မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်က အမှတ်ရစရာလေးမှတဆင့်

မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်က အမှတ်ရစရာလေးမှတဆင့်
February 14, 2018 Leanne Win

(၁)

“ဂါရီဝါလား ပစ်ချားမားရိုး”
အသံထွက်စာလုံးပေါင်း မှားချင် မှားမယ်။ ဒါပေမဲ့ ရထားလုံးမောင်း တဲ့ကုလားကြီးကတော့ အဓိပ္ပာယ်ကို သိတယ်။ ရထားလုံး မောင်းရင်းတန်း လန်း နောက်ဘက်လှည့်ပြီး ရထားလုံး နောက်ပိုင်းကို သူ့လက်ထဲက ကြာ ပွတ်ရှည်နဲ့ နှစ်ချက်၊ သုံးချက် ဆင့် ရိုက်လိုက်တော့ နောက်ပိုင်းခိုးစီးတဲ့ ကလေးဟာ လန့်ဖျပ်ပြီး ခုန်ချထွက် ပြေးတော့တာပဲ။ ကျွန်တော်တို့ငယ် ငယ်က ကျောင်းဆင်းပြီဆိုရင် လွယ် အိတ်ကို နောက်ကျောပေါ်ပစ်တင် ပြီး၊ အနီးအနား ဖြတ်မောင်းသွားတဲ့ ရထားလုံးနောက်ကို ခိုးစီးလိုက်တယ်။ တချို့မရှုဆိတ်နိုင်တဲ့ သူလိုကိုယ်လို ကလေးတွေက အဲဒီလို ကုလား စကားမပီမသနဲ့ လှမ်းအော်တော့ တာပဲ။ အဲဒီအသံလည်း ကြားရော ကုလားကြီးရဲ့ ကြာပွတ်စာ မိခဲ့ရ တယ်။

(၂)
ရထားလုံးကို တော်ရုံတန်ရုံ လူ မသိဘူး။ မြန်မာပြည်တစ်ဝန်း၊ မေမြို့ (ဝါ) ပြင်ဦးလွင်ကလွဲလို့ ဘယ်မြို့မှ မရှိခဲ့ဘူး။ ဒါကအင်္ဂလိပ်လက်ကျန်၊ သူတို့နိုင်ငံမှာ သုံးခဲ့တဲ့ယာဉ်တစ်မျိုး ပါ။ မြင်းနဲ့ဆွဲတာချင်းတူပေမယ့် မြန်မာပြည်အလယ်ပိုင်း အပူပိုင်း ဒေသ (ဝါ) မန္တလေးမှာဆွဲတဲ့ မြင်း လှည်းနဲ့မတူဘူး။ အဲဒီမြင်းလှည်းက ဘီးနှစ်ဘီးနဲ့ ဆွဲရတာ။ ရထားလုံးကျ တော့ ဘီးလေးဘီး၊ မြင်းနဲ့ဆွဲတာချင်း တူပေမယ့် သူကအလေးချိန်များ တယ်။ တံခါးနှစ်ပေါက်နဲ့ဖွင့်လို့၊ ပိတ် လို့ရတယ်။ နွေ၊ မိုး၊ ဆောင်း ရာသီ ဥတု၊ လုံလုံခြုံခြုံစီးလို့ရလို့ ရထားလုံး ရယ်လို့ ခေါ်တာမှန်းမှ မသိတာ။

ဟော အခုတော့ အင်္ဂလိပ် လက်ကျန်ရထားလုံးလေးဟာ မြို့က လေးရဲ့ အမှတ်အသားလို ဖြစ်လာပြီ လေ။ ဘယ်မြို့၊ ဘယ်နယ်ကလာလာ မမြင်ဖူး၊ မစီးဖူးတော့ အလုအယက် တိုးစီးကြ၊ အမှတ်တရ ဓာတ်ပုံရိုက် ကြ။ နောက်ပြီး နိုင်ငံခြားကလာတဲ့ တိုးရစ်တွေကလည်း အဖွဲ့လိုက် ရထားလုံးတွေ ငှားပြီး တန်းစီလို့ မြို့ တစ်ပတ်စီးကြတာ။ ရှင်လောင်းလှည့် လာတဲ့အတိုင်းပဲ။ တိုးရစ်တွေလည်း ပြုံး ရွှင်လို့၊ မြို့ခံတွေလည်း ပြုံးရွှင်ကြလို့။

(၃)
ဟိုတုန်းကတော့ မြို့ကလေးရဲ့ အချက်အချာကျတဲ့ လမ်းဆုံလမ်းခွ နေရာလေးတွေမှာ ရေဘုံပိုင်၊ မြင်း သောက်တဲ့ မြင်းရေကန်၊ နောက်ပြီး ကွမ်းယာဆိုင်တွေ တွဲရှိခဲ့တယ်။ မြင်း မောပြီဆိုရင် မြင်းရေကန်မှာ မြင်း ရေတိုက်၊ အဲဒီအချိန် ရထားလုံး မောင်းတဲ့ ကုလားကြီးက ကွမ်းယာ ဆိုင်မှာ ကွမ်းယာဝယ်စား၊ ဆေးလိပ် သောက်ပေါ့။ အပန်းဖြေပြီးတော့မှ လိုရာခရီး ဆက်သွားကြတာ။

ခုနောက်ပိုင်းတော့ မြင်းရေကန် လေးတွေ၊ ရေဘုံပိုင်တွေ၊ ကွမ်းယာ ဆိုင်လေးတွေဟာ ပျောက်သွားခဲ့ပြီ။ ကျွန်တော်တို့ငယ်ငယ်က ဘောလုံး ကန်ပြီး မောပြီဆိုရင် နီးစပ်ရာ ရေဘုံ ပိုင်ခေါင်းကိုဖွင့်ပြီး ရေတွေ တစ်ဝကြီး ငုံ့သောက်ခဲ့တာကို အမှတ်ရနေမိ တယ်။ တချို့ရေဘုံပိုင်ခေါင်းတွေက ခြင်္သေ့ရုပ်ခေါင်းကြီးနဲ့ပါ။

ခုခေတ်လို ရေသန့်သောက်မှ ရောဂါကင်းမှာဆို ကျွန်တော်တို့ ငယ် ငယ်ကလူတွေ ခုချိန်ရှိတော့မှာမဟုတ် ဘူး။

(၄)
မနက် မနက် နှင်းမှုန်ထဲမှာ မြို့ လယ်ကောင်က ပါစယ်တာဝါနာရီစင် က သံစုံမြည်သံ၊ ကုလားဗလီအော်သံ၊ အမှတ် (၁) အ.ထ.ကနားက ခရစ် ယာန်ဘုရားရှိခိုးကျောင်းက ခေါင်း လောင်းထိုးသံတွေ ကြားရပြီဆိုရင် ကတ္တရာလမ်းမတွေပေါ်မှာ ရထား လုံးဆွဲတဲ့ မြင်းခွာသံလေးတွေဟာ တခွပ်ခွပ်နဲ့ စည်းချက်ကျကျ ကြား လာတော့တာပါပဲ။

တစ်ခါတလေ မြို့ပတ်လမ်းတစ် လျှောက် မီးခိုးခေါင်းတိုင်ကြီးတွေရှိ တဲ့ တိုက်နီနီကြီးတွေနားက ဖြတ်သွား တာ တွေ့ရပြန်တယ်။ ဒီတိုက်နီနီကြီး တွေကလည်း များသောအားဖြင့် မြို့ ပတ်လမ်းတွေရဲ့ အမြင့်ပိုင်း တောင် ကမူလေးတွေပေါ်မှာ တစ်ထီးတစ် နန်း ဆောက်ထားတာ တွေ့ရတော့၊ ကျွန်တော်ငယ်ငယ်က ဖတ်ခဲ့ရတဲ့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ နွေကန္တာဦး ဝတ္ထု မျက်နှာဖုံးပုံကို သွားသတိရမိ တယ်။

တိုက်ကြီးတွေရဲ့ ဘေးပတ်ဝန်း ကျင်မှာ သစ်ကြီး၊ ဝါးကြီးတွေက အုပ် မိုးထားသလို၊ တချို့လည်း အပင်ကြီး တွေကြားထဲမှာ တစ်ဝက်တစ်ပျက် ထိုးထိုးထောင်ထောင်နဲ့ တွေ့ရ၊ လွမ်း သလိုလို၊ ဆွေးသလိုလိုနဲ့ နောက်ပြီး ကြောက်ရွံ့လာသလိုဖြစ်လာတယ်။

အင်္ဂလိပ်ခေတ်က အဆောက်အ အုံကြီးတွေက ခွဲခြားလို့ရတယ်။ မီးခိုး ခေါင်းတိုင်ကြီးတွေပါမယ်။ အမိုးကို သစ်သားပြားလေးတွေကို အနေတော် ဖြတ်ပြီး ပညာသားပါပါ ထပ်မိုး ထားမယ်။ ရေနံချေးသုတ်လိုက်တော့ အမိုးက နက်မှောင်နေမယ်။ ဘယ် အဆောက်အအုံကြည့်လိုက်၊ ကြည့် လိုက် ရဲတိုက်ကြီးတွေအရောင် နီ ညိုရောင်ကြီးတွေ သုတ်ထားမယ်။ ခြံ ကြီးတွေက တစ်ဧက၊ နှစ်ဧကမက ကျယ်တော့ ခြံဝင်းတံခါးနဲ့ အိမ်အဝင် ဝဟာ အတော်ကိုသွားမှ ရောက်တာ။

ဟိုတုန်းကတော့ ခြံကြီးတွေထဲ မှာ မြက်ပင်စိမ်းတွေ မွေးမြူပြီး ပန်း အလှတွေ ဟိုတစ်စု၊ ဒီတစ်စု စိုက်ကြ တယ်။ ဒေလီယာ၊ ဒေစီပန်းတွေလို ပေါ့။ ဇိမ်ခံတတ်တဲ့ လူမျိုးတွေဆို တော့ မြက်ခင်းပြင်ပေါ် စားပွဲဝိုင်း လေးချပြီး ပက်လက်ထိုင်ခုံလေးတွေ နဲ့ ဝိုင်တို့၊ ဝီစကီတို့ သောက်ချင် သောက်နေမှာပါ။

(၅)
ပြုပြင်ထိန်းသိမ်းမှုနည်းတော့ တချို့အိမ်ကြီးတွေ ပျက်စီးစပြုနေပြီ။ ဗိုလ်ချုပ် နွေရာသီခေတ္တအနားယူခဲ့ တဲ့ အိမ်ကြီးဆို နောက်ပိုင်း လှေကား ကြီး ပြုတ်ကျနေတာကို စာအုပ်တစ် အုပ်ထဲမှာ တွေ့ခဲ့တော့ နှမြောတသ နေမိတယ်။
ပြောရရင် ကျွန်တော်နေခဲ့တဲ့ အမှတ် (၁) အ.ထ.က ကျောင်းရဲ့ တောင်ဘက်ဝင်းတံခါးနားမှာ စက် သေနတ်ပစ်တဲ့ ကတုတ်ကျင်းကြီး ရှိခဲ့ ဖူးတယ်။ ကျွန်တော်တို့ ကျောင်းသား ဘဝက ကတုတ်ကျင်းထဲ ဆင်းပြီး စက်သေနတ်ပစ်တဲ့ အပေါက်ကနေ ပတ်ဝန်းကျင်ကို ချောင်းကြည်ခဲ့ဖူး တယ်။ ခုတော့ ကတုတ်ကျင်းကြီးလည်း မြေစာမှုန့်ဖြစ်သွားခဲ့ပြီလေ။ အင်္ဂလိပ် ခေတ်က ကျွန်တော်တို့ အထက(၁) ကျောင်းကြီးဟာ ဆေးရုံကြီး ဖြစ်ခဲ့ဖူး တယ်တဲ့။ ဆေးရုံနဲ့ ကတုတ်ကျင်းကြီး ဟာ ဘယ်လိုများ ပတ်သက်နေပါလိမ့်။

ရှေးဟောင်းသမိုင်းဝင် အမှတ် အသား အဆောက်အအုံတွေကို ပြု ပြင်ထိန်းသိမ်းမှု မရှိကြတော့ ပျက်စီး ပြီး အိမ်ကြီးတွေက ကြောက်စရာကြီး တွေ ဖြစ်လာတယ်။ အဲဒီအခွင့်အရေး ကို ရုပ်ရှင်သမားတွေက သိတယ်။ မြို့ခံလူတွေမသိတဲ့ ထိုးဇာတ်ရာဇဝင် ဇာတ်လမ်းတွေရေးပြီး ကြောက်စရာ တစ္ဆေဇာတ်လမ်းတွေ ရိုက်ပြကြတာ လေ။ ဟိုတုန်းကတော့ မြို့ကလေးကို ရုပ်ရှင်ရိုက်ပြီဆိုရင် ဓာတ်ဆီဆိုင် အဝိုင်းကြီးနားကနေ ကားပေါ်က ကင်မရာကို မိုးပေါ်ထောင်ပြီး ရိုက် လာခဲ့တယ်။ ဘာလို့လဲဆိုတော့ ဘေး ဝဲယာလမ်းနှစ်ဖက်မှာ ဧရာမ ယူ ကလစ်ပင်ကြီးတွေက မြို့မရုပ်ရှင်ရုံ နားအထိ ရှိခဲ့တာလေ။ ကင်မရာထဲမှာ ယူကလစ်ပင်ကြီးတွေရဲ့ မြင်ကွင်းက တရိပ်ရိပ်နဲ့ ကျန်ခဲ့ရင်း နောက်မှ ပါစယ်တာဝါနာရီစင်ကြီးကို ရိုက်ပြ လိုက်တယ်။ အဲဒီတော့မှ ” သြော် မေမြို့ပါလား”လို့ သိကြတာလေ။
ခုတော့ အဲဒီဧရာမယူကလစ် ပင်ကြီးတွေလည်း ထင်းဖြစ်သွားရှာ ပြီပေါ့။

(၆)
ပြောမဆုံးပေါင် တောသုံး တောင်ဆိုတဲ့ထဲမှာ မြို့ကလေးရဲ့ ပြောစမှတ်ဖြစ်တဲ့ အမှတ်အသားတွေ ဟာ အများကြီးပါ။ ဒါပေမဲ့ ကလေး တွေ ပြောပြောနေတဲ့ စကားလေး။ ကျွန်တော်တို့ ကျောင်းသားဘဝမှာ “ချေးကျုံးကုလား”ဆိုတဲ့စကားဟာ ငယ်ငယ်က ကြားနေရတာပါ။ ပြော မဆုံးပေါင် တောသုံးတောင် စကား ထဲကလိုပါပဲ။ ရေလောင်းအိမ်သာ တွေ မပေါ်ခင်က မြို့ကလေးမှာ ပုံးခံ အိမ်သာတွေ ထားရှိခဲ့တယ်။

ပုံးခံအိမ်သာဆိုတာက အိမ်သာ အောက်မှာ ကျွင်းမတူးဘူး။ မစင်ပုံး အကြီးကြီးခံထားတယ်။ ညညဆို လမ်းကြားထိပ်မှာ မစင်သိမ်းတဲ့ ကား ကြီးတွေ ရပ်ထားတယ်။ ကားပေါ်မှာ မစင်တွေထည့်ဖို့ ကတ္တရာပုံးကြီးတွေ တင်ထားတယ်။ လမ်းကြားထဲရှိတဲ့ အိမ်သာတွေဆီက မစင်ပုံးတွေကို ထမ်းပြီး ပုံးထဲပြောင်းထည့်၊ ပြည့်ပြီဆို ရင် ရေထမ်းသလို ရှေ့နောက်ထမ်း ပြီး ကားပေါ်က ကတ္တရာပုံးကြီးထဲ လာထည့်တယ်။ အဲဒီမစင်ပုံးထမ်းတဲ့ လူတွေကို ကလေးတွေက” ချေးကျုံး ကုလားလာပြီ”လို့ ပြောကြတယ်။

ကုလားလား၊ ဗမာလားတော့ မသိဘူး။ အဲဒီမစင်ကျုံးတဲ့လူတွေ ကြည့်လိုက်ရင် ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားတယ်။ မျက်နှာတစ်ခု လုံး မျက်လုံးလေးသာ ဖော်ထားတော့ ဘယ်သူဘယ်ဝှါ မသိနိုင်ဘူးလေ။

အဲဒီနောက်ပိုင်းမှာတော့ ဦးဘတူ၊ ဘီတီဘရားသား ဘတူလို့ လည်းခေါ်တယ်။ မေမြို့နဲ့ ဦးဘတူ ဟာ ခွဲခြားလို့မရပါဘူး။ ပွေးတောင် တစ်ဝိုက် ကားလမ်းဘေးမှာဆို ကော်ဖီပင်တွေ စနစ်တကျ စစိုက်ပြီး B.T Brother ကော်ဖီဆိုပြီး စရောင်း ခဲ့တာပါ။ ခုလက်ရှိ ချယ်ရီလွင် ရုပ်ရှင် ရုံကြီးဟာ ဟိုတုန်းက ဦးဘတူ ပိုင်ခဲ့တဲ့ အဆောက်အဦကြီးပါ။ သူကြိုးပမ်း မှုကြောင့် ပုံးခံစနစ် အိမ်သာကနေ၊ ရေလောင်းအိမ်သာစနစ် ကူးပြောင်း ခဲ့ရတယ်။ ခုချိန်ထိ တချို့အိမ်တွေမှာ ဦးဘတူလုပ်ခဲ့တဲ့ အိမ်သားလေးတွေ ကျန်ရှိနေတုန်းပါ။ လက်ရာ အင် မတန်မှ ကောင်းလို့ နောက်ပိုင်းလူတွေ သူ့လိုခုချိန်ထိ မလုပ်နိုင်သေးဘူး။

(၇)
တစ်မြို့လုံးက မစင်တွေ၊ အမှိုက်တွေကို ပြည်တော်သာရပ် ကွက်ထိပ်မှာ သွန်ကြတယ်။ အဲဒီ တုန်းက ပြည်တော်သာရပ်ကွက်လို့ သာ ပြောရမယ်။ တစ်စက်ကလေးမှ ပြည်တော်မသာခဲ့ဘူး။ ရပ်ကွက်လေး အဝင်ဝမှာ နွားသတ်ရုံ၊ ဝက်သတ်ရုံ၊ ဆိတ်သတ်ရုံတွေရှိတော့ တိရစ္ဆာန် တွေရဲ့ အရိုးပုံကြီးဟာ အဓိပတိပါပဲ။ နောက်ပြီးတစ်မြို့လုံးက အမှိုက်တွေ၊ မစင်ကန်ကြီးတွေဟာ ရပ်ကွက်ထိပ် မှာပါ။ မနက် မနက် ရပ်ကွက်တိုင်း မှာ ဒူးလမ်းကြားတွေထားတော့ အဲဒီ အမှိုက်တွေကို ရပ်ကွက်ထိပ်မှာ ပုံပြီး အစဉ်အမြဲ မီးရှို့နေတာ။ ညှော်နံ့တွေ၊ မီးခိုးလုံးတွေဟာ ရပ်ကွက်လေးပေါ် မှာ အစဉ်ပျံ့နှံ့နေတယ်။ မြို့ထဲနဲ့နီးပေ မယ့် ပြည်တော်သာရပ်ကွက်မှာ ခြံ ဝယ်ဖို့ တချို့ မနည်းစဉ်းစားခဲ့တယ်လို့ ပြောသံကြားခဲ့တယ်။

နောက်ပိုင်းဦးဘတူရဲ့ ရေ လောင်း အိမ်သာပေါ်ပြီးမှ ရပ်ကွက် ထိပ်က အရိုးပုံကြီးတွေ၊ အမဲသတ်ရုံ ကြီးတွေ၊ အမှိုက်ပုံကြီးတွေ ရွှေ့သွား မှ ပြည်တော်သာဆိုတဲ့ ရပ်ကွက်လေး ဟာ ခုချိန်ထိ ပြည်တော်သာနေတာကို တွေ့ရတော့တယ်။

(၈)
တကယ်တော့ အဲဒီအချိန်က ဌာနဆိုင်ရာတွေက သူ့အလုပ်သူ လုပ်ကြတယ်။ ခုလိုကန်ထရိုက်စနစ် မပေးခဲ့ဘူး။ စည်ပင်တို့၊ ဆောက် လုပ်ရေးတို့၊ လမ်းတံတားတို့ဟာ လစ်ဟင်းမှု မရှိသလောက်ပါ။

မနက်မနက်ဆို နောက်ဖေး ဒူးလမ်းကြားထဲက မြောင်းထိုးသံကို တဂျစ်ဂျစ်နဲ့ ကြားနေရတယ်။ တစ်လံ၊ နှစ်လံလောက် တုတ်ရှည် ကြီးထိပ်မှာ မြောင်းထိုးတဲ့ ဂေါ်တပ်ပြီး မြောင်း တစ်လျှောက် ထိုးသွားလိုက်၊ အဲဒီရေ တွေဟာ မြို့လယ်ကောင်ဖြတ်စီးတဲ့ ဂဲလောင်းချောင်းထဲ စီးသွားတာပါ။ ရှေ့မီ၊ နောက်မီ လူကြီးတွေပြောစကား အရ”အဲဒီမြောင်းထဲကရေ ကြည် နေတာများ သောက်လို့ရတဲ့ အခြေ အနေ ရှိခဲ့တယ်မောင်”တဲ့။

ခုနောက်ပိုင်းလည်း မေမြို့ (ခေါ်) ပြင်ဦးလွင်ကိုအလည်လာတဲ့ လူတွေပြောကြပါတယ်။ “မြို့ပတ် လမ်းတွေမှာ အမှိုက်လှည်းပြီး ရေဖျန်း ထားတာလား”တဲ့။ နောက်ပြီး လေ အေးက အေးနေတော့ သယ်ယူလို့ ရရင် သူတို့မြို့ကို သယ်သွားချင်လိုက် တာတဲ့။

ပြောတဲ့လူကိုကြည့်ဦး။ ခေါင်း ပေါ်မှာ လမ်းဘေးမိုးအကုန်၊ ဆောင်း အကူးမှာ အစွမ်းကုန်ပွင့်တဲ့ နေကြာ ရိုင်း ပန်းအဝါကြီးတွေကို တခုတ်တရ ပန်ထားလိုက်တာများ ခေါင်းပေါ်မှာ ပန်းတွေနဲ့ ဝေနေတာပဲ။ နောက် တစ်ယောက်ကလည်း စိန်နားပန်း၊ ကျွန်တော်တို့ဆီက ချုံပုတ်ကြီးတွေမှာ ရောင်စုံအဆုပ်၊ အဆုပ်လေးတွေပွင့် တဲ့ အလေ့ကျပေါက်တဲ့ပန်းကို တယု တယနဲ့ ပန်ထားတာ။ မြို့လေးက ကလေးမလေးတွေမြင်တော့ လက်တို့ ပြီး ပြုံးနေကြတယ်။

(၉)
ဘယ်လိုပဲဖြစ်ဖြစ်၊ မြို့တိုင်း ရွာ တိုင်းမှာ အမှတ်တရလေးတွေ၊ ရာဇဝင်လေးတွေနဲ့ ရှိကြတယ်။ အဲဒီ အမှတ်တရလေးတွေ၊ ရာဇဝင်လေးတွေ မပျောက်ပျက်ရအောင် ပြုပြင်တာ ပြု ပြင်၊ ထိန်းသိမ်းသင့်တဲ့ အဆောက် အအုံတွေလည်း ရှေးမူ မပျက်၊ ဂရု စိုက်ထိန်းသိမ်းမယ်ဆိုရင် အဲဒီမြို့ ကလေးရဲ့ ဂုဏ်သတင်းဟာ အစဉ် ထာဝရ ရှင်သန်မွှေးပျံ့နေမှာပါ။

မောင်သစ်ထွန်း (ပြင်ဦးလွင်)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*