မြေး – ဘီးဘီး

မြေး – ဘီးဘီး
January 17, 2018 Popular

၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလထဲမှာ သူငယ်ချင်းစာရေးဆရာ ညို ထွန်းလူက ‘ကျွန်တော်နှင့် မြေးအဘိုး များ’ဆိုတဲ့ စာအုပ်ကလေးတစ်အုပ် ထုတ်ပါတယ်။
စောဘရန်ငြိမ်းကတော့ ညို ထွန်းလူတစ်ယောက်အကြောင်း အရာ’ရွေး’မှန်သွားလို့ သူကျွန် တော်နှင့် မြေးအဘိုးများကို လူမှု ကွန်ရက်ပေါ်ကနေ ကြိုဆိုလိုက်ပါ တယ်။ သူကလည်း စောဘရန်ငြိမ်း ရဲ့ မြေးလေးအကြောင်း ရေးထားတဲ့ ဝတ္ထုကိုဖတ်ပြီး ဒီစာအုပ်ကို ရေးချင် လာတာပါလို့ ဆိုပါတယ်။ သူပြောတဲ့ စောဘရန်ငြိမ်း မြေးမလေးဆိုတာ ရွှေအမြုတေမှာ ၂ လဆက် ပါခဲ့တဲ့ ”ဘီးဘီး”ဆိုတဲ့ဝတ္ထုလေးကို ပြော တာပါ။

သူ့စာအုပ်ထဲက မြေးအဘိုးဆို တာ ဘယ်လိုမြေး၊ ဘယ်လိုအဘိုးဆို တာ မဖတ်ရသေးလို့မသိပါ။ သူကိုယ် တိုင်မြေးဘယ်နှယောက်ရှိမှန်းလည်း မသိပါ။ စောဘရန်ငြိမ်းမှာတော့ မြေး ၁၁ ယောက်ရှိတယ်။ ဒီမြေး ၁၁ ယောက်ထဲကနံပါတ်စဉ် ၂ ဟာ ဘီး ဘီးပေါ့။

ဘီးဘီးဟာ သူ့အမေမွေးပြီး မီးတွင်းမှာပဲ ‘အကြီးစားကုသမှု’ကို ခံခဲ့ရတဲ့ ကလေးဖြစ်ပါတယ်။ မွေးရာ ပါ ကျန်းမရေးမကောင်းတဲ့အထဲ လမစေ့ဘဲ မွေးခဲ့တဲ့ကလေးလည်း ဖြစ် တယ်။ ဒီအခြေအနေတွေကြောင့် ဥာဏ်ရည်ဥာဏ်သွေး အလွန်နိမ့်တဲ့ ကလေးဖြစ်လာတယ်။ ဒီဘီးဘီးလေး ဟာ ‘မအောင်မနေရ ပညာရေးစနစ်’ အောက်မှာ ကျောင်းနေခဲ့ရတဲ့ ကလေးမို့ အတန်းက ၆ တန်း၊ ၇ တန်းအထိ ဘယ်အတန်းမှမကျ၊ နှစ် စဉ်နှစ်တိုင်း ဆက်တိုက်အောင်မြင် ပြီး အတန်းကြီးလာတဲ့အခါကျမှ၊ ကျောင်းနုတ်လိုက်ပါတော့တယ်။ ကလေးက ခုနစ်တန်းအထိ၊ စာဆိုလို့ တစ်လုံးမှ မတတ်ခဲ့ပါဘူး။

ကဲ ဘီးဘီးအကြောင်း နည်း နည်းပြောကြည့်မယ်။

‘ဘီးဘီး’ဆိုတာ သူ့နာမည်ပါ။ ဒီနာမည်ကို ဘယ်သူကမှပေးတာ မဟုတ်ဘဲ သူ့ကိုယ်သူ ပေးထားတဲ့ နာမည်ပါ။ အခြားကလေးမတွေ သူတို့ ကိုယ်သူတို့ ‘မီးမီး’လို့ ပြောကြ တာကို အတုခိုးပြီး မီးမီးပြောတာ မပီဘဲ ဘီးဘီးဖြစ်လာတာပါ။ သူက သူ့ကိုယ်သူ ဘီးဘီးဆိုတော့ အဘိုး အပါအဝင် သူ့အဖေ၊ သူ့အမေ တွေ ရော ဘယ်သူမှ မီးမီးလို့မခေါ်ကြ တော့ဘဲ၊ အားလုံးက ဘီးဘီးလို့ လိုက်ခေါ်ကြရင်း ဘီးဘီးတကယ်ဖြစ် သွားတဲ့ မြေးမလေးပေါ့။

ဘီးဘီးမှာက ‘ချစ်စရာ အူ ကြောင်ကြောင်တွေ’ အများကြီးပါ။ အဲဒီအများကြီးတွေထဲက ရွှေအမြု တေမှာ ရေးစဉ်က စာပေစိစစ်ရေး ‘ထိ’ပြီး ဖြုတ်ပေးခဲ့ရတဲ့ ဘီးဘီးရဲ့ ချစ်စရာအူကြောင်ကြောင် အကွက် ကလေးတစ်ခု ပြန်ပြောပြချင်ပါ တယ်။

ဘီးဘီးက ငယ်ငယ်က ‘ဆရာမ လုပ်တမ်း ကစား’တာ ဝါသနာပါ တယ်။ သူကစားရင် တစ်ယောက် တည်းပဲ ကစားတယ်။ ကစားတိုင်း လည်း သူကဆရာမချည်းပဲ။ ကျောင်း သားတပည့်တွေ အများကြီးကို စာ သင်နေရတဲ့ ဆရာမပုံစံနဲ့ သင်တာ ချည်းပါပဲ။

ဆရာမဘီးဘီးဟာ ဘယ်တော့ မှ သူ့စကားက ရှေ့နောက်မညီဘူး။ သူ့စကားအရလည်း အဓိပ္ပာယ် ကောင်းကောင်းမသိဘူး။ အဲဒီ ကာလက မူလတန်းဆရာမလေးတွေ၊ ကျောင်းစာသင်ရင်း ဈေးရောင်းရတဲ့ ကာလပါ။ ဘီးဘီးတို့ အတန်းပိုင် ဆရာမက ကျောင်းသားတွေကို ‘ရေခဲချောင်း’ရောင်းတယ်။ ဘီးဘီး ဆရာမလည်း ကျောင်းလာရင် စာ အုပ်ထည့်တဲ့ခြင်းကို လက်မောင်းမှာ ချိတ်ပြီး ခေါင်းပေါ်မှာ ရေခဲချောင်း ပုံးကိုရွက်ပြီး ကျောင်းတက်ပါတယ်။

ဘီးဘီးက သူ့ဆရာမရဲ့ အဲဒီ ပုံစံကို အတော်သဘောကျပုံရတယ်။ ကျောင်းပိတ်တဲ့ရက်ကျတော့ ဘီးဘီး သူ့ဆရာမပုံစံနဲ့ ကစားပါရောဗျာ။ အိမ်က မုန့်ပုံးကို ခေါင်းပေါ်ရွက်၊ လက်ထဲစာအုပ်ပိုက်ပြီး ဆရာမ ကျောင်းလာတဲ့ပုံလုပ်ပြီး စကစား တော့တာပဲ။ အဲသလို ကျောင်းလာ ဟန်၊ ပြီးတော့ စာသင်ဟန်ပုံစံတွေ အပြီးမှာ မုန့်စားဆင်းချိန် ဆရာမ ရေခဲချောင်းရောင်းပုံကို ဆက်ကစား တော့တာဗျ။ ဆရာမပြောတာတွေကို လည်း အလွဲလွဲအမှားမှား၊ သူယူဆ ချင်သလို ယူဆပြီး ခပ်တည်တည်ပဲ ဆရာမကြီးလုပ်တော့တာ။
ဆရာမကြီးဒေါ်ဘီးဘီးကတန်း စီထားတဲ့ သူ့တပည့်တွေကို ဒီလိုမေး လိုက်တယ်။

”အခုအချိန်က ဘာအချိန်လဲ”

”မုန့်စားဆင်းချိန်ပါ ယာဆာမ”

(ဘီးဘီးက ဆရာမကို ယာဆာမဟု သာ အသံထွက်တတ်သည်။)

”မင်းတို့ မုန့်စားဆင်းချိန်မှာ တခြားမုန့်မစားနဲ့၊ ဆရာမ ရေခဲ ချောင်းစား”

”ဟုတ် ယာဆာမ”

”ကြပ်ကြပ်သတိထား။ ရေခဲ ချောင်းမစားရင် စာမေးပွဲချပစ် မယ်”

”မှတ်ထားပါ့မယ် ယာဆာမ”

”မင်းတို့တော်တယ်။ ထမင်း စားပြီး ဘာစားရမလဲ”

”ရေခဲချောင်းပါ ယာဆာမ”

”ညစာကျက်ချိန် ဥာဏ်ကောင်း အောင် ဘာစားရမလဲ”

”ရေခဲချောင်းပါ ယာဆာမ”

”အဲဒီတော့ ကျောင်းဆင်းရင် ဘာဝယ်သွားရမလဲ”

”ရေခဲချောင်းပါ ယာဆာမ”

”အေး ကောင်းတယ်။ မင်းတို့ ကို လူမှုရေးနားလည်အောင် သင်ပေးရဦးမယ်။ အခုလို ဆောင်း တွင်းကြီးမှာ သက်ကြီးဘိုးဘွားတွေ ကို ဘာနဲ့ကန်တော့သင့်လဲ”

”ရေခဲချောင်းပါ ယာဆာမ”

”ကျောင်းသားကျောင်းသူတွေ ကို ဥာဏ်ကောင်းစေတဲ့ အာဟာရ က ဘာလဲ”

”ရေခဲချောင်းပါ ယာဆာမ”

အဲသလိုတွေ ဆရာမကြီး ဘီးဘီးစာသင်နေရင်း၊ တစ်ခုခုသတိ ရသွားဟန်နှင့် ဆရာမဘီးဘီးဟာ ထဘီတိုတိုပြင်ဝတ်၊ အင်္ကျီလက် မောင်းပင့်တင်ပြီးတော့ စားပွဲပေါ်က ကြိမ်လုံး လှမ်းယူလိုက်ဟန်လုပ်ပြီး ကြိမ်လုံးကို လက်ထဲမှာ ဝှေ့ရမ်းကာ မျက်နှာရှု တည်တည်ဖြင့်

”ဟိုး နောက်ဆုံးတန်းမှာ ရပ် နေတဲ့ ငတူးရှေ့ထွက်ခဲ့စမ်း”
(ငတူးခေါ် မောင်တူးမှာ ဘီးဘီးနှင့် မတည့်သော ရန်ဖြစ်ဖက်သူငယ်ချင်း ဖြစ်သည်။)

”ဟဲ့ ငတူး နင်ဘာဖြစ်လို့ ငေါင် နေတာလဲ”

”နေမကောင်းလို့ပါ ယာဆာမ”

”နင်ဒါလောက် ဗဟုသုတ နည်း ရသလား။ နေမကောင်းရင် ရေခဲ ချောင်းစားရင် ပျောက်တယ်ဆိုတာ နင်မသိဘူးလား”

”ဖျောင်း ဖျောင်း ဖျောင်း”

”အောင်မလေး ကြောက်ပါပြီ ယာဆာမ ရင်တွေလည်းကျပ်နေလို့ ပါဗျ”

” ဟဲ့ ရင်ကျပ်ရင် ရေခဲချောင်း စားရတာ နင်မသိဘူးလား”

”ချောင်းတွေကလည်း တဟွတ် ဟွတ်နဲ့မို့”

”ဟဲ့ ဒါဆို ဖျားတာတစ်ချောင်း၊ ရင်ကျပ်တာတစ်ချောင်း၊ ချောင်းဆိုး တာတစ်ချောင်း၊ ပေါင်း သုံးချောင်း ဆိုပျောက်ပြီ။ နင်မသိဘူးလား။ နင် ရူပဗေဒမသင်ရဘူးလား”

”ဖျောင်း ဖျောင်း ဖျောင်း”

ဒါ စောဘရန်ငြိမ်းရဲ့ မြေး ၁၁ ယောက်ထဲက နံပါတ်စဉ် ၂ ဖြစ်တဲ့ ‘မြေး – ဘီးဘီး’ရဲ့ ဘဝပုံရိပ်အထဲမှာ ပါဝင်တဲ့ အချက်အလက်တစ်ခုသာ ပါ။ ဒီလိုအူကြောင်ကြောင်တွေ အများကြီးရှိခဲ့ပြီး စောဘရန်ငြိမ်း အနေနဲ့ သူ့မြေးရဲ့ လုပ်ဆောင်ချက် တွေကို လိုက်လံအဓိပ္ပာယ်ဖော်ရတာ ဟာ အလွန်စိတ်ဝင်စားစရာကောင်း ပြီး ‘အဖြေမှန်’ရတဲ့အခါ ကျောင်းသား လေးတစ်ယောက်လို ပျော်ခဲ့တာ မှတ် မိနေမိတယ်။

အဲသလို အဖြေမှန်တွေ အများ ကြီး (ကြိုးစားအားထုတ်မှုကြောင့်) သိခဲ့ပေမယ့် ဖျားနာရင်ကျပ်၊ ရေခဲ ချောင်းတစ်ချောင်းနဲ့ ရူပဗေဒအတွဲ ကိုတော့ စောဘရန်ငြိမ်း နားလည်တဲ့ အထဲမှာ မပါ၊ မပါခဲ့။

စောဘရန်ငြိမ်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*