထားကြတာလည်း တွေ့ရဲ့။ ကိုယ့်အိမ်ကလွဲရင် ကျန်တဲ့ နေရာ ဘယ်လိုပဲဖြစ်နေဖြစ်နေဆိုတဲ့ တစ်ပို့တည်းသမားတွေရဲ့ စိတ်ဓာတ် ကို ဒီနေရာမှာ တွေ့ရသလို၊ သူမြို့ ထဲကနေ ပြန်လာပြီဆို တစ်ခါတလေ ချစ်သူရည်းစားစုံတွဲ ချိန်းတာကို မျက်စိရှက်ရှက်နဲ့ မြင်ရကြားရတာ လည်း တွေ့ရတယ်တဲ့လေ။ သူ ဘယ်လိုများ သူ့အိမ်ရောက်ပါလိမ့်။ တစ်ခါတလေ စက်ဘီးနဲ့ မတန်တဆ ပစ္စည်းက ပါပြန်၊ လမ်းကလည်း တောင်တက်ခပ်မော့မော့လမ်း၊ ကျွန်တော်တွေးကြည့်ရင်း လမ်း အကြောင်းကို ပြောမိတယ်။ အစက သူ့အိမ်သွားတဲ့လမ်းက ဒီလိုမဟုတ် ဘူး။ လမ်းမကြီးက ဆင်းလိုက်တယ် ဆိုရင်ပဲ အိမ်ထဲအထိ အတက်အဆင်း နည်းနည်းနဲ့ မြေပြန့်ကျယ်ကြီးနား ကနေ သွားရတာ။ ခုတော့ အဲဒီမြေ ကွက်ကျယ်ကျယ်ကြီးကို အကောင် ကြီးကြီး၊ အမြီးရှည်ရှည်က အုတ်တံ တိုင်းခတ်ပြီး အိမ်ကြီး ဆောက်၊ ပိတ် လိုက်တော့ ခုလိုလမ်းမဟုတ်တဲ့လမ်း ကနေ ဝင်ထွက်သွားလာတာလို့ပြော တယ်။ စဉ်းစားကြည့်တော့ နေ့တိုင်း စက်ဘီးအိုလေးနဲ့ မြို့ထဲကို နေ့စဉ်လာ တာ၊ သူ့အိမ်အတွက် ဝယ်စရာ၊ ခြမ်း စရာဝယ်ပြီး သူ ကျွန်တော့်ဆိုင်ရောက် လာပြီ။

“အဘ သွားစို့လက်ဖက်ရည် ဆိုင်”တဲ့။ ကျွန်တော့်ကို အဘလို့ခေါ် လို့ အိမ်ကမိန်းမနဲ့ သမီးက သဘော ကျကြတယ်။ သူကပဲ ဆိုင်လာလာပြီး လက်ဖက်ရည်တိုက်လို့ ကြာလာတော့ အားနာပြီး မအားဘူး၊ ထမင်းစားချိန် နီးပြီ၊ ခုလေးတင် သောက်ပြီးတာလို့ အကြောင်းမရှိ အကြောင်းရှာငြင်း တော့ ဘုမသိ ဘာမသိ မိန်းမနဲ့ သမီး က ….

“အဖေကလည်း လိုက်သွား လိုက်ပါ။ တကူးတကကြီးလာခေါ် တာ။ အားနာစရာကြီး”

“ရိုင်းရာကျတာပေါ့”
ဒီကိစ္စ သူတို့မှမသိတာ။ ကျွန်တော်သူ့အိမ်ရောက်သွားတော့ အိမ်အခြေအနေလေးကို အကဲခတ် မိတယ်။ တစ်ခါက သူပြောတဲ့ စကား လေးကိုလည်း သတိရလာတယ်။

“ကိုယ်ပိုင်စာကြည့်တိုက်လေး ထောင်ချင်တယ်”တဲ့။ အဲဒီသူပြောတဲ့ အသံဟာ ကျွန်တော့်မြင်ကွင်းရှေ့ မှာ စာအုပ်ပုံတွေနဲ့ စာအုပ်စင်လေးတွေ က သက်သေပြနေတယ်။ သူပြောသ လို ခရီးတစ်ဝက်ကျိုးရောက်နေပါပြီ လေ။ နောက်ပြီးသူက ပန်းချီ ဆိုင်း ဘုတ်တွေ၊ မန္တလေးမှာရေးပြီး အဲဒီ ကနေ အလုပ်မဖြစ်တော့ ပြင်ဦးလွင် ပြောင်းလာတယ်။ ဒီမှာ ကိုယ်ပိုင် မုန့်စုံလေး၊ မိသားစုဝိုင်းပြီး လုပ်လို့ အဆင်ပြေလာတာ။ ဧည့်ခန်းထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဒေါ်အောင် ဆန်းစုကြည်ပုံကို အမြတ်တနိုး လေး လေးစားစား ချိတ်ထားတာကို တွေ့ရ ပြန်တယ်။ သူ့ ပန်းချီကား ကြည့်ရတာ အကောင်းကြီးမဟုတ်သလို အညံ့စား ကြီးရယ်လို့ ပြောလို့မရဘူး။ သူ့ကို အထင်သေးလို့ပြောတာမဟုတ်ဘူး။ တကယ်တမ်းတွက်ကြည့်ရင် သူ ကတောင် ကျွန်တော့်ထက် အစစ အရာရာ သာသေးတယ်။ အမြင်ရိုး ရှင်းပြီး ရိုးရိုးသားသား သာမန်လက် လုပ်လက်စားနေလို့ အထင်မကြီးကြ တာပါ။ ဘာအတွက်နဲ့ ဒီကိစ္စမှာ အလွယ်တကူ လုပ်နေတာလဲ။ နောက်ပြီး သူ လုပ်အားပေးနေတာ မဟုတ်ဘူး။ ငွေရေးကြေးရေးကိစ္စ၊ ရှေ့နောက်မစဉ်းစားမိဘူးလား။ လူ တစ်ယောက် ဒုက္ခရောက်လို့ ကူညီ တာကောင်းပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေပဲ၊ ဘာသာတရား ကလည်း ဆုံးမထားပါတယ်။ ဒါပေမဲ့ ကျွန်တော်ဘာပြောရမလဲ၊ သူ့အတွက် ဆရာကြီး မလုပ်ချင်တော့ဘူးလေ။

ဒီတစ်ခေါက် မန္တလေးကပြန် လာတော့ အဘွားကြီးတစ်ယောက် အကြောင်း၊ သူကျွန်တော့်ကို ပြော လာတယ်။ လမ်းဘေးမြက်တောထဲမှာ ရှိတာလေး အခင်းလုပ်ထိုင်ပြီးတောင်း နေတဲ့ မြင်ကွင်း၊ သူ့စိတ်ကို ပိုထိခိုက် လာတယ်။ ဘာဖြစ်လို့ အဘွားကြီး ဒီလိုဖြစ်နေရတာလဲ၊ သားသမီးတွေ မရှိဘူးလား။ အမေ၊ မွေးကျေးဇူး ဆပ်လို့ မကုန်တဲ့အမေ။ သားသမီးရှိ လို့ ကိုယ့်အမေအဖြစ်ကို ဒီလိုတောင်း နေရတဲ့ မြင်ကွင်း ကြည့်ရက်လား။ ခွေးထက်မိုက်တဲ့ သားသမီးတွေ၊ သူ တွေးမိပြီး စိတ်ထိခိုက်သွားတယ်။ ဒါနဲ့ တစ်ထောင်တန်တစ်ရွက်ကို သူ့ ဒန်ခွက်လေးထဲ ထည့်လိုက်တော့ အဘွားကြီးက အံ့သြတကြီး မော့ ကြည့်လာတယ်။ နောက်တော့ …

“င့ါသားကြီး ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေသားရယ်။ သွားလမ်း သာလို့ လာလမ်းဖြောင့်ပါစေ။ သူတော် ကောင်းနဲ့တွေ့ပြီး သူယုတ် မာတွေနဲ့ ဝေးပါစေ” လို့ ဆုတွေပေးပြီး တစ် တောင်တန်လေးကို ကိုင်ပြီး “ဟောဒီ ဆေးဘူးလေးဝယ်ဖို့ တစ်ထောင်ရပြီ တဲ့”လေ။ “အဲဒီဆေးဘူးက ဘာဆေး ဘူးလဲ အမေ။ ဘယ်လောက်ပေးရလဲ”

“အမေ့မှာ ပန်းနာရောဂါရှိ တော့ ဒီဆေးဘူးလေးရှိမှ သက်သာ တာ။ ဒီဆေးဘူးလေးကုန်တော့ ခုတ လောနေရတာမကောင်းဘူး။ ဒီလို ရောဂါကြီးနဲ့လည်း အသက်မရှင်ချင် တော့ပါဘူးသားရယ်။ တစ်ခါတစ်ခါ ဒီဆေးဘူးလေး ဝယ်ရင် ၃၅ဝဝ ကျပ် ပေးရတယ်။ အမြဲတမ်း ဘယ်လို လုပ်ဝယ်နိုင်မှာလည်း သားရယ်”

“ဒါဆို အမေရော့ သား ၃၅ဝဝ ကျပ် ကန်တော့ခဲ့မယ်နော်”

“အမေကြီးဗျာ ပြောပြောဆို မျက်ရည်တွေကျပြီး ငိုလိုက်တာဗျာ။ စိတ်ကိုမကောင်းဘူး။ င့ါစိတ်ထဲ တော်တော့်ကို စိတ်ထိခိုက်မိတယ်။ ငါလှူရကျိုးနပ်တယ် သူငယ်ချင်း”

“အေး အဲဒါမျိုးကျတော့လည်း ငါသဘောကျတယ်။ အားပေးတယ် ကွာ။ မလုပ်နိုင်၊ မကိုင်နိုင်တဲ့ အဘိုး အို၊ အဘွားအိုတွေမျိုး၊ ခြေပြတ်လက် ပြတ်တို့၊ သေချိန်ကို စောင့်နေရတဲ့ ကင်ဆာရောဂါဝေဒနာသည်တွေလို မျိုး လှူရတန်းရပေးကမ်းရတာ၊ ပေး ကမ်းရကျိုးနပ်တယ်။ ငါအားပေး တယ်။ ဒါပေမဲ့ လောကကြီးက လူ အမျိုးမျိုး၊ စိတ်အထွေထွေရှိကြ တယ်သူငယ်ချင်း။ ငါပြောတာက မလှူနဲ့မဟုတ်ဘူး။ လှူပါ၊ ပေးကမ်း စွန့်ကြဲပါ။ ခြေကောင်းလက်ကောင်း မာယာများတဲ့လူတွေကို ပေးကမ်း စွန့်ကြဲရတာ။ သဲထဲရေသွန်သလို မျိုးဖြစ်နေမှာစိုးလို့ပါ။ ဝမ်းသာလို့ ကျတဲ့မျက်ရည်၊ ဝမ်းနည်းလို့ကျတဲ့ မျက်ရည်၊ ဘာမျက်ရည်ပဲဖြစ်ဖြစ်၊ ကျလာရင်ကို မကောင်းတော့ဘူး”

“မင်းပြောတာကို ငါစိတ်မဆိုး ပါဘူးသူငယ်ချင်း။ ဒါပေမဲ့ ငါ့သ ဘောထားကို ပြောမယ်။ ဒီလိုကွာ ငါ့ငယ်သူငယ်ချင်း အရက်သမားနဲ့ ပတ်သက်ပြီး ဥပမာထားပြောကြပါစို့။ ဒီကောင် အရက်ကလူကို နိုင်သွားတဲ့ အဆင့်ရောက်နေပြီ။ ငါသူ့ကိုတွေ့ရင် တစ်ထောင်၊ တစ်ထောင် အမြဲပေး တယ်။ သူကလည်းငါ့ကိုတွေ့ရင် တစ်ထောင်လောက်တဲ့။ ငါကသူ့ကို ပြောတယ်။ မင်းအရက်မသောက်နဲ့ နော်ပြောရင် ငါ့ရှေ့တော့ မသောက် ပါဘူးကွာလို့ ပြောမှာပဲ။ ဒါပေမဲ့ ငါသိတယ်။ အရက်ကသူ့ကိုနိုင်နေပြီ ဆိုတော့ သူမဖြစ်မနေ သောက်တော့ မှာပဲလေ။ ဒီတော့ မြန်မြန်သောက် လေ၊ မြန်မြန်ဝဋ်ကျွတ်လေ။ သူ့ရဲ့ တဒင်္ဂဝေဒနာကို သက်သာအောင် ငါကသူ့စိတ်ချမ်းသာအောင် ပေး လိုက်တော့မှ သူစိတ်ချမ်းသာသွား တယ်။ ဒါပဲ ငါ့ရည်ရွယ်ချက်။ နောက် ပိုင်းသူဘာဖြစ်မှာကို ငါမစဉ်းစား တော့ဘူးကွာ။ သူပြုတဲ့အမှု သူခံပေါ့။ ကောင်းတာလုပ်ရင် ကောင်းကျိုးရ သလို၊ ဆိုးတာလုပ်ရင် …”

မောင်သစ်ထွန်း (ပြင်ဦးလွင်)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*