ကျောင်းပျော်ကြီး ကျွန်တော်(၂)

ကျောင်းပျော်ကြီး ကျွန်တော်(၂)
September 14, 2017 Leanne Win
ကျောင်းပျော်ကြီး ကျွန်တော်(၂)

ပိတောက်ကျောင်း

ကျွန်တော်ပညာသင်ခဲ့သော ကျောင်း များအကြောင်းပြောလျှင် ကျွန်တော်တို့ရွာက ပိတောက်ကျောင်းခေါ် ဘုန်းတော်ကြီး ကျောင်းအကြောင်းကိုလည်း ထည့်ပြောဖို့ လိုပါလိမ့်မည်။ အကြောင်းမူ ကျွန်တော်သည် ဆရာလေးဦး သန်းမောင်၏ မူလတန်း ကျောင်းကို တက်နေချိန်မှာပင် ပိတောက် ကျောင်း၏ အရိပ်အာဝါသကို ခိုလှုံရသော ကြောင့် ဖြစ်သည်။ မူလတန်း ကျောင်းသည် ပိတောက်ကျောင်းဝင်း ထဲမှာပင်ရှိသည့် အတွက် ပိတောက်ကျောင်း၏ အရှိန်အဝါ သြဇာသည် မူလတန်း ကျောင်းသို့လည်း သက်ရောက်ပါသည်။ ကျွန်တော်သည် ပိတောက်ကျောင်းမှာလည်း ဘုန်းကြီး ကျောင်းသားအဖြစ် ‘အချိန်ပိုင်း’ နေဖူး ပါသည်။ ကျောင်းပိတ်ရက်များတွင် ဘုန်း ကြီးကျောင်းမှာ နေ့ခင်းပိုင်းနေပြီး ညမအိပ် ဘဲ အိမ်ပြန်မြဲဖြစ်သည့်အတွက် အချိန်ပိုင်း ဘုန်းကြီးကျောင်းသားဟု ဆိုရခြင်းဖြစ်ပါသည်။

ပိတောက်ကျောင်း၏ ကျောင်း ထိုင် ဆရာတော်မှာ ‘ဦးဝိစာရိတ္တ’ ဖြစ်သည်။ ရွာ သားများကတော့ ‘ဦးပဉ္စင်း မောင်ညွန့်’ဟု ခေါ်ကြသည်။ ကျွန်တော့်မိဘများမှာ ဆရာ တော်နှင့် ခင်မင်ရင်းနှီးသော ဒကာ၊ ဒကာမ များဖြစ်သည်။ အဖိတ်၊ ဥပုသ်ကျောင်း ပိတ် ရက်များနှင့် နွေရာသီကျောင်း ပိတ်ရက်ရှည် များတွင် အမေက ကျွန်တော့်ကို ဘုန်းကြီး ကျောင်းသို့ ပို့ထားလေ့ရှိသည်။ မှတ်မိနေ သည်မှာ ဆရာတော်က ကျွန်တော့်ကို ရှစ် လုံးဘွဲ့ကဗျာများ သင်ပေးခြင်း ဖြစ်သည်။ ‘အတ္ထိဣမသ္မိံကာယေ ကေသာလောမာနခါ ဒန္တာတစော’ အစရှိသည်ဖြင့် သုံးဆယ့်နှစ် ကောဋ္ဌာသကို ဆင်ခြင်နှလုံးသွင်းရသည့် ဂါထာကိုလည်း သင်ပေးပါ သည်။ ‘ကေသာ-ဆံပင်၊ လောမာ-မွေးညင်း၊ နခါ – ခြေသည်း လက်သည်း၊ ဒန္တာ – သွား၊ တစော-အရေ စသည်ဖြင့် ရေတွက်ပြီး နောက်ဆုံးမှာ ‘မုတ္တံ- ကျင်ငယ်’ ဟူ၍ အဆုံးသတ်သော ထိုဂါထာ ကို ထိုစဉ်ကပင် အလွတ်ရပါသည်။ တစ် သက်လုံး အသုံးဝင်သော ဂါထာဖြစ်သည်။

တစ်နေ့နံနက်တွင် ပိတောက် ကျောင်း မှ ကြေးစည်များ၊ မောင်းများ အဆက်မပြတ် တီးခတ်သည့်အတွက် ရွာသူရွာသားများ ကျောင်းသို့ အပြေးအလွှား သွားကြည့်ရာ မကြာမီကမှ ပျံလွန်တော်မူသွားပြီဖြစ်သော ဆရာတော်၏ ရုပ်ကလာပ်ကိုသာ ဖူးမြော်ကြ ရပါတော့သည်။ ဆရာတော် နေထိုင် မကောင်းဖြစ်နေပြီး ဆေးဝါးကုသရင်း ပျံတော်မူခြင်း ဖြစ်သည်။ ရွာသူ၊ရွာသားများ ကြေကွဲစွာ ငိုယိုကြသည့်အသံသည် ကျောင်း ပတ်ဝန်းကျင်တွင် အဆက်မပြတ်ပေါ်လာ ပါသည်။ ဘုန်းကြီးပျံပွဲ မကျင်းပမီ ဆရာ တော်၏ ရုပ်ကလာပ်ကို စံကျောင်းချ၍ ပူဇော်ခံသည်။ ရွာမှ ပန်းထိမ်ဆရာက ‘ဦးဝိစာရိတ္တ’ ဟူသော ဆရာတော်၏ဘွဲ့ တော်ကို ငွေဖြင့် စာလုံးကြီးများ ခံ့ခံ့ညားညား သွန်းလုပ်ပေးသည်။ ညစဉ် ပရိတ်အဖွဲ့များ က ဆရာလေးဦးသန်းမောင် ရေးစပ်ပေး သော ‘ရွှေကျုံတနီး၊ ကျောင်းကြီးပျော်မှီ၊ ဦးဝိစာရိတ္တဘွဲ့သအမည်+ အစချီသည့် ဆရာတော်၏ ဂုဏ်ကျေးဇူးဘွဲ့ဖြစ်သောရှစ် လုံးဘွဲ့ ကဗျာကို ရွတ်ဆိုပူဇော်သည်။

ညစဉ် တရားပွဲများ ကျင်းပသည်။ ဆရာတော်၏ သာဓုကိဠနသဘင်ကို ပြာသာဒ်များ၊ လောင် တိုက်များဖြင့် ခမ်းခမ်းနားနား ကျင်းပသည်။ ဆိုင်းအဖွဲ့နှင့် အဆိုတော်များက ဧယင် ကျူးသည့် အစီအစဉ်ဖြင့် ဆရာတော်ကို နောက်ဆုံးပူဇော်ပြီး မီးသင်္ဂြိုဟ်ကြပါသည်။  ပိတောက်ကျောင်းတွင် ဆက်လက် ကျောင်းထိုင်သော ဆရာတော်မှာ ဆရာ တော် ဦးနာဂဖြစ်သည်။ ဆရာတော်သည် ပိတောက်ကျောင်း၏ ခေါင်းရင်းဘက်ရှိ သိမ် တော်မှာ တစ်ပါးတည်း သီတင်းသုံးသည်။ သိမ်တော်မှာ ခြေတံရှည် အဆောက်အအုံ ဖြစ်သည်။ အပေါ်သို့လှေကားဖြင့် တော် တော်မြင့်မြင့်တက်ရသည်။ ဆရာတော် သီတင်းသုံးသည့် အခန်းပတ်လည်တွင် စာအုပ်များဖြင့် ပြည့်နေသည်။

ဆရာတော်ကို စာဖတ်နေ သည့်အသွင်ဖြင့်သာ တွေ့ရလေ့ ရှိပါ သည်။ တစ်နေ့တွင် ကျွန်တော်သည် ဆရာတော်သီတင်းသုံးသည့် သိမ်အောက် မှာထောင်ထားသော သင်ပုန်းကို ကြည့် လိုက်ရာ ‘သုံးဆယ့် တစ်ဘုံ’ဟု ခေါင်းစဉ်တပ် ပြီး ဘုံနာမည်များရေးထားသည်ကို တွေ့ရ သည်။ ထိုစဉ်သိမ်အပေါ်ထပ်မှ ဆရာတော် က ကျွန်တော်ရောက်နေမှန်းသိ၍ လှမ်း ပြောသည်။ “၃၁ ဘုံနာမည်တွေကို ကိုရင် တွေရော၊ ကျောင်းသားတွေရော အားလုံးအ လွတ်ကျက်ပြီးနေပြီ။ မင်းတစ်ယောက်ပဲ ကျန်တော့တယ်။ ရအောင် ကျက်လိုက်” ဟူ၍ဖြစ်သည်။ ကျွန်တော်လည်း ‘မှန်ပါ့ ဘုရား’ဟုပြန် လျှောက်ထားပြီး ၃၁ဘုံနာမည် များကို တစ်ထိုင်တည်း အလွတ်ကျက်ပါတော့ သည်။ ‘ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ အပါယ်၎ဘုံ’၊ အစချီပြီး ဗြဟ္မာဘုံ ၂ဝ မှ နောက်ဆုံးဖြစ်သော ‘နေဝသညာ နာသညာ ယတနဘုံ’ အထိ ၃၁ဘုံ နာမည်များကို အသံထွက်ပြီး ကျက်လိုက်ရာ မကြာမီမှာပင် အလွတ်ရသွားပါသည်။ သိမ်ပေါ်သို့ တက် သွားပြီး ‘တပည့်တော် ကျက်ပြီးပါပြီ ဘုရား’ ဟု ဆရာတော်ကို လျှောက်ထားကာ အလွတ် ရွတ်ဆိုပြလိုက်ရာ ဆရာတော်က ကျေနပ် သည့် အမူအရာဖြင့် ပြုံးပြီး ‘အေး အေး’ ဟု အမိန့်ရှိပါသည်။ နောက်မှ ထို ၃၁ ဘုံ နာမည်များမှာ ကျောင်းသားတွေ၊ ကိုရင် တွေကို အလွတ်ကျက်ခိုင်းဖို့ ကျွန်တော် ကျောင်းမလာခင် ထိုနေ့ နံနက်ကမှ ဆရာ တော် ရေးထားခြင်း ဖြစ်ကြောင်း၊ ဘယ်သူမှ မကျက်ရ သေးကြောင်း သိရပါသည်။

ထိုဖြစ် ရပ်မှာ ကျွန်တော့်အတွက် အမှတ်တရ ဖြစ်ပါသည်။ ဆရာတော်ကျက်ခိုင်း၍ ကျက် လိုက်သော ၃၁ ဘုံ အမည်များသည် ကျွန်တော်အဖို့ တစ်သက်လုံး အသုံးဝင်သည့် ကိုးကားစရာများဖြစ်ပါသည်။ကျွန်တော် မြန်မာစာ ဂုဏ်ထူးတန်းတက်စဉ် ပျို့သင် ကြားသော ဆရာမကြီးက ဗြဟ္မာဘုံနာမည် များ မေးသောအခါ ကျွန်တော်က ဒိုးဒိုး ဒေါက်ဒေါက် ဖြေလိုက်နိုင်ပါသည်။ ကိုးခန်း ပျို့မှ ကမ္ဘာကြီးကို ရေဖျက်သည့်အခါ သုဘကိဏှဗြဟ္မာဘုံ အောက်အထိ ရေတက် သည့်အ ကြောင်းကို ‘သုဘကိဏှအောက်၊ ဘုံ တစ်လျှောက်ကို၊ လမ်းပျောက်နိုင်အောင်၊ ဖြည့်လျှမ်းဆောင်သား၊ ရေတောင်မောက် ဖြိုး၊ ရွာသည့်မိုး’ ဟု ဖွဲ့ထားရာ ထိုစာပိုဒ်၏ အဓိပ္ပာယ်ကို ကျွန်တော်အခက်အခဲမရှိ နား လည်ခြင်းမှာ ၃၁ဘုံနာမည်များကို ငယ်စဉ်က အလွတ်ရပြီး စိတ်ထဲမှာ စွဲမြဲစွာ မှတ်မိနေ သည့် အကျိုးကျေးဇူးပင်ဖြစ်ကြောင်း သဘော ပေါက်ပါသည်။  ပိတောက်ကျောင်းမှာ ‘အချိန်ပိုင်း ဘုန်းကြီးကျောင်းသား’ လုပ်နေစဉ် ရွာကို သူပုန် ဝင်စီး၍ ရွာနှင့်ခွဲခွာခဲ့ရသည့်အတွက် ပိတောက် ကျောင်းနှင့်လည်း ထာဝရခွဲခွာခဲ့ရပါသည်။ အင်းကန်ရွာ၊ အုတ်ဖိုကျောင်း၊  မူလတန်းကျောင်း ဘုန်းတော်ကြီးကျောင်းနှင့် ရေစက်ဆုံခဲ့ သော ကျွန်တော်သည် အထက်အညာဒေသ၊ ကျောက်ပန်း တောင်းမြို့နယ်၊ အင်းကန်ရွာရှိ ဆွေမျိုးများထံမှာ တစ်နှစ်ခန့်နေရစဉ် အတွင်းမှာလည်း အုတ်ဖိုကျောင်းခေါ် ဘုန်းကြီးကျောင်းမှာ ပညာဆက်သင်ရပါ သည်။ ၁၉၄၉ ခုနှစ်တွင် ပြည်တွင်းဆူပူ သောင်းကျန်းမှုများဖြစ် ပွားချိန်၌ ရွာပျက်ပြီး ကျွန်တော်တို့ မိသားစု မိခင်၏ညီမရှိရာ အင်းကန် ရွာကြီးသို့ သွားရောက်ခိုလှုံစဉ် ကျောင်းနေရခြင်းဖြစ်သည်။  ဦးကလျာဏခေါ် ဦးပဉ္စင်းက လောကုတ္တရာ စာများသင်ကြားပေးသည်။ ကျွန်တော့်မှာ ဘဘသင်ပေးသော ဆယ် စောင်တွဲမှ ပရိတ်ကြီး ၁၁ သုတ်ကို ဆက် သင်ရသည်။

စာရေးသည့်အခါ သစ်သား သင်ပုန်းမှာ ကျောက်တံဖြင့် ရေးရသည်။ အလျားရှည်ရှည်၊ အနံတိုတိုထောင့် မှန် စတုဂံ လေးထောင့်သစ်သားပြားကို မီးသွေး နှင့် ထမင်းရည်ထူထူသုတ်၍ နေလှန်းပြီး ခြောက်သောအခါ ကျောက်တံဖြင့် ရေးရ ခြင်း ဖြစ်သည်။ ဦးပဉ္စင်းက တက်ပေးသော စာကို သင်ပုန်းမှာရေးပြီး အလွတ်ကျက်ရ သည်။ စာရပြီဆိုလျှင် ဦးပဉ္စင်းရှေ့မှာ လက်အုပ်ချီပြီး စာကို အလွတ်ပြန် ဆိုရ သည်။ မထောင့် မထစ်ဘဲ ချောချောမောမော ဆိုနိုင်လျှင် ဦးပဉ္စင်းက စာအသစ်ထပ်တက် ပေးသည်။ စာထစ်နေလျှင် ထိုစာကိုပင် ကျေ အောင်ထပ်ကျက် ခိုင်းသည်။ ကျောင်းသား တစ်ယောက် နှင့်တစ်ယောက် သင်ရသည့်စာ ချင်း ထပ်တူမတူပါ။ ပရိတ်ကြီး ၁၁သုတ် သင်ပြီးတော့ ‘သဒ္ဒါနုသာရီသတ် ပုံလင်္ကာ’ကို ကျက်ရပါသည်။ ‘ရတနာညွှန့်လန်း၊ သုံးခိုင် ပန်းကို၊  ဦးစွန်းထိပ်ဗွေ၊ ကြိုင်သင်စေ လျက်’ အစချီ၍ လေးလုံးစပ် လင်္ကာဖြင့် ရေး ထားသောသတ်ပုံကျမ်းဖြစ်သည်။ (မှန် ကင်းဆရာတော် ဦးဝိသုဒ္ဓ ရေးဖွဲ့သော သတ်ပုံကျမ်းဖြစ်၍ ကုန်းဘောင်ခေတ်တွင် ပေါ် ပေါက်ကြောင်း နောင်အခါတွင် လေ့ လာသိရှိရပါသည်။) မြန်မာစာပေ လေ့လာသောအခါ ထိုလင်္ကာကို အလွယ် တကူ ရွတ်ဆိုကိုးကားနိုင်သည့်အတွက် အကျိုးရှိပါသည်။

ပါဠိဆန်သော ရေးထုံးများ အကြောင်း ပြောဆိုသောအခါ “တထွေဆိုရိုး၊ ပဇ္ဇုန်မိုဃ်းတွင်၊ လုံးကြီးတင်၍၊ ငင်ပြန် တုံလတ်၊ ဃကြီးသတ်သည်၊ ပညတ်စဉ်က ရေးထုံးတည်း”ဟူသော အဖွဲ့ကို သတိရ ပါသည်။ ကျွန်တော်တို့ ငယ်စဉ်က ပထဝီ ဝင်စာအုပ်တွင် ‘မြန်မာနိုင်ငံ၌ မိုဃ်းရွာ သွန်းခြင်း အကြောင်း’ဟု ‘မိုဃ်း’ကို ဃသတ် နှင့်ရေးသော ရေးထုံးကိုလည်းသတိရပါသည်။  အုတ်ဖိုကျောင်းမှာ လောကုတ္တ ရာစာ များ သင်ကြားနေစဉ် ပညာသင်ကြားသည့် ပုံစံသည် ခေတ်မီ မူလတန်းကျောင်းအသွင်သို့ ပြောင်းသွားသည့်အတွက် ကျွန်တော့်မှာ မူလတန်းကျောင်း၊ စတုတ္ထတန်း ကျောင်းသား အဖြစ် အသွင်ပြောင်းရ ပြန်သည်။ ထိုသို့ ပြောင်းလဲခြင်းမှာ ကျွန်တော်တို့မိသားစု နှင့်အတူ ပင့်ဆောင်လာသော ဦးပဉ္စင်းဦးရာ ဇိန္ဒ၏ ကြိုးပမ်းမှုကြောင့်ဖြစ်သည်။ဦးပဉ္စင်းမှာ ကျွန်တော့်မိခင်က ရဟန်းမယ် အဖြစ် ရဟန်းခံထားသော ဦးပဉ္စင်းဖြစ်သည်။

ဦးပဉ္စင်းက မူလတန်းကျောင်းဖွင့်ရန် စိတ် ဝင်စားသည်။ ဆရာတော်နှင့်တကွ ရွာသူ ရွာသားများကလည်း အားပေးသည်။ သို့ဖြင့် အုတ်ဖို ကျောင်းက ဆွမ်းစားကျောင်းဆောင် မှာ မူလတန်းကျောင်းသစ် ဖွင့်လိုက်ပါ သည်။ ဦးပဉ္စင်းက ကျောင်းအုပ်အဖြစ် ဆောင်ရွက်ပြီး စတုတ္ထတန်းအထိ ဘာသာစုံ သင်ကြားပေးသည်။ ရွာမှလူငယ်များက လည်း ကူညီသင်ကြားပေးသည်။ ထိုအချိန် က အင်းကန်ရွာမှာ ရဲဘော်ဖြူများ အုပ် ချုပ်လျက်ရှိရာ ပညာရေးကို တာဝန်ယူသော ပုဂ္ဂိုလ်တစ်ယောက် ကျောင်းသို့လာရောက် စစ်ဆေးသည်ကို မှတ်မိပါသည်။ ရွာမှာယခင် က မူလတန်းကျောင်း ၂ကျောင်းရှိရာ ကျောင်းသစ်ပေါ်လာသောအခါ ၃ ကျောင်း ဖြစ်သွားသည်။ ဦးပဉ္စင်း ဦးရာဇိန္ဒက ကြိုး ကြိုးစားစား သင်သည့်အတွက် ရွာက သဘောကျကြသည်။ သက်ဆိုင်ရာက ကြီးမှူးပြီး ကျောင်း ၃ကျောင်းအတွက် စတုတ္ထ တန်းစာမေးပွဲ ကို

‘အစိုးရစစ်’ ပုံစံဖြင့် စစ်ဆေးသည်။ အခြားကျောင်းတစ် ကျောင်းမှ ကျောင်းသားတစ်ယောက်နှင့် အုတ်ဖိုကျောင်းက ကျွန်တော်တို့ အမှတ် တူ အမှတ်အများဆုံးဖြင့် ပထမရပါသည်။ ၁၉၄၉ ခုနှစ်က စစ်ဆေးသော စာမေးပွဲ ဖြစ်သည်။ ဆုပေးပွဲတွင် ကျွန်တော်တို့ကို ငွေတံဆိပ်တစ်ခုစီ ချီးမြှင့်သည်။ ရွာမှ ပန်းထိမ်ဆရာက ငွေတံဆိပ်လုပ်ပေးသည်။ ငွေတံဆိပ်မှာ ကျွန်တော့်နာမည်နှင့် ပထမ ဆုဆိုသော စာလုံးများ ဖော်ပေးသည်။ လက်ရာတော့ သိပ်မကောင်းလှပါ။ ကျွန်တော့် ဘဝမှာ ပထမဆုံး အောင်မြင်မှုဟု ဆိုနိုင်ပါ သည်။ တိုင်းပြည်အေးအေးချမ်းချမ်း ပြန်ဖြစ် ချိန်မှာ အင်းကန်ရွာကို နှုတ်ဆက်ပြီး ကျွန်တော်တို့ ပြန်လာခဲ့ကြပါသည်။ ရန်ကုန် မှာ ကျွန်တော်တို့ မိသားစုအခြေချသည်။ မကြာမီ ကျောင်းတစ်ကျောင်း တက်ရပြန်ပါ သည်။

မောင်ခင်မင်  (ဓနုဖြူ)

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*