ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ -၃

ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ -၃
October 26, 2017 Leanne Win
ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ -၃

 

စီဂျေ( ခေါ်) အကျွန်ုပ်တို့ Citizen Journalist အရပ်သား အလွတ် သတင်းသမားများမှာ… အစား မတော်တစ်လုတ်။ အသွားမတော် တစ်လှမ်းဆိုဘိသကဲ့သို့။ မတော် တဆ၊ ပမာဒလေခ၍ ဖြစ်စေ … သိသိနှင့် ဖြစ်စေ။ အင်တာနက်မှာ စာသားဖြစ်ဖြစ်။ ဓာတ်ပုံဖြစ်ဖြစ် ” ကလစ်” မိလျှင် ကြီးစွာသော အန္တရာယ်ကြီးနှင့် ပတ်ပင်းတိုးနိုင် သည်။ ရာဇတောဝါ (ခေါ်) မင်းဘေး မင်းဒဏ် သင်ခြင်းကို ဆိုလိုပါသည်။ အစိုးရကို အကြည်ညို ပျက်စေပါက (ဝါ) အသရေဖျက်ပါက ပုဒ်မ (၁၂၄-က) အရ ငွေဒဏ်အပါအဝင် ထောင် ဒဏ်တစ်သက်တစ် ကျွန်းထိပင် ကျခံ ရလိမ့်မည်။ အံမယ်လေးလေး … ။ကြောက်စရာ လန့်စရာ ကြက်သီးဖြန်း ဖြန်းထစရာ ပုဒ်မကြီး ပါတကား။

 သို့မို့ကြောင့် အကျွန်ုပ်တို့၏ စီဂျေသည် ညောင်သီးလည်းစား လေးသံလည်း နားထောင်ရင်း မိမိ ရေးသား လွှင့်တင်မည့် သတင်းများ၊ ဓာတ်ပုံများကို အပြန်ပြန်အလှန်လှန် ဝေဖန်သုံးသပ် စိစစ်လေ့ရှိ၏။ မှန် ကန်ပေမယ့်၊ ရည်ရွယ်ချက် ကောင်း ပေမယ့် အစိုးရကို မထိတထိကလိ သလို ဖြစ်သွားရင် … တောင်ဒဏ် တစ်သက်တစ်ကျွန်း…တဲ့။ အံမယ် လေး ဟေးဟေး…။ အစိုးရကို တော့ မထိရဲပေါင်ဗျာ…။ ငရို့မဲ ပေးပြီး ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကြီး မဟုတ်ပေဘူးလား။ တည်မိတဲ့ ဘုရား လင်းတပဲနားနား၊ ကျီးကန်းပဲ နားနား ဘုရားရှေ့ ရောက်ရင်တော့ ဒူးတုပ်ပြီး လက်အုပ် ချီ ဝတ်ပြုရမှာပဲ မဟုတ်လား။ သို့ပေသော်လည်း…မိမိ သည် စီတီဇင် ဂျာနယ်လစ်(ခေါ်) အရပ်သား လွတ်လပ်သော သတင်း သမားဖြစ်ရာ ပြည်သူထဲမှ ပေါက် ဖွားလာသူ။ ပြည်သူတို့နှင့် အတူရှိ သော၊ တာဝန်သိ သစ္စာရှိ ပြည်သူ တစ်ယောက်သာ မဟုတ်ပေဘူးလား။ပြည်သူတို့၏ သတင်းဆာလောင်မှုကို ဖြေဖျောက်ပေးရမည်။ ပြည်သူတို့ အ တွက် သတင်းမှန်များကို ပြည်သူတို့ လက်ဝယ် အရောက်ပို့ဆောင် ပေး အပ်ရမည် မဟုတ်ပေဘူးလား။ မသ ကာ… အပြောအဆိုမတတ်လို့ အစိုးရကို ပွတ်တိုက်မိလျှင်လည်း  မိမိတင်သော Post ကို သက်ဆိုင် ရာမှ ဖြုတ်ချပစ်ရုံပ။ ကံဆိုးလျှင်တော့ ပုဒ်မ (၁၂၄-က) နဲ့ နရသိရ် နန်းမှာ စံမြန်းပေရော့။

သို့တပြီးကား… စီဂျေသည် ရန်ကုန်မြို့တော်တစ်ခွင် ပြဲပြဲစင် အောင် ခြေစကြာဖြန့်ရင်း သတင်းရှာ ၏။ Friend (ခေါ်) အွန်လိုင်းမိတ်ဆွေ များထံ ဆက်သွယ်၍ သတင်းအနံ့ ခံ၏။ အင်တာနက်မှာ မွှေနှောက်တူး ဆွ၏။ ထူးခြားသော သတင်းကားမရ။ ယခင်နေ့များအတိုင်း ထူးမခြားနား သတင်းတွေကိုသာ တွေ့ရသည်။ လမ်းများပေါ်မှာ လျှောက်သွားရင်း မှ… လက်ညိုးမ လွဲ ရှိနေကြသော  ကွမ်းယာဆိုင်းများ၊ ပါးစပ်တွေ ရဲပဒေါင်းခတ်အောင် ကွမ်းယာဝါးနေ ကြသူများ။ စည်းကမ်းမဲ့ ထွေးထုတ် နေကြသော ကွမ်းတံတွေး ညိုညိုရဲရဲ များကို စီဂျေသတိပြုမိ၏။ “ကွမ်းစားခြင်းကို မူးယစ်ဆေးဝါး ဥပဒေထဲမယ် ပုဒ်မခွဲ တစ်ခုအဖြစ် ထည့်သွင်းသတ်မှတ်လိုက်ရင် ဘယ် လိုနေမလဲ” ဟု သူတွေးသည်။  “အိုး..နိုး..နိုး မဖြစ်ချေဘူး ဟဲ့။ အဲသလို ဥပဒေနဲ့ ကန့်သတ် တင်းကျပ်လိုက်ရင် ကွမ်းယာသည် တွေ၊ ကွမ်းယာပစ္စည်း ရောင်းတဲ့ကုန် သည်တွေ၊ ကွမ်းစွဲနေကြတဲ့ ကွမ်း သမားတွေ ဆိုင်းဘုတ်တွေ ထောင်ပြီး လမ်းပေါ်တက်လာကြမှာပေါ့။ ဆိုင်း ဘုတ်တွေမှာ (မြန်မာ့ယဉ်ကျေးမှု ကွမ်းဓလေ့ကို တားမြစ်ခြင်းတွေရပ်) ဆိုပြီး စာလုံးနီကြီးတွေနဲ့ ဆန္ဒဖော် ထုတ်လာကြရင်…အခက်” ဟု တွေး ကာ စီဂျေသည် ပင့်သက်တရွှီး ရွှီး မှုတ်နေမိတော့သည်။ မကြာမီ စီဂျေသည် လွယ်အိတ် ထဲမှ ကွမ်းယာထုပ်ကို ထုတ်ယူ ၍…။ ကွမ်းတစ်ယာ နှိုက်ယူကာ ပါးစပ်ထဲသို့ ပစ်သွင်းပြီး နောက်ခဏ နေလျှင် ပလက်ဖောင်း ကျောက်ပြား ဖွေးဖွေးပေါ်သို့ ကွမ်းသွေးတွေထွီခနဲ ထွေးချလိုက်လေသည်။နှမ်းတစ်လုံးထဲနဲ့တော့ ဆီမ ဖြစ်ဘူး။

အများမိုးခါးရေ သောက်ရင် ကိုယ်တွေလည်း သောက်ရမှာပေါ့” ဟု ကလေကချေတွေး တွေးကာ ရှေ့ သို့  လျှောက်လာခဲ့၏။ “အို…အနိဌာရုံတော့တွေ့ပြီ။ fb မှာတင်သင့်၊ မတင်သင့် ပြည်သူ သိသင့် မသိသင့်” ဟု စီဂျေတွေးနေ သည်။ (….) ဈေးကြီးအနီး လမ်းဘေးမြေကြီးပေါ်မှာ အသက် (၃ဝ) ခန့် စုတ်စုတ်ပြတ်ပြတ် မိန်းမ တစ်ယောက် ထိုင်နေသည်။ သူ့ရှေ့ မှာ မိုးကာဖျင်အစုတ်ကလေး ခင်း ထား၍ ထိုအပေါ်မှာ ပုဆိုးစုတ် တစ် ခုဖြင့်မလုံမလဲ ပတ်ထားသော ၆ လ သားအရွယ် ကလေးငယ်တစ် ယောက်။ ပုဆိုးစုတ် လွတ်နေသော ခြေနှစ်ဘက်၊ လက်နှစ်ဘက်နှင့် ဝမ်းဗိုက်တွေမှာ နနွင်းတွေ လူးထား လိုက်တာ ဝါထိန်လို့။ “ကျွန်မသားကလေး မတော်တ ဆ ရေနွေးပူ လောင်သွားလို့ ပါရှင့်။ ဆေးဝယ်စရာ ပိုက်ဆံမရှိလို့ တစ် ကျပ်တစ်ပြား သနားကြပါရှင့်။ က လေးအဖေ ဆုံးသွားတာလည်း မကြာ သေးပါဘူး” အမျိုးသမီးက ငိုသံပါလေးနှင့် ခခယယ တောင်းဆိုရှာသည်။ က လေးခေါင်းရင်းဘက်မှာတော့ ငါး ဆယ်တန်လေး သုံးလေးရွက် ။ ရာ တန်ကလေး နှစ်ရွက်တွေ့ရ၏။ က လေးကအိပ်လို့။ စီဂျေသည် တမဟုတ်ချင်း သနားဂရုဏာစိတ်တွေ ယိုဖိတ်လာ ကာ အိပ်ကပ်ထဲမှ ကျပ်တစ်ထောင် တန် သုံးရွက်ထုတ်ယူ၍ အမျိုးသမီး ကို လှမ်းပေးသည်။ “ဒီမယ် ငါ့ညီမကြီး။ ဆေး… ဆေးရုံကို အမြန်သွား။ ဟာ… ဟုတ်သေးပါဘူး။ ဆေးရုံသွားရင် ရွာလည်ပြီး တိုင်ပတ်သွားမှာပေါ့။ ဆေးဆိုင်ကိုသွား။ အပူလောင်တဲ့ အနာမှာထည့်တဲ့ လိမ်းဆေးသွား ဝယ်ချေ။ ပြီးတော့ ကလေးကို ဆေး ပါးပါးလေးလူးပေး။ ငါပြောတာ မှတ် မိတယ်နော်…

” စီဂျေက ဆရာဝန်တစ်ယောက် ၏ လေသံမျိုးဖြင့် ညွှန်ကြားနေ သည်ကို အမျိုးသမီးက “ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ” ဟု တတွတ်တွတ် ရေ ရွတ်ရင်း ခေါင်းတညိတ်ညိတ်။ ” ကနေ့အဖို့ကတော့ သတင်းမ ရပေမယ့် ကုသိုလ်တော့ အကြီးကြီး ရသွားပဟေ့” ဟု စီဂျေက မဟာဂရု ဏာရှင်ကြီးတစ်ဦး၏ ပီတိမျိုးဖြင့် တလှိုက်လှိုက် ကြည်နူးနေသည်။ ငွေ သုံးထောင် ကူညီခဲ့ခြင်းကို နည်းများ နည်းနေသလားဟုလည်း တွေးမိ သည်။ မတတ်နိုင်။ သည့်ထက်လည်း ပိုပြီး မလှူနိုင်…။ နောက် ၁ဝ ရက်လောက်ကြာ သောအခါ။ စီဂျေသည် သူအရောက် အပေါက် နည်းသော ရန်ကုန် အရှေ့ပိုင်းရှိ ဈေးကြီးတစ်ဈေးအနီးသို့ ရောက်သွား၏။ “သနားကြပါရှင်၊ သနားကြ ပါရှင့်၊ ကျွန်မသားကလေး ရေနွေးပူ မတော်တဆလောင်လို့ပါ။ ဆေးဖိုး ဝါးခ ဆေးရုံစရိတ်ကလေးများ စွန့် ကြဲ တော်မူကြပါရှင့်…အဟင့် ဟင့်” အသံလာရာသို့ စီဂျေကြည့် လိုက်သောအခါ။ထောင်းခနဲ ဒေါ ကန်မိတော့သည်။ “ကြည့်စမ်း..ကြည့်စမ်း။ ဟို တလောက အနောက်ပိုင်း ဈေးနား မှာတွေ့လို့ ငါလက်ဖက်ရည် အငတ် ခံပြီး အလှူငွေထည့်ခဲ့တဲ့ မိန်းမနဲ့က လေး။ ဟိုတစ်ခါလိုပါပဲ။ ကလေးက နနွင်းတွေနဲ့ ဝါထိန်လို့။ ပုဆိုးစုတ် ကလေး ပတ်လျက်အိပ်ပျော်လို့။”ကြံကြံဖန်ဖန် အကြံအဖန်လုပ် ပြီး လိမ်ညာတောင်းရမ်းတဲ့ သတ္တဝါမ ပါကလား။ ကလေးကိုကား ဆေးတွေ တိုက်ပြီး အိပ်ပျော်အောင် သိပ်ထား သလဲမသိဘူး။ ကလေးခမျာ သနား စရာ။” လောကကြီး ဖောက်ပြန် ပျက် စီး နေပါပြီဗျို့” ဟု အော်ဟစ်မိမှာ စိုးသဖြင့် စီဂျေသည် ကလိန်ကကျစ် သူတောင်းစားမနှင့် ဝေးရာဆီသို့ ကဆုန်ပေါက်၍ ပြေးပြီတည်း။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*