သူငယ်ချင်းသို့

သူငယ်ချင်းသို့
July 4, 2017 Asian Fame

NayMyoArticle

ဒီနေ့က ငါ့နေရာဆီငါပြန်တော့ ညက မှောင်စပြုပြီ။ မင်းတို့ ရှမ်းစု ဘူတာလမ်းကို ငါဖြတ်ရတယ်။ မင်းတို့ ဘူတာ အနားကို ရောက်တော့ သံလမ်းလူကူး တံခါးကို ပိတ်ထားတယ်။ ငါလည်း ဆိုင်ကယ်ကိုရပ်ပြီး စောင့်နေရတာပေါ့။ ရထား တစ်စင်း လာနေတာဖြစ်မယ်။ ငါဟာစောင့်နေတဲ့ ကား တွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ၊ လူတွေထဲမှာ ငြိမ်သက်ရင်း မင်းတို့ ဘူတာဘက်ကို ကြည့်မိတယ်။ အဲဒီမှာ ငါမင်းကိုသတိရတာ။  မင်းမရှိတဲ့ ဘူတာကလေး က အရင်လိုပါပဲ။ အလင်းရောင် လဲ့လဲ့နဲ့။ ညဆိုင်း တာဝန်ကျ သူတွေနဲ့၊ လမ်းဘေး လက်ဖက်ရည်ဆိုင် ကလေးနဲ့။ မင်းသာရှိရင် ဘူတာထဲ ခဏဝင်နားပြီး စကားစမြည်လေး နည်းနည်းပါးပါး ပြောလို့ရတာပေါ့။ မင်းကမှ မရှိဘဲ။ ငါတစ်ယောက်တည်း။ ကားတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ၊ လူတွေထဲမှာ။ ငါအခုငြိမ်ငြိမ် သက်သက် နေတတ်ပြီ။ အဲဒီ အချိန်မှာ ရထားဟာ ဖြတ်သန်းခုတ်မောင်းသွားတယ်။ ရထားသံလမ်း အစောင့် ဟာ ပိတ်ထားတဲ့ သံတံခါးကို ဖြည်း ဖြည်းချင်း ဖွင့်တယ်။ ကားတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ၊ လူတွေက ဖြည်းဖြည်းရွေ့သွားတယ်။ ညက မှောင်နေပြီ။ ကြယ် ပွင့်ကလေး တစ်ပွင့်က မှိတ် တုတ် မှိတ်တုတ်နဲ့။ ဒါပေမဲ့ ငါ့နေရာဆီကို ငါအရောက်ပြန်နိုင်အောင်ပဲ ကြိုးစားပါ တယ်ကွာ။ ငါ မင်းကို သတိရတယ်။ မင်းနဲ့အတူ ရှိခဲ့တဲ့ လက်ဖက်ရည်ဆိုင်နေ့တွေ၊ ညတွေ ငါမှတ်မိသေးတယ် စိုးအောင်။ ပန်းချီကျောင်းက ငါဆင်းပြီး ၇၃လမ်း  တက္ကသိုလ် အနားမှာ ပန်းချီဆိုင်ဖွင့်တော့ မင်းလွယ် အိတ်ကြီးလွယ်ပြီး ရောက်လာတာကိုလေ။ မင်းဆံပင် တွေကဖွာလို့။ လွယ်အိတ်ထဲမှာ မင်းရေးလက်စ စာမူ တွေ။ မင်းအင်္ကျီက နေလောင်လို့။ မင်းလက်ထဲမှာ ဆေးပေါ့လိပ်တိုနဲ့။ မင်းမှာငါ့ကို ပြောစရာ စကားတွေနဲ့။ မင်းမှာ မျှော်လင့် ချက်တွေနဲ့။ မင်း မှာ ရေးလက်စစာမူတွေနဲ့။ မင်းမှာ ငါ့ကို အသိအမှတ်ပြုမှုတွေနဲ့။

နေမျိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*