ဘုန်းကြီးလျက် သက်ရှည်

ဘုန်းကြီးလျက် သက်ရှည်
May 30, 2017 Asian Fame
ဘုန်းကြီးလျက် သက်ရှည်

Bokalay tint aung

” ဘုန်းကြီးလို့ အသက်မရှည်၊ အသက်ရှည်လို့ ဘုန်းမကြီး” ဟူသော စကားရှိသည်။ အနုပညာလောကမှာ ဘုန်းကြီးသော ပုဂ္ဂိုလ်ကြီးတစ်ယောက် အသက်ရှင်လျက် ရှိနေပါသေးသည်။ စည်သူ ဗိုလ်ကလေးတင့်အောင်။ ၂ဝ၁၇ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် အသက် ၉၅နှစ် ပြည့်တော့မည်။

စာပေ၊ ဂီတ၊ ပြဇာတ် ရုပ်ရှင် လောကတစ်ခွင်မှာ စွယ်စုံရ ပညာရှင် အလွန်ရှားပါသည်။ ကျွန်တော်တို့ သိမီခဲ့၊ ရင်းနှီးခဲ့သော သက်တမ်းတစ် လျှောက် နှစ်ယောက် ရှိခဲ့သည်။ ဘဘဦးသုခ၊ အကိုလေး ဗိုလ်ကလေး တင့်အောင်။ ထိုအနုပညာရှင်ကြီး နှစ်ဦးအနက် ဘဘဦးသုခမှာမရှိ တော့ပြီ။ သည့်နောက်မှာတော့ အစ်ကိုလေး ဗိုလ်ကလေးတင့်အောင်တစ်ယောက်သာ ကျန်တော့သည်။ သားတပည့်တွေ၊ ရင်းနှီးသူတွေက နှစ်စဉ် ဇွန်လကို မျှော်ကြသည်။ နှစ်စဉ်မွေးနေ့ပွဲလေး မွေးနေ့ပွဲကြီး တွေ ကျင်းပခဲ့သည်။ လွန်ခဲ့သော မွေးနေ့မှ နောက်သို့ငဲ့ကြည့်ခဲ့သော် အင်းလျားကန်စောင်းရှိ I.B.C မှ ဦးမောင်ငြိမ်း၊ ပင်ဒါဟိုတယ်ပိုင်ရှင် ဦးစောဝေ၊ တော်ဝင်ပလာဇာ ပိုင်ရှင် ဦးကိုကိုထွေးတို့က စည်ကားစွာ ကျင်းပခဲ့ကြသည်။ ဘေးမှဝန်းရံသူ တွေကလည်း ဒုနှင့်ဒေး။ ဘာကြောင့် လဲ။ လူချစ်လူခင်ပေါလို့ဟု ပြောရပါ မည်။

ဗိုလ်ကလေး(ဦး)တင့်အောင်ကို ရင်းနှီးစွာ ပွဲကြီးကျင်းပပေးလို့ ဘာမှ ကိုယ်ကျိုးမရှိ။ အမြတ်ရစရာမရှိ။ အခွင့်အရေးရစရာမရှိ။ ခရိုနီဖြစ် စရာမရှိ။ သို့သော်သူ့ထံမှ ရစရာ တော့ ရှိပါသည်။ မေတ္တာ၊ ဗဟုသုတ၊ အနုပညာဗဟုသုတ။ သည်လိုနှင့် သူ့အနားမှာ ဝန်းရံနေသူတွေ ပေါလှ သည်။ ယခုလည်း မွေးနေ့နီးပြီ။ အသက် ၉၅ နှစ်ပြည့်တော့မည်။ အနုပညာရှင်မှာ ပင်စင်မရှိ ကြောင်း ဆောင်းပါးတွေ ကျွန်တော် လေးငါးပုဒ် ရေးခဲ့ပါသည်။ ရှေးမြန် မာဘုရင်များကတော့ ဂီတပညာရှင်၊ စာပေပညာရှင်တွေကို ရွာစားတွေ၊ နယ်စားတွေအဖြစ် ချီးမြှောက်ခဲ့ ကြောင်း မှတ်သားခဲ့ရဖူးပါသည်။ သို့သော်သူ့ကျွန်ဘဝ ရောက်ခဲ့ရသော ကာလ လွတ်လပ်ရေးရရှိခဲ့ပြီး သည် ဘက်ကာလမှာတော့ ထိရောက်သော ချီးမြှင့်မှုဟူ၍ မကြားမိခဲ့ရ။

တစ်ချိန်တစ်ခါမှာ အောင်မြင်ခဲ့ သော အကယ်ဒမီရ အနုပညာရှင် ကြီးတွေ ဘဝနေဝင်ချိန်မှာ နွမ်းပါး စွာ ရုန်းကန်ခဲ့ရသည်ကိုသာ အတွေ့ များခဲ့ရပါသည်။ ယခု တစ်ခေတ်မှာ တစ်ယောက်သာ ကျန်သောစွယ်စုံ အနုပညာရှင်ကြီး မွေးနေ့ပွဲကို အနုပညာချစ်သော ရင်းနှီးသူတို့က ဝိုင်းဝန်းပံ့ပိုးကျင်းပကြမည်။ ဗိုလ် ကလေး(ဦး)တင့်အောင်ကိုယ်ပိုင် အား အင်နှင့်တော့ နေအိမ်နားရှိ ကျောင်း မှ သံဃာများသာ ဆွမ်းကပ်ဖို့ စီစဉ် ထားပါသည်။ အကြိုပွဲကို တော်ဝင် ဦးကိုကိုထွေးက စီစဉ်နေသည်။

တကယ်တော့ ဗိုလ်ကလေး တင့်အောင်သည် ပြဇာတ်ခေတ်က ပြိုင်ဘက်ကင်းသော ဒါရိုက်တာ ကြီးဖြစ်ခဲ့သည်။ လက်ဖျားမှာ ငွေသီး ခဲ့သည်။ ၁၉၄၉-၅ဝခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ ပြဇာတ်ခေတ်ကောင်း ခဲ့သည်။ ပန်းဆိုးတန်း ဝင်းဝင်းရုံသည် ဟိုးဟိုးကျော်၏။ ဒါရိုက်တာ လေး ယောက် ရှိသည်။ ဒဂုန်ဆရာတင်၊ ဗိုလ်ကလေးတင့်အောင်၊ ကျွန်တော် ချစ်မောင်၊ သန်းနွဲ့တို့ဖြစ်သည်။ ပြဇာတ် တစ်ထုပ်ကို နှစ်ပတ်ပြသည်။ နှစ်လမှာ ပြဇာတ်တစ်ထုပ် တာဝန် ယူရသည်။ ဒါရိုက်တာကြေး ကျပ် ၁ဝဝဝ ရသည်။ ထို့ကြောင့် တစ်လ ဝင်ငွေ ကျပ် ၅ဝဝ ဖြစ်သည်။ ပြဇာတ်ပိုင်းမှာ ဗိုလ်ကလေးတင့် အောင် သီချင်းရေးရသည်။ တစ်လ မှာ ကျပ် ၆ဝဝရသည်။ အနုပညာ ကြေး ပုံမှန်တစ်လ ၁၁ဝဝ ရသည်။ ရွှေဒင်္ဂါးတစ်ပြား ၁၁၅ကျပ်၊ ၁၂ဝ ကျပ်ခေတ်ဖြစ်သည်။

လက်ဖွာသော ဒါရိုက်တာကြီး က ပေးကမ်းစွန့်ကြဲမှု ရက်ရောသည်။ တပည့်တွေများသည်။ အပေါင်း အသင်းတွေ ပေါသည်။ ဒဂုန်ဆရာ တင် တိုက်ကြီးကြီးမှာ ကောင်း ကောင်းနေနိုင်သည်။ တက္ကသိုလ် မျိုးချစ်နှင့် ခင်အုန်းမြင့်တို့ ၄၇ လမ်း မှာ တိုက်သစ်ကြီးနှင့် စတူဒီဘေကာ ကားသစ်ကြီး စီးနေနိုင်သည်။ ဖိုးပါကြီးနှင့် မေချစ်တို့ ၈၇လမ်း မှာ အိမ်ပိုင်နှင့်နေနိုင်သည်။ ဗိုလ် ကလေးတင့်အောင် ဒါရိုက်တာကြီး အိမ်ပိုင် ကောင်းကောင်းမရှိခဲ့။ အငှားအိမ် မှာနေခဲ့သည်။ ဇနီးဖြစ်သူ ဒေါ်ခင်ရီက ဘာမှမပြောခဲ့။ ၁၉၅၅ ခုနှစ်မှာ ပြဇာတ်ခေတ်ပျက်သည်။ ပြဇာတ်လောကသားတို့ အလုပ်လက် မဲ့ဖြစ်ကြရပြီ။ ဗိုလ်ကလေးတင့် အောင် အိမ်ပြန်လာသည်။ သီချင်း ရေးခြင်း၊ ပြဇာတ်ဒါရိုက်တာ လုပ် ခြင်းသာတတ်ကျွမ်းသော ဗိုလ်ကလေး တင့်အောင် ဘာလုပ်စားရမှန်း မသိ။ အနုပညာ ပင်စင်မရှိ။ စိတ်ပျက်လက်ပျက် အိပ်ရာထဲ ထိုးအိပ်သည်။ ဇနီးသည်က အားပေးသည်။ မထ၊ ရေမချိုး၊ ထမင်းမစား၊ စိတ်ညစ်ညစ်နှင့် ခွေခွေလေး အိပ်နေသည်။

ဒေါ်ရေခဲဟု အမည်ပေး လောက်သော ဒေါ်ခင်ရီ ထိုင်ရာမှ ထသည်။ ဗီရိုဖွင့်သည်။ ကြိုးရှုံ့ အိတ်လေးတစ်ခု ယူလာသည်။ ဗိုလ် ကလေးတင့်အောင်ရင်ခွင်နား မွေ့ရာပေါ်သို့ ရွှေဒင်္ဂါးတွေ တစ်ပြားပြီးတစ်ပြား သွန်ချလိုက် သည်။ စုစုပေါင်း ရွှေဒင်္ဂါး အပြား ၄ဝ။ ဖြုန်းတီးမှုမရှိ သုံးစွဲမှုသာ ရှိသော စာရေးဝန်ထမ်းမိသားစုတစ်စု သုံးနှစ်ကျော်ကျော် ထိုင်စားဖို့ လုံ လောက်သည်။ စိတ်ဓာတ်ကျလာ သော ဗိုလ်ကလေးတင့်အောင် စိတ်ဓာတ်တွေ တက်လာသည်။ အိပ် ရာမှထသည်။ ရေချိုးသည်။ အိမ် ထမင်း၊ အိမ်ဟင်းစားသည်။ အညာ ဒေသမှလာသော သဲအိုးထဲရှိ သောက် ရေအေးအေးက သူ့ရင်ကို အေး စေသည်။ အဝတ်အစားလဲသည်။

ဂီတာတစ်လက်၊ ဇနီးတစ် ယောက်၊ သားတစ်ယောက်နှင့် ၁၉၄၉ခုနှစ်က ရန်ကုန်ရောက်ရှိခဲ့ သော ဗိုလ်ကလေးသားကိုတင့် အောင် ၁၉၅၅ ခုနှစ်မှာ ရှေ့ဘာ ဆက်လုပ်ရမလဲ တွေးရသည်။ အလုပ်ရှာရတော့မည်။ စိတ်ဓာတ် ကျလုဆဲဆဲ ဗိုလ်ကလေးတင့်အောင် တစ်ယောက် အိမ်သူသက်ထား ကြောင့် စိတ်ဓာတ်တွေ ပြန်တက်ခဲ့ရ သည်။ ပျက်သုဉ်းသွားသော ပြဇာတ် လောကမှလမ်းစသစ် ရှာခဲ့သည်။

ဂီတပညာအခြေခံနှင့် စခဲ့ သော ပြဇာတ်လောကမှ ရုပ်ရှင် လောကသို့ ရောက်ခဲ့သည်။ သံတူ ကြောင်းကွဲ အနုပညာလောကထဲမှာ တစ်စိုက်မတ်မတ် လျှောက်လှမ်းခဲ့ ရင်း သူ့အသက် ၉၅နှစ်ပြည့် တော့မည်။ ပြဇာတ်ရုပ်ရှင်၊ စာပေ၊ ဂီတ လောကမှာ သစ္စာရှိစွာ လျှောက် လှမ်းခဲ့သော ဗိုလ်ကလေး တင့် အောင်။ ဝန်ကြီးချုပ် ဦးနုကိုယ် တိုင် လမ်းညွှန်ကြီးကြပ်၊ အကြံပေးမှုနှင့် ၁၉၅၇ ခုနှစ်တွင် မြတ်မွန်ရတနာ ပြဇာတ် ကပြခဲ့ရသည်။ တော်လှန် ရေးကောင်စီခေတ်မှာ ဂီတကောင် စီတာဝန်၊ နဝတ၊ နအဖလက်ထက်၊ သမ္မတကြီး ဦးသိန်းစိန်လက်ထက် တို့မှာ ဆိုကရေးတီးလှုပ်ရှားမှုများတွင် တာဝန်ယူခဲ့ရသည်။

ယနေ့ထိ ရုပ်ရှင်၊ ဂီတလောက မှာ နာယကကြီးတစ်ယောက်အဖြစ်လမ်းညွှန်ထိန်းကျောင်း နေရဆဲဖြစ် သည်။ စွယ်စုံရပညာရှင်ကြီး အသက်ရှည်နေရခြင်းအတွက် အနုပညာလောကအတွက် တန်ဖိုး ကြီးလှပါဘိလို့။ ထိုပုဂ္ဂိုလ်ကြီး အနုပညာလောကမှ လမ်းကြောင်းပြောင်း မသွားဘဲ ပံ့ပိုးထောက်ကူမှု သည် ၁၉၅၅ ခုနှစ်က ဇနီးဖြစ်သူ ဒေါ်ခင်ရီ စုဆောင်းထားခဲ့သော ရွှေဒင်္ဂါး အပြား ၄ဝက အဓိက အရေးပါလှ ပါကြောင်း သိရှိသူတွေ နည်းပါးလှပေသည်။ တကယ်တော့ ကျေးဇူးတင်ထိုက်သူများကို ကျေးဇူး သိတတ်ခြင်းသည် မင်္ဂလာတစ်ပါးပါတဲ့။ ကျေးဇူးကြီးလှပါတယ် အစ်မလေးခင်ဗျား။

မောင်ဆွေသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*