Heineken Beer
Heineken Beer

ကျောင်းပျော်ကြီးကျွန်တော် (၁၃)

ကျောင်းပျော်ကြီးကျွန်တော် (၁၃)
December 28, 2017 AsianFame MediaGroup

မြန်မာစာ ဂုဏ်ထူးတန်းမှာ ကျွန်တော် ဥပစာဝိဇ္ဇာ (ခ) တန်းအောင်သောအခါ ဂုဏ်ထူးတန်း တက်ဖို့ အဆင့်မီသဖြင့် ‘ဂုဏ်ထူး တန်းကို ဘယ်ဘာသာနဲ့ တက်ရင် ကောင်းမလဲ’ဟု စဉ်းစားရပါသည်။ ထို စဉ်က ဂုဏ်ထူးတန်းစနစ်အကြောင်း ပြောပါဦးမည်။ ဥပစာတန်းမှာ ယူခဲ့ သော ဘာသာတစ်ခုခုကို သက်ဆိုင် ရာ ပါမောက္ခ၏ ခွင့်ပြုချက်ဖြင့် ဂုဏ်ထူးတန်း တက်ခွင့်ရှိပါသည်။ ကျွန်တော်ယူခဲ့သော ဘာသာတွဲအရ ဆိုလျှင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရာဇဝင်၊ ဖီလိုဆိုမီ (သဘာဝတ္တဗေဒ)ဘာသာများမှ တစ်ခုခုကို ဂုဏ်ထူး တန်းတက်ခွင့်ရှိပါသည်။ မိတ်ဆွေ အချို့က အင်္ဂလိပ်စာ ဂုဏ်ထူးတန်း တက်ဖို့ တိုက်တွန်းကြသည်။ ကျွန်တော့် အင်္ဂလိပ်စာရမှတ်ကလည်း တိုက်တွန်းချင်စရာ ဖြစ်နေသည်။ ဝိဇ္ဇာ(က)တန်း (ယခု တတိယနှစ်)ဘာသာတွဲတွင် E.Litt ခေါ် အင်္ဂလိပ် စာပေဘာသာရပ်ကို ဥပစာ (ခ)တန်း စာမေးပွဲမှာ အင်္ဂလိပ်စာ အနည်းဆုံး ၄၂ မှတ်ရမှ ယူခွင့်ရှိသည်။ (အမှတ် ၄ဝ နှင့် ကပ်အောင်လျှင် ယူခွင့် မရပါ။) ကျွန်တော့် အင်္ဂလိပ်စာ အမှတ်က ၅၉ မှတ်ဖြစ်သည်။ ထို့ ကြောင့် မိတ်ဆွေများက ဘာသာတွဲ တွင် အင်္ဂလိပ်စာပေထည့်ယူပြီး အင်္ဂလိပ်စာ ဂုဏ်ထူးတန်းတက်ဖို့ အကြံပေးခြင်းဖြစ်သည်။ ကျွန်တော် လည်း စိတ်ဝင်စားပါသည်။ သို့သော် အင်္ဂလိပ်စကား အပြောအဆိုက သိပ် မသွက်ပါ။ ပြောတတ်ရုံသာရှိသည်။ အရေးအဖတ်ကတော့ ကောင်း ကောင်းရပါသည်။ ထို့ကြောင့် အင်္ဂလိပ်စာ ဂုဏ်ထူးတန်းတက်ဖို့ နည်းနည်းရွံ့နေမိသည်။ မြန်မာစာ ဂုဏ်ထူးတန်းကိုတော့ အတက်ချင်ဆုံး ဖြစ်သည်။ ကိုယ်က စာကလေးဘာ ကလေး ရေးနေပြီဖြစ်သည့်အပြင် ထို နှစ် (၁၉၆၁-၆၂)တွင် ဆရာကြီး ဦးဝန် (မင်းသုဝဏ်) မြန်မာစာ ပါမောက္ခအဖြစ် ရွှေ့ပြောင်းတာဝန် ထမ်းဆောင်ရကြောင်း ကြားရသည့် အတွက် မြန်မာစာကို စိတ်အဝင်စား ဆုံးဖြစ်နေသည်။ ထို့ကြောင့် ဂုဏ်ထူး တန်း တက်ခွင့်ပြုပါရန် မြန်မာစာဌာန သို့ လျှောက်လွှာတင်လိုက်သည်။

လျှောက်လွှာပိတ်ခါနီးရက်အထိ အကျိုးအကြောင်း မသိရသေးသည့် အတွက် တစ်မျိုးစဉ်းစားရပြန်သည်။ မြန်မာစာဂုဏ်ထူးတန်း တက်ခွင့်မရ လျှင် ဖီလိုဆိုဖီ ဂုဏ်ထူးတန်းတက် ရန်ဖြစ်သည်။ ဖီလိုဆိုဖီအတန်းတွင် အဆင့်မြင့် တက္ကဗေဒ (Higher Logic) ဘာသာရပ်ကို အိန္ဒိယလူမျိုး ပါမောက္ခဆရာကြီး ကေအင်ကား (K.N.Kar) ကိုယ်တိုင် ပို့ချပေးသည်။ ဆရာကြီး အတန်းအပြီးမှာ အခန်းသို့ လိုက်သွားပြီး ဂုဏ်ထူးတန်း တက်လို ပါကြောင်း ပြောပြသည်။ ဆရာကြီး က ကျွန်တော့်အမှတ် စာရင်းကိုလှန် ကြည့်ပြီး ”မင်းတက်ချင်တက်ပါ” ဟု ခွင့်ပြုသည်။ ”ငါ့ဆီက ထောက်ခံ ချက်ယူတော့မလား”ဟုလည်း မေး သည်။ ကျွန်တော်က ”လာခဲ့ပါမည်”ဟု မတင်မကျဖြေပြီး မြန်မာစာဌာနသို့ တက်လာခဲ့သည်။ သိပ္ပံဆောင် အလယ်ထပ် လက်ယာဘက်တောင်ပံ မှာ မြန်မာစာဌာနရှိသည်။ ပါမောက္ခ ၏ အခန်းရှေ့အရောက်မှာ ဆင်နား ရွက်တံခါးကလေး ပွင့်လာပြီး ပါမောက္ခဆရာကြီးဦးဝန်နှင့် ကထိက ဆရာကြီး ဦးမောင်မောင်ကြီးတို့ အခန်းထဲက အတူထွက်လာကြသည်။ ဆရာကြီး ဦးမောင်မောင်ကြီးက ကျွန်တော့်ကိုကြည့်ပြီး ”ဂုဏ်ထူးတန်း တက်ဖို့ လျှောက်ထားတာ ဒီသူငယ် လေးပဲဆရာ”ဟု ပါမောက္ခဆရာကြီး ကို အကျိုးအကြောင်းပြောပြသည်။ ပါမောက္ခဆရာကြီးသည် ကျွန်တော့် ကို တစ်ချက်ကြည့်လိုက်ပြီး ”ပေးလိုက် ပါကွယ်၊ ပေးလိုက်ပါ”ဟု ညင်သာစွာ မိန့်ကြားပါသည်။ ကျွန်တော့်ကို ဂုဏ် ထူးတန်းတက်ခွင့်ပြုလိုက်ပါပြီ။ ဝမ်း သာလိုက်သည့်ဖြစ်ခြင်း။ ဆရာကြီး ၂ ဦးကို နှုတ်ဆက်ပြီး ပေါ့ပါးစွာ လှေ ကားမှ ပြေးဆင်းခဲ့ပါသည်။

နောက်တစ်နေ့တွင် ဖီလိုဆိုဖီ ပါမောက္ခကြီးကို ဖီလိုဆိုဖီ ဂုဏ်ထူး တန်း မတက်ဖြစ်ကြောင်း တောင်းပန် ရသည်။ ဆရာကြီးက ”ကိစ္စမရှိဘူး။ မင်းစိတ်ဝင်စားတဲ့ ဘာသာတက်ပေါ့” ဟု အသာတကြည် အမိန့်ရှိပါသည်။
တချို့double Literature ခေါ် မြန်မာစာပေနှင့် အင်္ဂလိပ်စာပေ ဘာသာ ၂ ခုစလုံးယူဖို့ အကြံပေးပါ သေးသည်။ မြန်မာစာဂုဏ်ထူးတန်း တက်လျှင် စာတွေပိုများမည်ဖြစ်သည့် အတွက် အင်္ဂလိပ်စာပေကို ယူလိုပါ လျက် မယူဖြစ်တော့ပါ။ မြန်မာ ဝေါဟာရနှင့် အနုစာပေ (B.Litt အတိုကောက်ခေါ်ပါသည်။) မြန်မာ ရာဇဝင်နှင့် ဖီလိုဆိုဖီ (သဘာဝတ္ထု ဗေဒ)ဘာသာတွဲကို ယူလိုက်ပါသည်။
စိတ်ပညာနှင့် မနုဿဗေဒမှာ ဝိဇ္ဇာ(က)တန်း တတိယနှစ်ရောက်မှ ယူနိုင်သော ဘာသာများဖြစ်သည်။ ထိုဘာသာများ ဂုဏ်ထူးတန်းတက် ချင်လျှင် ပါမောက္ခများက ဥပစာ(ခ)တန်း ဘာသာတွဲနှင့် ရမှတ်ကိုကြည့် ၍ ခွင့်ပြုပါသည်။ သူငယ်ချင်းအချို့ စိတ်ပညာ ဂုဏ်ထူးတန်း တက်ကြပါ သည်။

ခုံနံပါတ်ကGeneral Hons ၏ အတိုကောက် GH သင်္ကေတဖြင့် ထုတ်ပေးသည်။ ကျွန်တော့်ခုံနံပါတ် မှာ GH -12 ဖြစ်သည်။ အတန်းထဲမှာ ဆရာက ခုံနံပါတ်ခေါ်လျှင် ရိုးရိုး ခုံနံ ပါတ်တွေကြားမှာ GH သင်္ကေတပါ လာသော ခုံနံပါတ်က ဂုဏ်ထူးတန်း ကျောင်းသားဖြစ်ကြောင်း ဖော်ပြနေ သကဲ့သို့ ရှိပါသည်။

ဝိဇ္ဇာ(က)တန်း (တတိယနှစ်) ဘာသာတွဲအတိုင်း အတန်းတွေတက် ရသည့်အပြင် ပထမနှစ်ဂုဏ်ထူးတန်း အတွက် သီးခြားသင်သော အတန်း တွေကိုလည်း တက်ရပါသည်။

အင်္ဂလိပ်စာက မယူမနေရ ဘာသာဖြစ်သည်။ ဂုဏ်ထူးတန်း တန်းခွဲ ၂ ခုရှိသည့်အတွက် ဆရာ ၂ ယောက် သင်သည်။ ဗြိတိသျှကောင် စီမှ ငှားထားသော ဥရောပတိုက်သား ဆရာမဖြစ်သည်။ ကျွန်တော်တို့ တန်း ခွဲကို သင်သောဆရာကလေးမှာ စကော့တလန်သားလား၊ အိုင်ယာ လန်သားလားမသိပါ။ နာမည်က Mr. Dent Yong ဟုခေါ်သည်။ အလွန် သွက်လက်ဖျတ်လတ်သည်။ ဆရာ လာလျှင် ဖိနပ်သံ တဂေါက်ဂေါက် ကိုအရင်ကြားရသည်။ ”တော်တော် ခြေသံပြင်းတဲ့ ဆရာပဲ”ဟု အချင်းချင်း ပြောကြသည်။ ထိုနှစ်က အင်္ဂလိပ်စာ စာစီစာကုံးအတွက် ပြဋ္ဌာန်းသော Anthony Trollope ၏ The Warden ဆိုသော ဝတ္ထုကို ကျွန်တော်တို့ နားလည်အောင် သင် ပေးသည်။ မြို့ကလေးတစ်မြို့မှာ ဖွင့် ထားသော ဘိုးဘွားရိပ်သာ တစ်ခုကို ရိပ်သာမှူးအဖြစ် ကြီးကြပ်ရသည့် ခရစ်ယာန်ဘုန်းတော်ကြီး တစ်ဦး၏ ဇာတ်လမ်းဖြစ်သည်။ ရိပ်သာမှာ အေးအေးချမ်းချမ်း နေထိုင်ကြသော အဘိုးအဘွားများမှာ ငွေကြေးအလှူ ကိစ္စတစ်ခုကြောင့် လောဘတက်ပြီး အချင်းချင်း စိတ်ဝမ်းကွဲကြပုံ အကြောင်းလည်း ပါသည်။ ဆရာက သင်ကြားရင်း မေးခွန်းများ ပါးစပ်က မေးသည်။ တစ်ယောက်ချင်း ပြန်ဖြေ ခိုင်းသည်။ အင်္ဂလိပ်စကားပြောတတ် အောင် လေ့ကျင့်ပေးသည်။ ထိုနှစ်က ကိုဘဂျမ်း (ကဗျာဆရာ တင်မိုး) လည်း နှစ်စပိုင်းမှာ ကျွန်တော်တို့နှင့် အတူ ဂုဏ်ထူးတန်းတက်သည့်အတွက် အင်္ဂလိပ်စာ အတူတူတက်ရသည်။ ဆရာက သူ့ကိုမေးခွန်း တစ်ခုစီမေးဖို့ ပြောရာ ကိုဘဂျမ်းက Do you intend to write a book on Burma၊ (မြန်မာနိုင်ငံအကြောင်း စာအုပ်ရေးဖို့ ရည်ရွယ်ပါသလား)ဟု မေးရာ ဆရာက သဘောကျပြီး ရေးဖို့ ကြိုးစားပါ့မယ်ဟု ပြန်ဖြေသည်။

မြန်မာဝေါဟာရနှင့် အနုစာပေ ဘာသာရပ်တွင် ဘူရိဒတ်ဇာတ်ပေါင်း ပျို့ကို ဆရာမကြီး ဒေါ်သန်းဆွေက ပို့ချသည်။ ဆရာမကြီးကိုယ်တိုင် တည်းဖြတ်ထားသော စာအုပ်ဖြစ်၍ နောက်ခံအကြောင်းများကို ကျယ် ကျယ်ပြန့်ပြန့် ရှင်းပြသည်။ အချို့ စာပိုဒ်များ၏ အခြေခံရာ ပါဠိကထာ များကို နိဿယပြန်ဆိုချက်များ စာအုပ်မှာ ထည့်ပေးထားသည့် အတွက် အဆင်ပြေသည်။ ရှင်ဥတ္တမ ကျော်တောလားကို ဆရာကြီး ဦးမောင်မောင်ကြီးက ပို့ချသည်။ ဆရာကြီးသည်လည်း သဘာဝအသွင် နှင့် ရှင်ဥတ္တမကျော်အမြင်ဆိုသော စာအုပ်တစ်အုပ်ပြုစုထားသည်။ အရေးအဖွဲ့များကို ရှင်းလင်းစွာ ပို့ချပေးသည်။ ဦးပုညမေတ္တာစာကို ပို့ချသော ဆရာကြီး ဦးကျော်ရင် ကလည်း ဦးပုညအရေးအဖွဲ့ ပြောင် မြောက်ပုံကို နောက်ခံအကြောင်း များနှင့် ဆက်စပ်၍ ပို့ချသည်။ ပုဂံ ကျောက်စာ လက်ရွေးစင်ကို ဆရာမ ကြီး ဒေါ်ခင်စော ပို့ချသည်။ ပုဂံ ခေတ် ‘ရာဇကုမာရ် ကျောက်စာ’မှစ၍ ကျောက်စာ တစ်ချပ်ချင်းမှ ဝေါဟာရ များကို ရင်းမြစ်၊ ပြောင်းထုံး၊ အနက် အဓိပ္ပာယ်ဖွင့်ဆိုချက်တို့ဖြင့် မှတ် သားဖွယ် ပို့ချသည်။ လက်တီဆရာ တော်၏ ပဋိစ္စသမုပ္ပာဒ ဒီပနီကို ဆရာမကြီး ဒေါ်မြင့်သန်းက ပို့ချပေး သည်။ ပဋိစ္စသမ္မုပ္ပဒ်ကို ရှင်းလင်း သော ဥပမာများဖြင့် ရှင်းလင်းထား ပုံကို ပေါ်လွင်အောင်ရှင်းပြသည်။ မြန်မာစာပေ၊ မြန်မာဘာသာ စကား လေ့လာမှုအတွက် အခြေခံကောင်း များ ရပါသည်။

ပထမနှစ် ဂုဏ်ထူးတန်းအတွက် သီးသန့်အတန်း ၃ ချိန်ကို မနက် ၈ နာရီမှာ တက်ရသည်။ ဆရာကြီး ဦးဝန်က ထိုခေတ်က ဘာသာသိပ္ပံ ဟုခေါ်သော ဘာသာဗေဒကို လမ်း ခင်း သင်ကြားပေးသည်။ ဘာသာ စကား အမျိုးအစားခွဲပုံကို ရှင်းပြပြီး မြန်မာဘာသာစကား၏ သွင်ပြင် လက္ခဏာများကို ဖော်ထုတ်ပြသည်။ မြန်မာအက္ခရာသမိုင်းကိုလည်း မြေပုံ ကိုထောက်ပြကာ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ အက္ခရာရောက်လာ ပုံကို စိတ်ဝင်စားဖွယ် ရှင်းပြသည်။ ယခင်က မသိသေးသော အသိသစ် အမြင်သစ်များ တိုးပွားရပါသည်။ ဆရာကြီး ဦးမောင်မောင်ကြီးက နေမိဘုံခန်းပျို့ကို ပို့ချသည်။ ဗီရဏီ ပုံခန်းကို အသေးစိတ်ရှင်းပြသည်။ ရှင်အဂ္ဂသမာဓိက အရေးအဖွဲ့ လှပပုံ၊ ဗိသုကာ ဝေါဟာရများဖြင့် ခံ့ခံ့ညား ညား ရေးဖွဲ့ပုံတို့ကို ပုံဖော်ပြသည်။ ဆရာကြီး ဦးကျော်ရင်က ရာမရကန် ပို့ချသည်။ ဦးတိုး၏ နာမည်ကျော် ရကန်ကို နောက်ခံဖြစ်သော ရာမာယ ဏ မဟာကဗျာ၏ ဇာတ်လမ်းနှင့် ဆက်စပ်ပို့ချသည့်အတွက် မှတ်သား စရာ စိတ်ဝင်စားစရာကောင်းပါ သည်။
မြန်မာရာဇဝင်ကို ဆရာကြီး ဒေါက်တာသန်းထွန်းပို့ချသည်။ သိပ္ပံ မဟာဌာနအပေါ်ထပ် သိပ္ပံခန်းမမှာ ကျောင်းသားများ အပြည့်ရှိသည်။ ဆရာကြီး အတန်းဝင်လျှင် ဘွဲ့ဝတ်စုံ ကို အမြဲခြုံလာသည်။ အတန်းထဲ ရောက်မှ ဝတ်ရုံကိုချွတ်ပြီး ကုလား ထိုင်မှာ ချိတ်သည်။ ပြီးတော့ သင် ခန်းစာများကို ပို့ချတော့သည်။ အစဉ် အလာ အယူအဆများနှင့် ကွဲပြား သော ခေတ်သစ်အယူအဆများကို ကြားနာမှတ်သားရသည်။ အနော် ရထာဟု အစဉ်အဆက် ခေါ်ကြသော မင်း၏အမည်မှာ အနိရုဒ္ဓဖြစ်ကြောင်း ကစ၍ သိကောင်းစရာများကို သိရ သည်။ ဆရာကြီး ပြုစုထားသော ‘ခေတ်ဟောင်းမြန်မာ ရာဇဝင်’မှ ပုဂံ ခေတ်နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှု ရေး၊ စီးပွားရေး၊ တရားဥပဒေ၊ ယဉ်ကျေးမှုအနုပညာ စသည်တို့ကို ကျောက်စာ အထောက်အထားများ ဖြင့် မြင်ကွင်းကျယ်ကျယ် ပုံဖော်ထား သော စာတမ်းများကို လေ့လာရသည့် အတွက် အသိအမြင် ကျယ်ပြန့် တိုး ပွားလာရသည်။ အထူးသဖြင့် ဘုရား ဆင်းတုတော်များ၏ မုဒြာခေါ် လက် အနေအထားများကို အသေးစိတ်မှတ် သားရသည်မှာ စိတ်ဝင်စားစရာ ကောင်းသည်။ မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ်(JBRS) မှ ဆရာကြီး၏ စာတမ်းများကို ဖတ် ရန်ရည်ညွှန်းပြီး ကျောက်စာများကို ရောမအက္ခရာဖလှယ်သည့် စနစ်ကို လည်း ဆရာကြီးက သင်ပေးပါ သည်။ ဆရာကြီး၏ အတန်းမှာ စိတ်ဝင်စား စရာလည်း ကောင်း၊ ပျော်စရာလည်း ကောင်းပါသည်။

ဖီလိုဆိုဖီ (သဘာဝတ္တဗေဒ) ဘာသာရပ်ကို ဆရာကြီး ဒေါက်တာ ခင်မောင်ဝင်း ဆက်သင်သည်။ အင်္ဂလိပ်လိုသင်ရသည်။ သို့သော် အလွန်ရှင်းလင်းပါသည်။ ဆရာကြီး ရှင်းပြစဉ် Are you clear? (ဆရာ ပြောတာ ရှင်းရဲ့လား)ဟု မကြာခဏ မေးလေ့ရှိသည်။ ဆရာကြီးက အနောက်တိုင်း ဖီလိုဆိုဖီ ပညာရှင် များ၏ အတွေးအခေါ်များကို ဂရိ ခေတ် ဆိုကရေးတီးမတိုင်မီ ခေတ်က စ၍ အတွေ့အကြုံပဓာနဝါဒ၊ ဆင်ခြင်မှုပဓာန ဝါဒအယူအဆများ အကြောင်း ရှင်းပြသည်။ ထို့နောက် အိန္ဒိယ ဖီလိုဆိုဖီ ဂိုဏ်း ၉ ဂိုဏ်း အယူအဆများကို ဆက်သင်သည်။ ဖလိုဆိုဖီယူလျှင် အဆင့်မြင့် သက္က ဗေဒ(Higher Logic) နှင့် ကိုယ်ကျင့် တရားပညာ (Ethics) ဘာသာရပ် ၂ခုမှ နှစ်သက်ရာ တစ်ခုကိုယူရသည်။ ကျွန်တော်က အဆင့်မြင့် တက္ကဗေဒ ယူသည်။ ဆရာမကြီး မစ္စစ်လက်တီ လူနီခေါ် ဒေါ်နန်းဆွေက ပို့ချပေး သည်။ သင်္ကေတများ အသုံးပြု၍ တွေးခေါ်ဆင်ခြင်ပုံများကို သင်ရပါ သည်။

ထိုနှစ်က ကျင့်သုံးသော စာမေး ပွဲစနစ်အကြောင်းလည်း သတိရနေပါ သည်။ ယခင်ကဆိုလျှင် ဒုတိယနှစ် ဝက် နောက်ဆုံးမှာ စာမေးပွဲတစ်ကြိမ် သာ စစ်ပြီး ထိုအမှတ်နှင့် ဆုံးဖြတ် သည်။ ၁၉၆၁-၆၂ ပညာသင်နှစ် တွင် စာမေးပွဲ ၃ ကြိမ် ဖြေရသည့် စနစ်ကိုကျင့်သုံးသည်။ စာမေးပွဲ ၃ ကြိမ် ဖြေရသည့် ရမှတ်၊ နည်းပြတန်း ရမှတ်၊ ကျောင်းခေါ်ချိန်ရမှတ် စုစု ပေါင်း အမှတ် ၁ဝဝ ခွဲပေးသည်။ အတိအကျတော့ မမှတ်မိတော့ပါ။ စာမေးပွဲ ၃ ကြိမ်အတွက် ၂ဝ၊ ၂ဝ၊ ၃ဝ၊ ကျူတိုရီရယ်အတွက် အမှတ် ၂ဝ၊ ကျောင်းခေါ်ချိန်အတွက် ၁ဝ မှတ်ဟု ခွဲဝေထားသည်ဟု ထင်ပါသည်။ စာမေးပွဲတစ်ခုပြီးလျှင် အမှတ်စာရင်း ကို ထုတ်ပြန်ပေးသည်။ အချို့ဆိုလျှင် တတိယစာမေးပွဲ မဖြေမီကပင် အမှတ်ရနေပြီဖြစ်သည်။ ထိုစနစ်ကို ကျင့်သုံးသည့်ကာလကတော့ မကြာ လိုက်ပါ။ ၁ နှစ်၊ ၂ နှစ်သာ ကျင့်သုံး ပါသည်။ မကြာမီ တက္ကသိုလ်များ အများအပြား ပေါ်ပေါက်လာပြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ် နှင့် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များဟူ၍ ကွဲ ပြားသွားပါသည်။

မောင်ခင်မင်(ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*