Heineken Beer
Heineken Beer

တက်သစ်စ အနုပညာရှင်တွေအတွက် အကယ်ဒမီ မင်းဦး ရဲ့ အကြံပြုစကား

တက်သစ်စ အနုပညာရှင်တွေအတွက် အကယ်ဒမီ မင်းဦး ရဲ့ အကြံပြုစကား
July 25, 2017 Leanne Win

Min-Oo

လက်ရှိရုံတင်ပြသနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေအပေါ် ပရိသတ်များ လက်ခံအားပေးတာကြောင့် ဝမ်းသာပီတိဖြစ်ရသလို နောက်ထပ်ရုပ်ရှင်ဇာတ်ကားကောင်းတွေ များများပေါ်ထွက်လာနိုင်ဖို့အတွက် အနုပညာသမားအားလုံး ဝိုင်းဝန်းကြိုးစားသွားဖို့လိုအပ်ကြောင်းကို အကယ်ဒမီမင်းဦးက ပြောပါတယ်။

“ရုံတင်ပြသတဲ့ ဇာတ်ကားတွေ အောင်မြင်တယ်ဆိုတော့ အစ်ကိုတို့က ဝမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်ကိုတို့က ဒီလောကထဲမှာနေရတာ။ ဒီလောကနဲ့လုပ်စားရတာ။ အဲဒီတော့ အစ်ကိုတို့လောကကြီး အခုလိုပဲရှင်သန်အောင်ကြီးထွားလာအောင် အစ်ကိုတို့ပဲ ဝိုင်းပြီးကြိုးစားရမှာ။ အစ်ကိုတို့ဒီလောကကြီးက ဒီထက်ပိုပြီး၊ ပိုပြီးတော့ အရည်အချင်း ပြည့်ဝ တဲ့ ဇာတ်ကားတွေ နောက်ပိုင်းကျရင်တော့ များများစားစား ထွက်ရှိ လာလိမ့်မယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရုံတင်ပြသရေးစနစ်တွေလည်း တစ်မျိုး ပြောင်းဦးမယ်လို့ ကြားတယ်။ ရုံပိုင်ရှင်တွေရဲ့ကြိုက်ခြင်း၊ မကြိုက်ခြင်းပေါ် မူတည်ပြီးတော့ ဒီဇာတ်ကားကိုကြိုက်တယ်၊ တင်မယ်ဆိုတာမျိုးတွေ ဖြစ်လာပြီဆိုတော့ ပိုပြီးကောင်းတဲ့ ဇာတ်ကားတွေကို ပိုပြီးတော့ ဝိုင်းပြီးကြိုးစားလာ ကြမှာပါ။ အဲဒီတော့ ဇာတ်ကားကောင်းတွေ ပိုပြီး ပေါ်ထွက်လာမယ်လို့ အစ်ကိုကတော့ ယုံကြည်ပါတယ်” လို့ပြောပါတယ်။

အနုပညာသမားများအနေနဲ့ ရုပ်ရှင်ဇာတ် ကားကောင်းများ ပေါ်ထွက်လာနိုင်ဖို့ ကြိုးစားကြရမှာဖြစ်သလို တက်သစ်စအနုပညာရှင်တွေအနေ နဲ့ကလည်း အနုပညာအလုပ်ကို ရိုရိုသေသေလေးလေးစားစားနဲ့ လုပ်ကိုင်ကြဖို့နဲ့ အနုပညာကို တန်ဖိုးထားဖို့အတွက်ကိုလည်း အကယ်ဒမီမင်းဦးက…

“အစ်ကိုထင်တယ် ဇာတ်ပို့ ဇာတ်ရံကအစ ဘေးမှာလိုက်လာတဲ့ လူတွေကအစ အစ်ကို့အနေနဲ့ ပြောရရင် အလကားလာလုပ်ပေးတဲ့သူ တစ်ယောက်မှမရှိဘူး။ ကိုယ်ကဘယ်လောက် ယူမယ်ဆိုပြီး၊ တန်ရာတန်ကြေးယူထားတယ်။ ယူထားရင် အဲဒီတန်ရာတန်ကြေးနဲ့တန်အောင် ကောင်းအောင်ပြန်လုပ် ပေးရမယ်။ မင်းသားပဲဖြစ်ဖြစ်၊ မင်းသမီးပဲဖြစ်ဖြစ်၊ ဇာတ်ပို့ဇာတ်ရံပဲဖြစ်ဖြစ် အားလုံးပေါ့နော်။ ကိုယ်ယူထားတဲ့ တာဝန်ကို အကောင်းဆုံးဖြစ်အောင်လုပ်နိုင်ရင် အကောင်း ဆုံးပဲ။ အခုကလေးတွေလည်း အဲဒီလိုပဲ။ မင်းသားပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ဇာတ်ကား အတွက်ကျေနပ်တဲ့ ဈေးနဲ့ယူထားတဲ့အတွက် ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်ဖို့၊ ပရော် ဖက်ရှင်နယ် ဖြစ်လာပြီဆိုရင်လည်း ပရော်ဖက်ရှင်နယ်ဆန်ကြဖို့၊ အခုဆိုရင် လူတွေအများ ကြီးနဲ့အလုပ်လုပ်ရတာ။ အစ်ကိုတို့တွေနည်းနည်းလေးလွဲချော်သွားတာနဲ့ ဆုံးရှုံးတာတွေ ကြီးသွားမယ်။ ဒါပရော်ဖက်ရှင်နယ်တစ်ယောက်နဲ့ တစ်ယောက်အလုပ်လုပ်တဲ့အပေါ် မူတည်တယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုတို့ဆိုရင် အမှန်တိုင်းပြောရရင် ဒီအလုပ်နဲ့ ထမင်းစားရတာ။ အဲဒီတော့ အစ်ကိုတို့ဒီအလုပ်ကို လေးစားရမယ်။ ဒီအလုပ်ကို ရိုသေရမယ်။ ကိုယ်ထမင်းစားနေတဲ့အလုပ်မှ မရိုသေဘူးဆိုရင် ဒါကကိုယ့်သဘောပဲလေ ဟုတ်တယ်မလား။ အဲဒီတော့ ကလေးတွေကို ပိုက်ဆံရလို့ပဲဖြစ်ဖြစ်၊ မရလို့ဘဲဖြစ်ဖြစ်၊ ကိုယ်လုပ်ချင်လို့ပဲ ဖြစ်ဖြစ်၊ မလုပ်ချင်လို့ပဲဖြစ်ဖြစ်လုပ်ရမယ့်အရာလေးတွေကိုတော့ တလေးတစားနဲ့ လုပ်ကြပါ လို့ပြောချင်ပါတယ်။ ကျန်တာတော့ ပြောစရာမရှိပါဘူး”လို့ တက်သစ်စ လူငယ်တွေအပေါ် အကြံပြုစကား ဆိုခဲ့ပါတယ်။
အခုလတ်တလောမှာတော့ မင်းဦးက ဒါရိုက်တာ ညီညီဇော် ရိုက်ကူးတဲ့ ‘နယူးဗားရှင်း’ ရုပ်ရှင်ဇာတ်ကားကြီးကို ကျော်ရဲအောင်၊ မင်းမော်ကွန်း၊ ရွှေသမီး၊ နန်းမြတ် ဖြိုးသင်းတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ရိုက်ကူးနေပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*