ကြိမ်လုံးသေနတ်လေး

ကြိမ်လုံးသေနတ်လေး
December 4, 2017 Leanne Win

တစ်နေ့က ” ရေဦးက ကဗျာဆရာ မျိုးနေနွယ်” အိမ်ရောက်လာ ပါတယ်။ သူကကဗျာ စာအုပ်လေး လက်ဆောင်လာပို့တာပါ။ ကဗျာစာ အုပ်နာမည်က “ကဗျာကြီးနှင့် ထပ် တူ ထပ်မျှ”တဲ့ ။ သူ့ကဗျာ စာအုပ် ကလေးကို ဟိုလှန်ဒီလှန် လုပ်နေ တုန်း “ကျွန်တော့်ဆီက ဘာတစ်ခုမှ ရမသွားတဲ့ အဖေ…”ဆိုတဲ့ ကဗျာလေးဖတ်မိတယ်။ ကဗျာက ခေါင်းစဉ်ပါထည့်ရေတွက်မှ သုံး ကြောင်းပဲရှိတယ်။ အဲဒီခေါင်းစဉ် အောက်မှာ ကဗျာဆရာ ရေးထားတဲ့ စာနှစ်ကြောင်းက “သားတစ်ယောက်၊ သမီးတစ် ယောက်ရှိပါတယ် အဖေ့ဝဋ်တွေ ကျွန်တော်လည် ပါစေ…။ ဒီကဗျာလေးကို ဖတ်ပြီးတဲ့အခါ ကျွန်တော်တို့တစ်တွေ (ခုခေတ်အဖေ များများ)လည်း ခေတ်စနစ်ကြောင့် ဝဋ်လည်လို့မဆုံးတဲ့ အဖေတွေ ဖြစ် နေကြတဲ့ အကြောင်းတွေးမိတယ်။ ဟုတ်။ ဒီကဗျာဖတ်ပြီး ကျွန် တော်သတိရတာက အဖေ။ ကျွန် တော်ကစားဖို့လုပ်ပေးတဲ့ ‘ကြိမ်လုံး သေနတ်လေး’ကို အထူးသတိရမိ တယ်။ ကျွန်တော့် ‘ကစားရွယ်’က (၁၉၅ဝ-၅၅) ခုလောက်ကပေါ့။ အဲဒီ အချိန်တုန်းက ကလေးတွေကစားဖို့ သုံးထပ်သားသေနတ် လေးတွေနဲ့ ငါးထပ်သား သေနတ်ကလေးတွ အ လွန်ခေတ်စားခဲ့ကြတယ်။

ကျွန်တော် ကလည်း တစ်ခြားကလေးတွေလို အထပ်သားသေနတ်လေးနဲ့ ဆော့ ချင့်တာပါ။ အဖေက ဝယ်မပေး နိုင်ရှာဘူး။ ငွေကြေးတတ်နိုင်တဲ့ မိဘများကသာ ဒီလိုသေနတ်မျိုး ဝယ်ပေးနိုင်ကြတာလေ။ ဒါပေမယ့် အဖေက သူ့သား မျက်နှာမငယ်ရအောင် ကြိမ်လုံး သေနတ်လေး လုပ်ပေးရှာပါတယ်။ ကြိမ်လုံးအရှည်ကို မောင်းတံ ထည့် မယ့်နေရာကို မီးနဲ့ဖောက်ပြီး ဝါးခြမ်း ပြားခလုတ်လေးထည့်ပြီး ကစားစရာ သေနတ်လေး လုပ်ပေးပါတယ်။ ကြိမ်လုံးထိပ်မှာ သံရိုက်ပြီး သားရေ ကွင်းလေးချိတ်ပေးပါတယ်။ အဲဒီ သားရေကွင်းကိုဆွဲယူပြီး မောင်းတံခ လုတ်မှာ ချိတ်ပြီးပစ်လို့ရပါတယ်။ ပစ်မှတ်က ဆေးလိပ်တိုထောင်ပြီး ‘ပိုလိုကားပစ်ကြေး’ ကစားကြတာပါ။ ကျွန်တော့်ကြိမ်လုံးသေနတ် ကလေးဟာ အကောင်းစားကြေးကြီး  အထပ်သား သေနတ်လေးတွေကြား မှာ အတော်ပဲထင်ပေါ်ခဲ့ပါတယ်။  ပိုလိုကား ပစ်ကြေးကစားတိုင်း လည်း ကျွန်တော်အနိုင်ရတာများ တယ်။ ကျွန်တော်လက်တည့်တာ လည်းပါသပေါ့။ ဒီလို ကျွန်တော်နိုင် ပါများတော့ တခြားကလေးတွေက ကျွန်တော်နဲ့ မကစားချင်ကြတော့ ဘူး။ ကျွန်တော် ကြိမ်လုံးသေနတ် ကို အကြောင်းပြပြီး ကျွန်တော့်ကို အပါ မခံတော့ဘူး။ သူတို့ရဲ့ အကြောင်းပြ ချက်က ကျွန်တော်ကြိမ်လုံး သေနတ် ဟာ’အတု’ ဖြစ်လို့တဲ့။ သူတို့ ပြောချင် တာက

‘ကစားစရာအတု’တဲ့။ သူတို့ နဲ့ ကစားချင်ရင်သူတို့လို သေနတ် အစစ်နဲ့ အပါခံမယ်လို့ ပြောကြတယ်။ ခက်ဖူးလား။ ကလေးဘဝများ အတုချင်း အတူတူတောင် သူတို့ အတုပဲ အစစ်လုပ်ချင်ကြတာ ဆို တော့။ အဖေ့ကြိမ်လုံး သေနတ်လေး အခြေအနေ မကောင်းတော့ဘူးပေါ့။ ဝမ်းနည်းစရာကောင်း လိုက်တာ။ ကျွန်တော်ကဖြင့် သူတို့ အပါခံချင် အောင်.. ပစ်မှတ်ကို တမင်ဘေး ချော်ပစ်ခဲ့တဲ့ အကြိမ်တွေလည်း မနည်းလှပါဘူး။ ဒါပေမယ့် ‘ကလေးဆို တော့’ ကစားရင်နိုင်ချင်ကြတာချည်း မဟုတ်လား။ ကျွန်တော်ဘယ်လောက် ဘေးချော် ပစ်ပေးပေးပွဲသိမ်းတဲအခါ ကျွန်တော်နိုင်သွားတာချည်းပဲပေါ့။ ကိုင်းထားပါတော့။ အခု ကျွန် တော်မျိုးနေနွယ်ရဲ့ ကဗျာလေးဖတ်ပြီး တဲ့အခါ၊ ကျွန်တော့်ကိုယ် ကျွန်တော် အဖေနေရာထားပြီး ပြန်စဉ်းစားကြည့် တယ်။ ကျွန်တော်ကော မျိုးနေနွယ်လို အဖေ့ဝဋ်လည်ခဲ့ပြီလား။ ဝဋ်လည် ခွင့်ကော ကျွန်တော်ရရဲ့လား။ ကျွန်တော့်မှာ သမီးလေးတစ် ယောက် ရှိတယ်။ ဒါကြောင့် အဖေ့ လို ကြိမ်လုံးသေနတ်လေး လက်လုပ် ဖို့ မလိုတော့ဘူးပေါ့။ ဟုတ်တယ်နော်။ သမီးမိန်းကလေးတွေဆိုတော့။ တကယ်လို့ကျွန်တော့်မှာ ‘သားတစ်ယောက်’ လောက်ပါခဲ့ရင် တော့ တစ်မျိုးပေါ့လေ။ အဲ… ပြောသာပြောရတာ။ ခုနှယ်ခါ ကြိမ် လုံးက လွယ်တာမဟုတ်ဘူး။ သစ်တော ဥပဒေနဲ့ ဘာနဲ့။

စောဘရန်ငြိမ်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*