ပြန်လာပါ မေမေ

ပြန်လာပါ မေမေ
May 23, 2017 Asian Fame
ပြန်လာပါ မေမေ

soekp

လောကကြီးမှာ ကျန်းမာရေးဟာ အရေးကြီးဆုံးပါပဲ။ တခြားအရာတွေ ဘာပဲ မပြည့်မစုံရှိနေပါစေ။ ကျန်းမာနေဖို့ က အရေးအကြီးဆုံးပါပဲ။ ကျန်းမာ ရေးကိုလည်း များသောအားဖြင့် ငယ်ရွယ်တဲ့လူငယ်တွေက မသိသေး တာများပါတယ်။ ဘာကြောင့်လဲဆို တော့ ပင်ကိုသဘာဝ နုနယ်ငယ် ရွယ်နေတုန်းမှာ ကျန်းမာရေး ဆိုတာကလည်း အကောင်း ဆုံး အခြေအနေမှာ တည်ရှိ နေတာပါ။ များသောအား ဖြင့် ငယ်ရွယ်သူတွေမှာ ပြေးလွှားခုန်ပေါက်ပေါ့ပါး သန်စွမ်းကြပါတယ်။

ဒီလိုလူငယ်တွေမှာ ကျွန်မလည်းတစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ စားနိုင်သောက်နိုင်တာကလည်း ဘာစားစားတဝတပြဲ စားဝင်ပါတယ်။ ကျောင်းကိုထည့်ပေးတဲ့ ထမင်းဘူးဟာ ကျောင်းမဆင်းခင် ခိုးစားလွန်းလို့ ထမင်းစားချိန်လည်း ဆင်းရော ထမင်းဘူးလည်း ပြောင်ရောပါပဲ။ ဒါလည်းဆာတုန်းပဲ။ ကျောင်းဝင်းထဲက အကြော်သည် အဒေါ်ကြီးဆီမှာ အလုအယက်ဝယ် စားခဲ့ဖူးတာလည်း အမှတ်တရပါ စာဖတ်သူ။ ကျောင်းအားကစားတွေ မှာလည်း ထိပ်ဆုံးမှာ အမြဲလိုလို ပါ ဝင်နေခဲ့တာပါပဲ။ ကျန်းမာကြံ့ခိုင် လွန်းတော့လည်း ဘဝမှာ ပျော်စရာ တွေချည်းပဲ ဖြစ်ခဲ့ပါတယ်။ စိတ်သွားတိုင်း ကိုယ်ပါတဲ့အချိန်ကိုးလေ။

ဒီလိုနဲ့ အိမ်ထောင်တွေဘာတွေ ကျတယ်ပေါ့ စာဖတ်သူ။ အိမ်ထောင်ကျတဲ့အချိန်ကလည်း နည်းနည်း တော့ အရွယ်စောတယ်ပြောလို့ ရပါ တယ်။ ဒါပေမဲ့လည်း ဖူးစာဖက်တယ် ဆိုတာ အသက်အရွယ် အကန့် အသတ်မရှိဘူးထင်ပါရဲ့လေ။ ဒါပေမဲ့ တစ်မျိုးတော့ကောင်းပါတယ်ရှင်။ ကျန်းမာသန်စွမ်းချိန်မှာ သားသမီး တွေကလည်း ငယ်ရွယ်ပြီး ကျန်းမာ သန်စွမ်းတဲ့ မိခင်ကမွေးဖွားတာမို့ ကျန်းမာဖွံ့ဖြိုးပြီး အရပ်တွေလည်း ရှည်ကြပါတယ်။ မကလျာလေး တစ်ယောက်ပဲ သန္ဓေတည်စရက်ပိုင်း လေးမှာ အဲယားပေါ့ကက် ခဏခဏ မိပြီး ခဏခဏ အသည်းအေးကနဲ ဖြစ်အောင် လေယာဉ်စီးမိလို့ထင်ပါရဲ့။ နှလုံးအကန့်တွေ မွေးကတည်းက ရောထွေးနေလို့ အသက်နှစ်ဆယ် လောက်မှ မင်္ဂလာဒုံစစ်ဆေးရုံကြီး မှာ စင်္ကာပူဆရာဝန်ကြီးနဲ့ ပါရဂူဆရာဝန်ကြီးများ အောင်မြင်စွာ ခွဲစိတ်ပေးခဲ့ရပါတယ်။ အခုထိတော့ ဘာမှနှလုံးကထပ်မဖြစ်တော့ပါဘူး။ ဒါဟာ ပထမဆုံး မိသားစုထဲက ကျန်းမာရေးပါ။

ဒီလိုနဲ့ မိသားစုကျန်းမာရေး ကြံ့ခိုင်စွာနဲ့ ဘဝရေစီးကြောင်းမှာ မိသားစု ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ ကြပါတယ်။ ဒီကြားထဲမှာ တခြား မိတ်ဆွေတွေ၊ ဆွေမျိုးတွေလည်း ငယ်သေးလို့ပဲလား မသိပါဘူး။ မကျန်းမာသူတွေ၊ နာရေးကိစ္စတွေ လည်း တရားရလောက်အောင် မတွေ့ခဲ့ပါဘူး။ တော်ရုံတန်ရုံ နာရေး လောက်ဆိုလည်း ဦးစီးမှူးပဲ သွားတာ များပါတယ်။ ကျွန်မက လိုက်မပို့ ဖြစ်တာများပါတယ်။ ဦးစီးမှူးကတော့ “မသာတစ်ခေါက် ကျောင်းဆယ် ခေါက်’ ဆိုပြီး ဝတ္တရားမပျက် အမြဲတမ်း နာရေးကိစ္စတွေမှာ လိုက်ပို့ လေ့ရှိပါတယ်။ ဒီလိုနဲ့ အသက်ကလေး ရလာတော့ ကျွန်မတို့ရဲ့ အဘွားနာရေးကို ကြုံတွေ့ရပါတော့တယ်။ အဘွားက အသက်ခုနှစ်ဆယ့်သုံးလောက်မှာ သတိချွတ်ယွင်းလာပြီး ကျွန်မတို့ မြေးတွေအပါအဝင် သူ့သမက် ကျွန်မအဖေကိုပါ မသိတော့ပါဘူး။ သူသိတာ သူ့ရဲ့တစ်ဦးတည်းသော သမီး၊ ကျွန်မအမေ တစ်ယောက်ပဲ သိပါတယ်။ အမေကလည်း အဘွား ကို သမီးကောင်းပီသစွာ ချေးကလူ သေးကလူ ကအစ ကိုယ်တိုင် လုပ်ကိုင်ပေးပါတယ်။ ထမင်းဟင်းလည်း ခွံ့ကျွေးရပါတယ်။ အဖွားက စကားကို မပြောတော့တာပါ။

အဘွားငယ်ငယ်က အမေ့ထက် တောင်လှပါသေးတယ်။ အရပ်ရှည် ရှည်၊ မျက်လုံးမျက်ဖန်လှလှနဲ့ နှာတံ နှုတ်ခမ်းလေးတွေလည်း သိပ်လှပါ တယ်။ အဘွားအသက်သုံးဆယ်မှာ အဘွားရဲ့ ခင်ပွန်းဆုံးပါတယ်။ အဲဒီ အချိန် ကျွန်မတို့ကို မမွေးသေးပါ ဘူး။ အဲဒီအသက်သုံးဆယ်ကတည်း က နောက်အိမ်ထောင်မပြုတော့ပါ ဘူး။ အိမ်ထောင်ပြုရမှာကို စက်ဆုပ် ရွံ့ရှာလို့တဲ့လေ။ အမေအိမ်ထောင် ပြုတော့ အမေနဲ့သမက်နဲ့ မြေးတွေနဲ့ အတူလိုက်နေပါတယ်။ အဘွားဆုံး တော့ ကျွန်မအမေဟာ အဘွားကို တမ်းတပြီး အမြဲငိုတတ်ပါတယ်။ အဘွားကို တိုက်ကြီးဂျိုးဖြူမှာပဲ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။ ဦးစီးမှူးက သေသေချာချာကြီးကြပ်ပြီး အဘွား အရိုးတွေကို မြေအိုးလေးထဲမှာ ထည့်ပြီးအိမ်ကို ယူလာခဲ့ပါတယ်။ ဦးစီးမှူးက “အဘွားအရိုးတွေလေ”လို့ အိုးလေးကို ခလောက်ပြတော့ ကျွန်မကြည့်ခဲ့မိပါတယ်။ သြော် လူတစ်ယောက်ရဲ့အရိုးနဲ့ ပြာတွေဟာ ဒီအိုးလေးလောက်ပဲ ရှိပါလားဆိုပြီး ပထမဆုံးတရားအတွေ့အကြုံလေး တော့ ရလိုက်သလိုပါပဲလေ။

နောက်ပိုင်းကျွန်မတို့တွေလည်း ကိုယ့်မိသားစုလေးနဲ့အတူ လောက ဒဏ်ကို ရုန်းနေခဲ့ကြတာ အချိန်တွေ ကြာသွားပါတယ်။ ကျွန်မတို့ရန်ကုန် ကို ထားဝယ်ကနေ ပြောင်းလာပြီး တက္ကသိုလ်ရိပ်သာလမ်းသစ်အိမ်ကို မရောက်ခင်လေးမှာ အဖေဖျတ်ကနဲ ဆုံးပါးသွားတာပါပဲ။ မိသားစုအတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်ဖြစ်သလို အမေ့အတွက် နှလုံးအိမ်ကြေကွဲနေတဲ့ နေ့ပါပဲ။ ညဘက် ရုပ်မြင်သံကြား ကြည့်ပြီး လက်ဖက်ရည် အမေဖျော် ပေးတာကို တစ်ဝကြီးသောက်ပြီး အိပ်လိုက်တာမှာ အမေ့ရင်ခွင်ထဲ ခေါင်းဝင်တိုးပြီး အသက်ဆုံးပါးသွား တာပါပဲ။ ခုချိန်မှာ ပြန်တွေးကြည့်ရင် သွေးတိုးကြောင့်ဖြစ်ဖို့များပါတယ်။ အရေးအခင်းကာလနောက်ပိုင်းလေး ဆိုတော့ ဆေးပညာလည်း မတီးမ ခေါက်မိသေးတဲ့ ကျွန်မတို့ အဖေ့နား မကပ်နိုင်သေးခင်မှာ သွေးပေါင်တောင်မချိန်ရ၊ ဆေးမစစ်ရပဲ ကွယ်လွန်ခဲ့ရရှာပါတယ်။

ဘယ်သူဘာပြောပြော စစ်တပ် ခေါင်းဆောင်တွေအပေါ် ဘယ်သူမ ကောင်းပြောတာမှမခံဘဲ စိတ်ဆိုး တတ်တဲ့ အဖေဟာ နိုင်ငံအပေါ် အတတ်နိုင်ဆုံး အလုပ်အကျွေး ပြု သွားတဲ့ စစ်သားအိုကြီးပါ။ နံနက် သုံးနာရီဆိုရင် နေ့စဉ် မပျက်မကွက်တရားထိုင်တဲ့ အဖေဟာ ကွယ်လွန်ပြီးတော့လည်း သမီးအငယ် ဆုံးလေးကို ဘူတာရုံအထိ အမွှေးနံ့ တွေပေးပြီး သွားကြိုခဲ့တာပါ။ အဲဒီအချိန်ကစပြီး အမေလည်း တစ်ချိန်လုံး မျက်ရည်တွေကျနေ တော့တာပါ။ သမီးတွေ အလုပ် နောက်အမြဲလိုက်နေရတဲ့ ကျွန်မက အမေ့နား ရံဖန်ရံခါသာ ကပ်နိုင်ပါတယ်။ ဒါပေမဲ့ ညီမလတ်ရယ်၊ ညီမ ငယ်ရယ်၊ မောင်အငယ်ဆုံးရယ် အမေနားမှာ ရှိလို့နေသာတယ်ဆို ပေမယ့် အမေက ကြေကွဲစိတ်တွေနဲ့ ငိုတာမရပ်တော့ပါဘူး။ ဒါနဲ့ပဲ အိမ် နောက်ဘက်ကပ်လျက်က မိုးကုတ် ဝိဿနာကျောင်းမှာ အမေ တရား စခန်းဝင်ပါတယ်။ အမေပြန်ပြောတာလေး ရေးပါရစေ စာဖတ်သူ။ အမေက တရားထိုင်ရင်း မျက်လုံးမှာလည်း မျက်ရည်တွေစီးကျနေတာပါ ပဲတဲ့။ အဲဒီအချိန်လေးမှာ အမေ့ မျက်လုံးထဲ အရိုးစုကြီးတစ်ခု ပေါ်လာပြီး အောက်ပြုတ်ကျသွား တာတွေ့လိုက်တယ်တဲ့။ ဒီတော့မှ အမေလည်း တရားအသိတွေ ဝင်လာပါတယ်။ မမြဲတဲ့တရားကို သူတော်ကောင်းတွေက အမေ့အသိတရားရအောင် ပြလိုက်တာပါ သမီး တဲ့။ ဒါလည်းဖြစ်နိုင်ပါတယ်။ အဲဒီ အတွေ့အကြုံလည်းရပြီးရော အမေ ဘယ်တော့မှ မျက်ရည်မကျ၊ မငိုတော့ပါဘူးရှင်။

ဒီလိုနဲ့ နောက်ပိုင်းမှာ အမေ လည်း စိတ်ကြောင့်ဖြစ်မယ်ထင်တယ်။ ကျန်းမာရေးတစစ ချွတ်ယွင်းလာ တယ်။ သားသမီးတွေ၊ မြေးတွေလာ ရင် ထမင်းစားပြီး ပျော်နေသလို ဘယ်သူမှမရှိရင် ခွေနေတော့တာပါပဲ စာဖတ်သူရယ်။ သူ့အနားမှာ အမြဲ ရှိနေသူက အမေ့မွေးစားသမီးလေး ကေသီပဲရှိပါတယ်။ သူ့ကျေးဇူးကို မမေ့နိုင်အောင် အမေ့အပေါ်ကို ဂရုတစိုက် ရှိလှပါတယ်။

တစ်ရက်မှာ ကေသီဆီက ဖုန်းဝင်လာတယ်။ အဘွားဘာ ဖြစ်မှန်းမသိဘူး၊ သတိမေ့နေတယ်တဲ့။ နီးတဲ့ဆေးခန်းက ဆရာဝန်ကို အမြန် ခေါ်ပြထားဆိုပြီး ကျွန်မလည်း ပြေးတာပါပဲ။ မြေးတွေလည်း လိုက်လာပါတယ်။ ဟိုရောက်တော့ ဆရာဝန်က လျှာအောက်မှာ ဆေး တစ်လုံးထည့်ပြီး ဆေးလည်းထိုးပေးပါ တယ်။ ပြီးတော့ ကျွန်မတို့ခေါ်တဲ့ ဆေးရုံကားနဲ့ အာရှတော်ဝင်ဆေးရုံ ကို အမြန်သွားပါတယ်။ ဆေးရုံမှာ အမြန်စစ်ဆေး ဓာတ်မှန်ရိုက် အစုံ လုပ်တော့ ဦးနှောက်မှာ သွေးခဲ နေတဲ့ပုံပါပဲ။ ခုခေတ်လိုသာ ခေတ်မီ ရင် ကျွန်မအမေ မသေသေးဘူးရှင်။ နာရီဝက်လောက်အတွင်း ဆေးရုံကို အမြန် အချိန်မီရောက်သွားပေမယ့် အခုခေတ်လို ဦးနှောက်သွေးခဲ ပျော်ဆေးမရောက်သေးတာလား၊ မပေါ်သေးတာလား မသိဘူး။ သွေးကတဖြည်းဖြည်း ပြန့်သွားတော့ တာပါပဲ။ ဆေးရုံကုတင်မှာ အမေ့ လက်ကလေးကို ကိုင်ကြည့်တော့ အမေ့လက်တွေမှာ အင်အားတွေ ပါသေးတယ်။ ကျွန်မလက်ကို တင်းတင်းပြန်ဆုပ်ထားပေမဲ့ အမေ မျက်စိမဖွင့်၊ ပါးစပ်မလှုပ်နိုင်ခဲ့ပါ ဘူး။ ကျွန်မအောက် မောင်လေးက လျင်လျင်မြန်မြန်ပဲ ဘုန်းကြီးချက်ချင်း ပင့်ခိုင်းပါတယ်။ သင်္ကန်းတွေပါ ဝယ်ခိုင်းပြီး အမေသတိလေးရှိချိန် မှာ အမေ့လက်နဲ့ ဘုန်းကြီးတွေကို သင်္ကန်းလှူခိုင်းပါတယ်။ ဒီအတွက် မောင်လေးကို ကျေးဇူးတင်မိပါ တယ်။ ဒါပေမဲ့ အသက်ကယ်ဆေး တွေ ဆေးရုံက တစ်ပုလင်းပြီး တစ် ပုလင်းချိတ်နေပေမယ့် နောက်ပိုင်း အမေခံစားရတာကိုကြည့်ပြီး ဘာမှ မချိတ်ခိုင်းတော့ပါဘူး။ ဆေးရုံမှာ ဆယ်ရက်လောက်နေတော့ အမေ ထွက်ခွာသွားပါတယ်။ အမေ့ရင်ထဲ မှာ တရားတွေရှိပြီး တရားမှတ်နေမလား။ သံယောဇဉ်တွေများမလား မသိနိုင်ပေမယ့် ကျွန်မတို့ မောင်နှမ တွေက အခုချိန်ထိ အမေပြန်လာ မလားလို့ မျှော်လင့်နေဆဲပါ။

တစ်နေ့ကတောင် မောင်အကြီးလေး က မောင်နှမတွေဆီ ဖုန်းဆက်ပြီး ရှိသမျှအမျိုးတွေ စုံအောင် အမေရောက်နေသလား။ သူအိပ်မက် မက်လို့ဆိုပြီး အမေ့ရှာပုံတော် ဖွင့် ခိုင်းပါတယ်။ လောလောဆယ်တော့ အမေ့ကိုသံသယဖြစ်ဖွယ် ရှာမတွေ့ သေးလို့ နိုးပါကွယ်လို့ပဲ မောင်နှမတွေ ကိုပြောမိတယ်။ ဒါပေမဲ့ ဇွဲတော့ မလျှော့သေးပါဘူး။ အမေပြန်လာ မှာ သေချာတယ်။ အရင်ထက်စာ ရင် နီးလာပါပြီ။ ဘယ်သူ့ဆီပဲ ဝင်စားဝင်စား ထိုကလေးသည် တစ်မိသားစုလုံးရဲ့ တစ်ဆွေမျိုးလုံးရဲ့ အချစ်ဆုံး၊ အသည်းတုံးလေးဖြစ်မှာ သေချာပါတယ်။ ကျွန်မလည်း မနက် တစ်ခါ၊ ညတစ်ခါ အမေ့ကို အမျှဝေရင်း “ပြန်လာပါမေမေ” လို့ ဖိတ်ခေါ် မိပါတယ်။ နောက်ဆုံးကြိုးလေးတစ်မျှင်ပေါ့ရှင်။ အခုလက်ရှိအချိန်မှာတော့ အမေဘက်က အမျိုးတွေအဖေ့ဘက် က အမျိုးတွေ (တစ်ဦးတည်း သော သားနဲ့သမီးဆိုတော့) မရှိသလောက် ပါပဲ။ ကျွန်မတို့မောင်နှမတွေ ငယ်ငယ်က ထိန်းပေးတဲ့ အမေ့မွေး စားသား ဘိုးလေးဦးမင်းနိုင်လည်း မရှိတော့ဘူး။ ဦးစီးမှူးဘက်က ဦးလေးတွေ၊
အဒေါ်တွေနဲ့အတူ အဖေ၊ အမေလည်းမရှိတော့တာ ကြာခဲ့ပြီပဲ။

အခုတော့ရက်တွေ၊ လတွေ၊ နှစ်တွေ ကြာခဲ့ပါပြီ။ လွတ်လပ် ပေါ့ပါးမြူးတူးခဲ့တဲ့ အချိန်တွေ လည်း ဟိုးအဝေးမှာကျန်ခဲ့ပြီ။ အဘွားကွယ် လွန်ခဲ့တာ နှစ်ပေါင်းလေးဆယ့်တစ် နှစ်ရှိသွားပြီ။ အဖေ့ကို ဆုံးရှုံးခဲ့တာ နှစ်ပေါင်းနှစ်ဆယ့်ခြောက်နှစ် ရှိခဲ့ပြီ။ အမေခရီးထွက်သွားတာတောင် ဆယ့်ခြောက်နှစ်တိုင်ခဲ့ပြီပဲလေ။ အသက်ငယ်တာနဲ့ကြီး တာ ကွာခြား တာ ဒါပါပဲလေ။ တွေ့ကြုံရတဲ့ အတွေ့အကြုံတွေကပဲ သင်္ခါရမှတ် တိုင်တွေကို ဖြတ်သွားတာပါ စာဖတ် သူရှင်။ အခုချိန်မှာ အသက်တွေက လည်း ကြီးရင့်လာကြပြီ။ အသက် တွေလည်း ကျွန်မဆိုခြောက်ဆယ် ကျော်ခဲ့ပြီပဲလေ။ ဒါတောင် အသက် လေးဆယ့်ငါးလောက်မှာ ဘာရောဂါ မှန်းမသိဘဲ ကျွန်မဖျားပါတယ်။ ဒါပေမဲ့ သမီးငယ်လေး ရုပ်ရှင်ရိုက် တော့ ကျွန်မ အသာလေးလိုက်သွားပါ တယ်။ ပြင်ဦးလွင်ရောက်တော့ ကျွန်မက မလိုက်နိုင်တော့ဘူး။ သမီး ငယ်အလုပ်သွားလုပ်ရင် ကျွန်မက ဟိုတယ်အိပ်ခန်းထဲမှာ တစ်ယောက် တည်း နေမကောင်းရင်းကျန်ခဲ့ တယ်။ မိတ်ကပ်ဆရာရယ်၊ ကောင်မ လေးနဲ့ ဒရိုင် ဘာ မိုးလင်းလို့ အလုပ် ကို တစ်နေကုန်ထွက်သွားရင် ကျွန်မ တစ်ယောက်တည်း ဘာမှမဖြစ်သလို ဟိုတယ်အခန်းထဲမှာ ကျန်ရစ်ခဲ့ တာပါပဲ။ ဟိုတယ် အိပ်ခန်းရဲ့ဖွင့် ထားတဲ့ ဘေးပြတင်းပေါက်ကို လှမ်း ကျော်ကြည့်ရင် အရွယ်အလတ်စား “သစ်သော့ ပင်ပျို” လေးကို လှမ်းမြင် နေရတယ်။ တစ်ယောက်တည်း လုပ် စရာကမရှိ။ ဘာမှလည်း မစားချင်ဘဲ လှဲနေချင်တော့လှဲနေရင်းနဲ့ပဲ သစ် သော့ပင်လေးကို အဖော်လုပ်ရတယ်။

အဲဒီအပင်လေးကိုကြည့်ပြီး ကျွန်မက စိတ်ထဲကနေ စာတွေတစ် ပုဒ် ပြီးတစ်ပုဒ်ရေး တယ်ရှင်။ ဝေဒ နာမခံ မရပ်နိုင်ဖြစ်လာရင် အသံတိုး တိုး ညည်းလိုက်တယ်။ ငြိမ်နေလိုက်တယ်။ သက်သာသွားရင် သစ်သော့ ပင်လေးကိုကြည့်ပြီး စကားလေးတွေ လှမ်းပြောလိုက်တယ်။ စိတ်ကူးထဲမှာ စာရေးလိုက်ပါပဲ။ တစ်ရက်မှာတော့ ကျွန်မခေါင်းထဲ မျက်စိထဲမှာ ရွရွရွ ရွနဲ့ြ>ွပတ်သိပ်လာတယ်။ အနေရ တအားခက်ပြီး မအိပ်နိုင်ဘဲ ညည်းမိတယ်။ တစ်ယောက်တည်းဖြစ်နေ တာကို ဟိုတယ်က အလုပ်သမား လေးက တွေ့ပြီး ဘယ်တွေအကြောင်း ကြားလဲမသိပါဘူး။ ဆရာဝန်သွေး လာတိုင်းတော့ သွေးပေါင်ချိန် “ငါးဆယ်”ပဲရှိတော့တယ်တဲ့။ တစ်ခါ တည်း ဆေးထိုးဆေးသွင်းပြီး နည်းနည်းသက်သာတာနဲ့ ရန်ကုန်ကို လောယာဉ်နဲ့ပို့တယ်။ ဦးစီးမှူးက ပူပန်ပြီး တဖျစ်တောက်တောက်နဲ့ “သုခကမ္ဘာ” ဆေးခန်းပို့တယ်။ ပါရဂူ တွေ စစ်ပြီးချိန်မှာ ဆီးကအစ တစ်ကိုယ်လုံးဝါနေပြီး ကျွန်မက လည်း ငါတော့အသဲရောင် အသား ဝါဖြစ်ပြီ။ အိမ်ရောက်ရင် မကူး အောင် ကိုယ့်ဇွန်း၊ ခရင်းက အစအကုန်စိတ်က စီစဉ်တယ်။ ဒါပေမဲ့ ဆေးစစ်ပြီးတော့ ဘာရောဂါမှ မရှိပါဘူး။ တစ်ပတ်လောက်နေ တော့ ဆေးရုံက ဆင်းရပါတယ်။ သွေးပေါင်ချိန်ငါးဆယ်ဆိုတာ ခေါင်းတစ်ခုလုံးတရွရွဖြစ်နေပြီး မခံမရပ်နိုင် အခံရခက်ပြီး ဘာတွေ ဖြစ်ကုန်မှန်းမသိနိုင်တဲ့အချိန်ပါ။ ဒါကကျွန်မနေမကောင်းစဉ်သတိ ထား မှတ်မိတဲ့ ဝေဒနာတချို့ပါ။

အခုချိန်မှာတော့ ကျွန်မတို့ မောင်နှမတွေ အိမ်ထောင်ဦးစီးတွေတောင် ဇရာသဘောအရ အသက်တွေရလာပြီ။ သင်္ခါရသဘောတရား အရ အားလုံးလျှောက်လှမ်းရမယ့် လမ်းကတော့ နီးသထက်နီးလာပေါ့ စာဖတ်သူ။ ဒါပေမဲ့လည်း လူ့သဘော သဘာဝ သံယောဇဉ်တွေနဲ့ မိမိကိုယ် ကို ကျန်းမာအောင် တတ်နိုင်သမျှ နေထိုင်ကြပါတယ်။ ဆေးဝါးနဲ့ ဆရာ ဝန်ကိုတော့ မပြတ်တမ်း စစ်ဆေးတယ်။ တစ်နှစ်တစ်ခါ ဆေးစစ်ပါ တယ်။ အမေက သိပ်သံယောဇဉ် ကြီးတဲ့ ကျွန်မတို့မောင်နှမငါးယောက် လည်း အခုချိန်မှာ တတ်နိုင်သမျှကျန်းမာအောင်နေကြပါတယ်။ မိသားစုမှာ အကြီးဆုံးဖြစ်တဲ့ ဦးစီးမှူးကလည်း အသက်သာ အကြီးဆုံး ဆိုပေမယ့် အရမ်းဖျတ် လတ် ကျန်းမာပါတယ်။ သူ့ကိုယ်သူလည်း ကျန်းမာအောင် ဂရုစိုက်တော့ ကျွန်မထက်တောင် နုပျိုပါသေးတယ်။

ဘာပဲဖြစ်ဖြစ်လေ။ တစ်နေ့ ဒီလမ်း၊ ဒီစခန်းသွားရမယ်ဆိုတာ သိပါတယ်။ ထို့အတူပဲ ဒီဘဝမှာ ဒီတစ်ခါပဲ ဆုံတွေ့ခွင့်၊ အမျိုးတော် ခွင့်၊ ချစ်မြတ်နိုးခွင့်ရထားတဲ့ ဦးစီးမှူး ရယ်၊ မောင်ညီမငါးယောက်လုံးရယ်၊ သူတို့မှ ပေါက်ပွားလာတဲ့ မြေးဘုစု ခရုတွေနဲ့ ရရှိထားတဲ့ ဘဝလေးကို တတ်နိုင်သမျှ အချိန်ဆွဲဆန့်ချင်ပါ တယ်။ ဆွဲဖက်ထားချင်ပါတယ်။ တရားမသိဘူးပြောပါ။ ကျေနပ်ပါ တယ်။ နိဗ္ဗာန်ဆိုတာလည်း ကိုယ်နဲ့ ဝေးဝေးမှာဆိုတော့ ဒီမိသားစု၊ ဆွေ မျိုးတွေနဲ့ သံသရာမှာလည်း ပြန်ဆုံ ချင်သေးတယ်။ အခုလည်း ဘုရားရှိ ခိုးရင်း အမေ့ဓာတ်ပုံလေးကို ကြည့်ပြီး ဆုတောင်းမိတယ်။ “သမီးတို့မိသားစု မောင်နှမတွေဆီကို ပြန်လာပါ မေမေ”

စိုးကြည်ဖြူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*