ကျီးကန်းတစ်ကောင်ရဲ့ ခံစစ်

ကျီးကန်းတစ်ကောင်ရဲ့ ခံစစ်
November 20, 2017 Asian Fame
ကျီးကန်းတစ်ကောင်ရဲ့ ခံစစ်

ကျွန်တော်ဆိုင်ကယ်လေးကို မနောယမန်ဥယျာဉ်ရှေ့က အရိပ် ကောင်းကောင်း တစ်နေရာမှာ ရပ်လိုက်တယ်။

ကျွန်တော်ဆိုင်ကယ်ရပ်တဲ့ နေရာက ဥယျာဉ်ရဲ့ ”ရေကူးကန်” တောက်ဘက်ကျကျမှာဖြစ်ပါတယ်။ ဆိုင်ကယ်ရပ်ပြီးတဲ့အခါ ဆိုင်ကယ် ဇက်သော့ခတ်ပြီးတော့ ဆိုင်ကယ် ဦးထုပ်ကလေးကို ဆိုင်ကယ်လက်ကိုင်မှာ ချိတ်လိုက်တယ်။

ကျွန်တော်ကျန်းမာရေးအတွက် လမ်းလျှောက်ဖို့ ဒီနေရာရောက် လာတာပါ။ အချိန်ကတော့ မနက် ၉ နာရီလောက်ပေါ့။ ကျွန်တော့်အတွက် လမ်းလျှောက်ဖို့ အချိန်ရတာကလည်း မနက် ၉ နာရီလောက်မှ ရတာပါ။ ဒီနေရာ လမ်းလျှောက် ခဲ့တာလည်း ဒီဥယျာဉ်သက်တမ်းနဲ့ အမျှပါပဲ။

သစ်ပင်တန်းကလေးတွေနဲ့ အလွန် လမ်းလျှောက်ဖို့ကောင်းတဲ့ နေရာလေးပါ။ ဒါပေမဲ့ ဒီနေရာလေးဟာ ဆိုင်ကယ်ပျောက် စံချိန်တင်ထား တဲ့ နေရာ’ ဖြစ်တဲ့ အကြောင်း ကျွန်တော်သိပါတယ်။ ဒါကြောင့် ကျွန်တော်ဆိုကင်ကယ်ကို ဂရုစိုက်ပါတယ်။ လမ်းလျှောက်တဲ့ အခါမှာလည်း ဆိုင်ကယ်ကို ဗဟိုရ်မှာထားပြီး ကိုက် ၅ဝ-၆ဝ လောက်အတွင်းပဲ လျှောက်ပါတယ်။

ဆိုင်ကယ်ဇက်သော့ခတ်တုန်းက ဆိုင်ကယ်ရဲ့ နောက်ဘီးကို ကြည့်လိုက်တော့ ဘီးလေနည်းနေတာကို တွေ့ရတယ်။ ဘီးပေါက်ပြန်ပြီလား မသိဘူး။ ကျွန်တော်လမ်းလျှောက်ရင်း ဝယ်တာမကြာသေးတဲ့ ဆိုင်ကယ်တာယာ အကြောင်း စဉ်းစားမိတယ်။

ဒီဆိုင်ကယ်တာယာကို ကျွန်တော့်သမီးဖြစ်သူက ဝယ်ပေးထားတာပါ။ အဲဒီတာယာ ဝယ်တဲ့နေ့က လမ်းမှာ သမီးပိုက်ဆံအိတ် အလုခံလိုက်ရတယ်။ အလုခံလိုက်ရတဲ နေရာက အောင်ပင်လယ် အောင် ဆန်းလမ်းပေါ်မှာပါ။ လုတဲ့ကောင်တွေက နှစ်ယောက်။ ဆိုင်ကယ်နဲ့ပဲ။ အဲဒီလမ်းပေါ်မှာ လုရင်း ပြန်လုရင်း လူတွေဝိုင်းကြည့်ကြတဲ့အခါမှ လုယက်သူနှစ်ဦး ထွက်ပြေးသွားတယ်။

ဒါတင်မဘူး။ ကျွန်တော်အိမ် ရှေ့မျာတင် ဆိုင်ကယ်နဲ့ လုယက်မှုတစ်ခု မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရဖူးတယ်။ ကျွန်တော့် အိမ်က ၅၃ လမ်းနဲ့ ဘုရင့်နောင်လမ်းထောင့်မှာပါ။ လုယက်ခံရတာက မိန်းကလေး တစ်ဦးပါ။ မိန်းကလေးက ဆိုင်ကယ်နဲ့ပါ။ ပြီးတော့ ငယ်ငယ် ချောချောလေး။ အလန်းလေး။ စလင်းဘက်လေး လှလှလေးလွယ်လို့။ လိုက်လုတဲ့ နှစ်ယောက်စီးဆိုင်ကယ် ကလည်း လူငယ်ချောချောလေး နှစ်ဦးပါ။ သူတို့ကို အဝေးတည်းက ကျွန်တော်ကြိုမြင်နေရတယ်။ ကျွန်တော့်အမြင်ကတော့ ရိုးရိုးပဲ။ ကောင်မလေးတစ်ယောက်ကို ကောင်လေး နှစ်ယောက်ကလိုက် ‘ဖန်’ နေတယ်ပေါ့။ သူတို့ကလည်း စကားပြော ကောင်မလေးကလည်း ပြန်ပြော အဆင်ပြေနေသလိုထင်ရတယ်။ ဒါပေမယ့် ဟိုနှစ်ကောင်က ရိုးရိုးမဟုတ်ဘူး။ ဆိုင်ကယ်နောက်က ထိုင်လိုက်လာတဲ့ကောင်က ကောင်မလေးရဲ့ စလင်းဘက်ကို လှမ်းဆွဲလိုက်တယ်။ ဒီတော့မှ ကောင်မလေးက အသံကုန် အော်တာ။ ရပ်ကွက်ထဲက လူတွေလည်း ထွက်လာကြတယ်။ ဘာလဲ ဘာလဲပေါ့။ ဟိုနှစ်ကောင်ကတော့ လစ်ပြေးသွားရော။

အင်း… အခြေအနေကတော့ တကယ့် ကျီးလန့်စာစားပဲ။ ဒီလိုလုံခြုံ မရှိတဲ့နေရာနေရတာ ပျော်ရင်တောင် ပျော်ရင်းလန့်၊ လွမ်းရင်တောင် လွမ်းရင်းလန့်၊ စားလန့်လန့်၊ သွားလန့်လန့်၊ ပျင်းလန့်လန့်၊ နေလန့်လန့်၊ ထိုင်လန့်လန့်၊ အိပ်လန့်လန့်။ မလန့် အောင်ကတော့ သေမှမလန့်ဘဲရှိ တော့မယ် ထင်ပါရဲ့။

”အောင်မယ် လန့်ပါတယ်ဆိုမှ၊ ငါ့ဆိုင်ကယ်နား ဆိုင်ကယ်တစ်စင်း ထိုးရပ်လိုက်ပါလား…”

လမ်းလျှောက်ရင်း ကျွန်တော့် ဆိုင်ကယ်အနီး တစ်ခြားဆိုင်ကယ် တစ်စင်း ရုတ်တရက် ထိုးရပ်လာတာ ကို ကျွန်တော်တွေ့လိုက်ရ။ ဟ ရဲတင်းလှပါလား။ ဘာကောင်တွေလဲ၊ ငါနဲ့လဲမသိဘူး။ ကျွန်တော်တွေး နေစဉ်မှာ ဆိုင်ကယ်နောက်ကပါလာ သူက ကျွန်တော့်ဆိုင်ကယ်ဦးထုပ်ကို ဖြုတ်ပြီး သူ့ခေါင်းမှာ ခတ်တည်တည် ဆောင်းလိုက်တယ်။ ကျွန်တော်လည်း ကျွန်တော့်ဆိုင်ကယ်နှင့်မဝေးတော့ သူ့ရဲ့ဆိုင်ကယ်ရှေ့ပြေးပြီး ရှေ့ကပိတ် ရပ်လိုက်တယ်။ ပြီးတော့ ဦးထုပ် ပြန်ယူလိုက်တယ်။ သူ့ကမပေးဘူး။ ဒါ သူ့ဦးထုပ်လို့ ပြောတယ်။ မပေး ဘူး။ ကျွန်တော်လည်း ဇွတ်အတင်း ပြန်လုနေတော့ ဦးထုပ်က ကျွန်တော့် လက်ထဲပြန်ပါလာတယ်။ ဆိုင်ကယ် မောင်တဲ့သူက သူတို့ လက်သုံးစကား ဖြစ်မှာပေါ့။ ဒီလို ပြောတယ်။ ‘ဒါ ကျွန်တော့်သူငယ်ချင်း တင်မောင် သန်းဦးထုပ် ကျွန်တော်မှတ်မိတယ်…’လို့ ပြောတယ်။ ဘယ်က တင်မောင်သန်းထွန်းတော မသိဘူး။ လမ်းပေါ်မှာက ကားတွေ ဆိုင်ကယ် တွေ သွားနေကြတာ။ ကျွန်တော်တို့ လမ်းလျှောက်တဲ့နေရာမှာတော့ လူအသွားအလာမရှိဘူး။ လူစည်စည်မှာ လူပြတ်တယ်ဆိုတာမို့ ဒီအခြေအနေမှာ ကျွန်တော်အကြံတစ်ခု ဝင်လာတယ်။ ကျွန်တော် ချက်ချင်းပဲ

”ဟေ့ကောင်တွေ ဒါ ငါ့ရပ်ကွက်ကွ ဟို… တိုက်က ရပ်ကွက်အုပ် ချုပ်ရေးမှူးတိုက် ငါ… လှမ်းခေါ် လိုက်ရမလား….” ပြောရင်းလမ်း တစ်ဖက်ကတိုက်ကို လက်ညှိုးထိုးပြ လိုက်တော့မှ ဟိုကောင်တွေ အခြေမ ဟန်တာသိပြီး ဆိုင်ကယ်မောင်းတဲ့ သူက

”လာ..တင်မောင်သန်းသွား ခေါ်မယ်…” ပြောပြီး ဆိုင်ကယ်ကို အမြန်မောင်းထွက်ပြေးသွားတော့တယ်။

စောဘရန်ငြိမ်း ခမျာမှာတော့ ” မရှိတဲ့ တင်မောင်သန်း…” ကို ကျေးဇူးတွေဘာတွေ တင်လို့။

အော်… ပြောရဦးမယ်။ ဆိုင်ကယ်ဦးထုပ်က တစ်သောင်းခွဲ တောင်ပေးရတဲ့ ဆိုင်ကယ်လျှာထိုးဦးထုပ်။

စောဘရန်ငြိမ်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*