သံတွဲကို တူးဖော်ခြင်း -၁

သံတွဲကို တူးဖော်ခြင်း -၁
September 28, 2017 Leanne Win
သံတွဲကို တူးဖော်ခြင်း -၁

 

ဒီအစီအစဉ်ဟာ ‘ကျွန်တော် တို့ ရှေ့က ကြယ်ပွင့်များ’ကို လှမ်းကြည့်တဲ့အစီအစဉ်။ လွမ်းကြည့်တဲ့ အစီအစဉ်ပဲ ဖြစ်ပါ တယ်။ ဒီအစီအစဉ်မှာ မြန်မာ့မဂ္ဂဇင်း ဟောင်းတွေပေါ်မှာ လင်းလက်ပြခဲ့ ကြတဲ့ ကဗျာဆရာကြီးတွေရဲ့ ကဗျာ တွေကို မတို့မထိ မူရင်းမပျက်၊ မူရင်း အလှအတိုင်း ဖော်ပြသွားမှာဖြစ်ပါ တယ်။ အခုအပတ်မှာတော့ သံတွဲမြို့ ကို စတင်တူးဖော်ကြည့်သွားမှာပါ။ ကဗျာတွေကိုလည်း သူ့မူရင်းသရုပ် ဖော်ပုံလေးတွေနဲ့ပါ ကြိုးစားဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ်။ ပထမဦးစွာ သံတွဲကဗျာဆရာဖြစ်တဲ့ ဆရာမောင် သင်းမွန် (သံတွဲ)ရဲ့ ‘တံခါးဖွင့်၍ စောင့်ကြိုပါ’ ကဗျာကစပြီး ဖော်ပြ လိုက်ပါတယ်။

တံခါးဖွင့်၍ စောင့်ကြိုပါ
မီးအိမ်ကိုမြှင့်၊ တံခါးဖွင့်၍
ပန်းပွင့်ပန်းလွှာ၊ ချိုမျက်နှာနှင့်
ကြိုပါစောင့်ပါ မောင့်သက်လျာ။
မောင်လာသည့်လမ်း၊ သစ်ရိပ်လမ်းက
တောပန်းမွှေးမြ၊ အပွင့်လှလည်း
နှမပန်ဖို့ ခူးခဲ့မည်။

မောင်လာသည့်လမ်း၊
မြိုင်တော တန်းက
ရည်ရွှမ်းချိုပျား၊ သစ်သီးများလည်း
သက်ထားစားဖို့ ဆွတ်ခဲ့မည်။
မောင်လာသည့်လမ်း၊
မြစ်ဆိပ်ကမ်းက
ချမ်းမြစိမ်းစို၊ မြစ်ရေချိုလည်း
ညိုထွေးသောက်ဖို့ ခပ်ခဲ့မည်။

မောင်လာသည့်လမ်း၊ အထမ်းသမား၊ ကုန်သည်များမှ၊ ရွာဈေးတန်းက
ဝတ်စားတန်ဆာ၊ မှုံနံ့သာလည်း
သက်လျာပေးဖို့ ဝယ်ခဲ့မည်။
မောင်လာသည့်လမ်း၊ ရွာဝင်လမ်းက
ချမ်းမြေ့နားမှာ၊ မင်္ဂလာနှင့်
တိုင်းရွာပြည်ကား၊ သတင်းများလည်း
စကားလက်ဆောင် သယ်ခဲ့မည်။

အို . . . မောင့်လာလမ်းက
မြေကြမ်းတလင်း၊ ပန်းမခင်းဘဲ
မလင်းကြယ်ရောင်၊
မှိုင်းပျ မှောင်လည်း
လှခေါင်ညက်ကျည်း၊

ငယ်တင့်ရည်းက
မီးအိမ်ကိုမြှင့်၊ တံခါးဖွင့်၍
ပန်းပွင့်ပန်းလွှာ၊ ချိုမျက်နှာနှင့်
ပျူငှာခွန်းချွေ၊ ဧည့်ဝတ်ကျေလျက်
ရေပူရေချမ်း၊ ကွမ်းဆေးကမ်းလော့
အပန်းမောင့်မှာ ပြေပါပြီ။

ဒီဆရာမောင်သင်းမွန် (သံတွဲ) ရဲ့ကဗျာလေးက ၁၉၆၂ – ၆၃ ခုနှစ် ဝန်းကျင်သွေးသောက် မဂ္ဂဇင်းထဲက ကဗျာဖြစ်ပါတယ်။ ကျွန်တော်တစ် ဆင့်ကူးယူတဲ့ သွေးသောက်မဂ္ဂဇင်း က အရမ်းကို ကြွရွပျက်စီးနေပါတယ်။ ကျွန်တော်အသက်မရှူဘဲ ကူးယူဖော် ပြပေးခြင်းသာဖြစ်ပါတယ်။

ဟုတ်ကဲ့။ ကျွန်တော်နောက် ထပ် ကူးယူဖော်ပြပေးမယ့် သံတွဲသား ကဗျာဆရာကတော့ ‘မောင်ကြည်လျှံ (သံတွဲ)ဖြစ်ပါတယ်။ ဆရာ မောင် ကြည်လျှံ (သံတွဲ)ရဲ့ ကဗျာက ‘မုန်း သည် ချစ်သည် မရေလည်’ တဲ့ ဗျာ။

မုန်းသည် ချစ်သည် မရေလည်
တမြန်နေ့က၊ ဝါသွေ့ချောက်ချောက်
မြက်မပေါက်သည့်၊

တစ်ယောက် တည်းနေ
မုန်းသူ့မြေကို၊ ခြေမတင်စဖူး
အသွားထူးဖြင့်၊ လမ်းကူးကြုံချေ
နှင်းဆီပင်ဆို၊ မမြင်ချင်တတ်
သူမြတ်နိုးရာ၊ ကိုယ်လောက်သာဟု
မနာလိုစိတ်၊ ပြည့်ယိုဖိတ်သော
အတိတ်ဟိုစဉ်၊ ချစ်သဘင်ကို
ရင်ဝယ်အမှတ်ရမိသည်။

အော် . . . မုန်းစိတ်ကဲနှင့်
ဖဲကြဉ်၍နေ၊ မုန်းသူ့မြေမှာ
နီဝါပွင့်ဦး၊ နှင်းဆီဖူးတွေ
ဆူးဝေဝေနှင့် ပွင့်နေချေလား
စွန်ဖျားလှမ်းကြည့်၊ သူမသိခဲ့။
စောင်းအငဲ့ဝယ်၊
စပယ်ဝတ်ရည် မွှေးပျံ့ကြည်မို့၊

အော် …မုန်းသည်သာဆို
နှင်းဆီကဖြင့် တညိုတထွာ
မပျိုးပါသော
သက်လျာပွင့်ပန်း ချစ်သူနန်းမှ
ခြေလှမ်းတုံ့ဆုတ်မိတကား။

ဒီကဗျာမှာတော့ ဆရာဗဂျီ အောင်စိုးရဲ့ သရုပ်ဖ်ာနဲ့ ဖော်ပြခဲ့တာ ပါ။ သွေးသောက်မဂ္ဂဇင်း အမှတ် ၁ဝ၅၊ ၁၉၆၁ ခုနှစ်၊ ဇွန်လလို့ ဖော်ပြ ထားပါတယ်။

အခုလို အထောက်အထားတွေ အရ သံတွဲသားကဗျာဆရာတွေဟာ နှစ်ကျပ်တန် မဂ္ဂဇင်းခေတ်ကတည်း က သံတွဲကဗျာကို ဖြန့်ကျက်ထား နိုင်ကြသူများ ဖြစ်ပါတယ်။

ကျွန်တော်ကတော့ သံတွဲကို အလေးပြုတယ်။

ကိုငြိမ်း (မန္တလေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*