
”မြန်မာနိုင်ငံမှာအဖြစ်များလာတဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါကို ကာ ကွယ်တဲ့အနေနဲ့ ကလေးတိုင်းကို တိုးပေးဖို့စီစဉ်နေတာပါ။ မိဘတွေကလည်း ကလေးတိုင်းကို မလွတ်အောင် ထိုးသင့်ပါတယ်။ နာဂဒေသက မြို့တွေပေါ်မှာတော့ သတ်မှတ်ထားတဲ့ ရက်မှာ ထိုးပေးမှာဖြစ်ပြီး မြို့နဲ့ဝေးတဲ့ရွာတွေမှာ တော့သင့်တော်တဲ့ ရက်မှာ ထိုးပေးသွားပါမယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အထူးရောဂါ နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင်ဒေါက်တာကျော်သူဆွေကပြောပြသည်။
ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို ပထမ အသုတ်အနေဖြင့် နိုဝင် ဘာလ ၁၅ရက်မှ ၂၃ရက်အထိ အသက်၅နှစ်မှ ၁၅နှစ်အထိ ကလေးငယ်များကို အစိုးရ စာသင်ကျောင်း ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ အားလုံးတွင် သွားရောက် ဆေးထိုးပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဒုတိယအသုတ်ကို ဒီဇင်ဘာလ ၁၁ ရက်မှ ၂ဝ ရက်အတွင်း ရပ်ကွက် ကျေးရွာများတွင် ပြည်သူလူထု အခြေပြု၍ အသက် ၉ လ မှ ၅ နှစ်အတွင်း ကလေးများနှင့် ပထမအသုတ်တွင် ကာကွယ်ဆေး မထိုးလိုက်ရသော ကလေးငယ်များကို အထူးလေ့ကျင်သင်ကြားပေးထားသော ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးပေးသွားမည် ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံအတွင်း ဂျပန်ဦးနှောက်ရောင် ရောဂါဖြစ်ပွားသူ ၂ဝ၁၆ ခုနှစ်တွင်၃၉ဝဦးကျော် ၂ဝ၁၇ခုဇွန်လတွင် ၁၄ဝကျော်ရှိပြီး ဆန်စပါးစိုက်သော ကျေးလက်ဒေသများနှင့် တိရစ္ဆာန် မွေးမြူရေး လုပ်ငန်းများရှိသော နေရာများတွင် အဖြစ်များ ကြောင်းသိရသည်။ ကာကွယ်ဆေးထိုးရန်အတွက် ရပ် ကွက် ကျေးရွာများတွင် နေအိမ်များ အရောက်သွားကာ ကာကွယ်ဆေးထိုးရန် ဖိတ်ကြားစာများ ဝေနေသလို အသံချဲ့စက်ဖြင့် အသိပေးခြင်း လက်ကမ်းစာစောင်ကမ်း၍ ပိုစတာများချိတ်ကာနှိုးဆော်ခြင်းများကို နိုဝင်ဘာလ ၉ ရက်မှ စတင်လုပ်ဆောင်နေသည်ကို တွေ့ရသည်။
လှိုင်ဝင်းကို