ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ – ၇

ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ – ၇
November 20, 2017 Asian Fame
ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ – ၇

”ဝူး… ညောင်သီးလည်းစား လေးသံလည်း နားစွင့်ရမယ့် ကာလကြီးပါကလား”

ရန်ကုန်စီဂျေသည် နေ့စဉ်ထုတ်သတင်းစာ တစ်စောင်၏ ရှေ့မျက်နှာဖုံးမှ (လူမှုကွန်ရက်တွင် အမုန်းစကား လှုံ့ဆော်မှုများ စောင့်ကြည့်ရေးအဆို လွှတ်တော်က အတည်ပြု။ အိုင်တီနည်းပညာ အလွဲသုံးစားမှု ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းမည်) ဟူသော ခေါင်းစဉ်ပါ သတင်းစာကို မျက်လုံးကျွတ်ထွက်ခမန်း အာရုံစိုက်၍ ဖတ်ရှုပြီးသော် အထက်ပါအတိုင်း သက်ပြင်းချညည်းတွား လိုက်လေသည်။

”အိုက်တီက ငရို့ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တယ်။ အိုင်တီကြောင့် အကျိုးရှိခဲ့သလို အကျိုးယုတ်ခဲ့တယ်။ လူမှုကွန်ရက်တွေကြောင့် မိတ်ဆွေသစ်တွေ ရရှိခဲ့တယ်။ တစ်ချိန်တည်း မှာပဲ လူမှုကွန်ရက်တွေကြောင့် ရန်သူတွေလည်း ပေါက်ဖွားလာခဲ့တယ်။ ငရို့လို စာနယ်ဇင်းမီဒီယာတွေမှာ နေရာမရခဲ့ကြတဲ့ စီဂျေတွေဟာ အွမ်လိုင်း မီဒီယာကနေ သတင်းတွေကို အချိန်နဲ့ တစ်ပြေးညီထုတ်လွှင့် တင်ပြနိုင်ခဲ့တယ်။ အော်… အဟောဝတ၊ အဟောဝတ၊ ကောင်းလေစွ”

စီဂျေသည် အားပျက်နေရာမှ အားတက်လာပြန်သည်။

”အဓိက…ကတော့ အမှန်တရားကို ကိုယ်စားပြုတဲ့ သတင်းမှန်တွေကို တိုင်းသူပြည်သား လူအများ သိခွင့်ရဖို့ပဲ မဟုတ်လား။ ပြည်သူတွေဟာ သတင်းမှန်ကို ဖော်ထုတ်ခွင့် လည်းရှိ သတင်းမှန်ကို သိပိုင်ခွင့်လည်း ရမယ်ဆိုတာ လူ့အခွင့်အရေးပဲ”

ဤကား… စီဂျေ၏ ဖီလော် (အမြင်) ပင် ဖြစ်ချေ၏။

စီဂျေသည် မိဘကကျွေးမွေးသော နံနက်စာကို အဝအပြဲ သုံးဆောင်ပြီးနောက် သတင်းမုဆိုး အဖြစ် သတင်းအမဲလိုက်ရန် လမ်းပေါ်သို့ ယောင်ပေပေဖြင့် ထွက်လျှောက်လာသည်။ တစ်နေရာတွင် သူ၏ အခမဲ့ သတင်းပေး တစ်ဦးဖြစ်သော ကုလားလေး ရာကွတ်နှင့်တွေ့သည်။ ရာကွတ်သည် လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် နံနက်ပိုင်း၌ စမူဆာလည်းကြော်၊ ပလာတာလည်း ရိုက်ပြီးနောက် အရပ်ထဲ၌ ကိုးကျောင်းကိုးကျင်း သွားလာနေတတ်သူ ဖြစ်သည်။ လက်ဖက်ရည်ဆိုင်မှာလည်း အလုပ်လုပ်သောကြောင့် အရပ်ထဲမှ သတင်းမျိုးစုံကို ကြားခွင့်ရပြီး ထိုသတင်းတွေကို စီဂျေထံ အခမဲ့ ဖောက်သည်ချတတ်ရာ ကုလားလေးကို စီဂျေက သတင်းပေး Informer ဘွဲ့ ပေးထားသည်။

”ဟေး… အင်ဖော်မာ…။ ဒီကနေ့ ဘာထူးသလဲ…” ဟုစီဂျေ က မေးလိုက်ရာ၊ ကုလားလေးသည် မျက်မှောင်ကုပ်လိုက်ပြီး…

”ထူးတာတော့ ထူးတယ်ဗျ”

”ဘာထူးတာတုန်း”

”အောင်ဘောဂ လမ်းထဲမှာ ဝိုင်းတွေသိပ်ကောင်းနေတယ်။ ကြေးကလည်း သိန်းချီတယ်”

”ဟား… အိုကေ။ ဒါ…သတင်းထူးပဲ…။ လောင်းကစားဝိုင်းတွေဆိုတာ တရားဥပဒေ စိုးမိုးရေးကို မထီမဲ့မြင် ပြုတာတွေပဲ” ဟု စီဂျေက အာပေါင်အာရင်း သန်သန် ရေရွတ်နေစဉ်။ ကုလားလေးက စီဂျေ၏ လက်တစ်ဖက်ကို ဆွဲလိုက်၏။

”နေဦး… အစ်ကို။ ကျွန် တော်ပြောတဲ့ ဝိုင်းဆိုတာက လောင်းကစားဝိုင်းကို ဆိုလိုတာ မဟုတ်ဘူး။ စာသင်တဲ့ကျူရှင် ဝိုင်းကို ပြောတာ”

”မင်းပြောတော့ ကြေးက သိန်းချီသဆို…”

”ဆရာ၊ ဆရာမကို ပူဇော်ရတဲ့ ဥာဏ်ပူဇော်ကြေးကို ပြောတာပါ အစ်ကိုရဲ့။ အထူးက ကြေးတစ်မျိုး၊ ထူးရှယ်က ကြေးတစ်မျိုး။ ကျွန်တော်သာ ဘွဲ့ရခဲ့ရင် ဝိုင်းထောင်စားမှာဗျ …”

တော်စမ်းပါကွာ။ မင်းဘာသာမင်း ပလာတာ ရိုက်စားနေစမ်းပါ။ အဲဒါက… လူပြော သူပြော မခံရဘူး။ အဝေဖန် မခံရဘူး။ ဝိုင်းဆရာကိုကျတော့ မလိုသူတွေက အသပြာ ဆရာလို့ ကဲ့ရဲ့တတ်သကွ…”

”ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ… ကျွန်တော်လည်း ဝိုင်းကိုသွားလိုက်ဦးမယ်။ တစ်မျိုးတော့ မထင်ပါနဲ့။ ဘိလိယက်ခုံ… ဝိုင်းကိုသွားမှာ . .”

ပလာတာ အကြော်ဆရာ ကုလားလေး ထွက်သွားပြီးနောက်၊ စီ ဂျေသည် သတင်းဆန်းကလေး ဘာကလေး ရလိုရငြား၊ တရားရုံးဘက်သို့ လျှောက်လာခဲ့သည်။ ရုံးဝင်းထဲမှာ လူသူပရိသတ် စည်ကားမြဲ စည်ကားနေရာ၊ စီဂျေက သစ်ပင်ရိပ်အောက် လူရှင်းရာသို့ ဝင်လာခဲ့၏။ သစ်ပင်ရိပ်မှာ မိန်းမကြီး နှစ်ယောက်။

”ရိုးရိုးက တစ်သိန်း…”

”ရိုးရိုးဆိုတာ ဘာတုန်း”

”ဝမ်းဆွဲဆရာမက မွေးပေးတာကို ရိုးရိုးလို့ ခေါ်တာ။ အဲဒါ တစ်သိန်း ပေးရတယ်။ အထူးက နှစ်သိန်း။ အဲဒါက… ဆရာဝန်တွေက မွေးပေးတာ။ ထူးရှယ်ကတော့ ငွေအများဆုံးပဲ။ သုံးသိန်းပေးရတယ်။ ဘာကြောင့် ထူးရှယ်ရသလဲဆိုရင် မီးယပ်သားဖွား ပညာပါရဂူ ကိုယ်တိုင်က မွေးပေးတာမို့ပဲ…”

စီဂျေသည် မိန်းမကြီး နှစ်ယောက်၏ အင်တာဗျူးကို နားထောင်ပြီးနောက် ကောင်းကောင်းကြီး သဘောပေါက်သွားတော့၏။ အော်… ဝိုင်းကျူရှင်တွေမှာမှ ထူးတို့၊ ထူးရှယ်တို့ ရှိတတာ မဟုတ်ဘူး။ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေမှာလည်း ထူးတို့၊ ထူးရှယ်တို့ ရှိတာပဲကိုး။ နောက်ဆို…. ရေဝေးမှာတောင် ထူးတွေ၊ ထူးရှယ်တွေ ရှိလာလိမ့်မယ် မှတ်ပါရဲ့…။

စီဂျေသည် လမ်းလျှောက်ရပါများပြီး ညောင်းညာချင်သလို ဖြစ်လာ၍ ဆိုက်ကားစီးရန် ရပ်နားနေသော ဆိုက်ကား အလွတ်တစ်စီး အနီးသို့ လျှောက်သွားသည်။

”ဆေးရုံဘက်ကို သွားရအောင် ဆိုက်ကားခ ဘယ်လောက်တုန်း”ဟု မေးလိုက်ရာ ဂျာနယ်ဖတ်နေသော ဆိုက်ကားဆရာက…

”ထူးနဲ့သွားမလား၊ ထူးရှယ်နဲ့ သွားမလား” ဟု လေသံတင်းတင်းနှင့် ပြန်မေးသည်။ အင်း… ဆိုက်ကား ဆရာတွေလည်း ပစ္စည်းမဲ့မာနတွေ ဝင်ပြီး လေသံတင်းကုန်ပြီ။

” အဲသည် ထူးတို့ ထူးရှယ်တို့က ဘာတွေတုန်းဗျာ” ဟု စီဂျေက တန် ပြန်မေးခွန်းထုတ်သည်။

”ထူးဆိုတာက လမ်းမကြီးပေါ် ကနေ ပုံမှန်နင်းသွားမှာ။ ထူးရှယ်ဆို တာက ဖြတ်လမ်းကနေ အမြန်နင်းမှာ။ ထူးက ငါးရာကျမယ်။ ထူးရှယ်က တစ်ထောင်…”

”ထူးရှယ်နဲ့ သွားမယ်ဗျာ…”

ဤသို့ဖြင့်… စီဂျေသည် ခပ်စုတ်စုတ် ဆိုက်ကားပေါ်မှာ ထိုင်ရင်း မြို့နယ်ဆေးရုံဘက်သို့ လိုက်ပါလာခဲ့၏။

”ထူးရှယ်” အဆင့်မြင့် ဆိုက်ကား စီးလေရာ။ ဆိုက်ကားဆရာသည် ဖြတ်လမ်းဟုဆိုသော မြေနီလမ်းကြမ်း ပေါ်မှာ ချိုင့်မရှောင်၊ ခဲမရှောင် တရကြမ်းဖြတ်ကျော်၍ နင်းလာသည်။ စီဂျေမှာဆေးရုံရှိ သူငယ်ချင်း ဆရာဝန်ထံလာခြင်းဖြစ်သော်လည်း လမ်းကြမ်းမှာ ဆိုက်ကားဆောင့်၍ တခဏတာအတွင်း ကိုယ်တွေ လက်တွေ နာကျင်လာတော့၏။

”ဖြည်းဖြည်းနင်းပါ ဆိုက်ကား ဆရာ” ဟု သတိပေးလိုက်ရာ။ မောကြီးပန်းကြီးနှင့် ဆိုက်ကား နင်းနေသော ဆိုက်ကားဆရာက ဘုကြည့်ကြည့်ပြီး…

”မင်းပဲ ထူးရှယ်ဆိုကွ၊ ထူးရှယ်ဆိုတော့ ထူးရှယ်အဆင့် အတန်းနဲ့ ညီအောင် သုတ်သုတ်ကလေး နင်းရတာပေါ့။ မင်း ဆေးရုံ တက်ချင်ရင်လည်းပြော…။ ထူးရှယ်ခန်းမှာ တက်နိုင်အောင် စီစဉ်ပေးတဲ့ ဝန်ထမ်းတွေနဲ့ ငါသိတယ်… ကြားလား”

ဤသို့ဖြင့်… စီဂျေသည် ဆိုက်ကားဆရာ၏ ထူးရှယ်တရားကို ကြားနာရင်း လိုရာခရီးသို့ ချွေးဒီးဒီးကျလျက် ဆိုက်ရောက်သွားရှာလေ၏။

”အပြန်စောင့်ရဦးမလား” ဟု ဆိုက်ကားဆရာက မေးသည်။

”တော်ပါပြီ… ဆရာထူးရှယ်…တော်ပါပြီ…”

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*