င့ါကိုသတ်တဲ့ လူသတ်သမားကို သူလုပ်ချင်တာ လုပ်ပလေ့စေဆိုပြီး အရှုံးပေးခံမလား ကြက်ဖ

င့ါကိုသတ်တဲ့ လူသတ်သမားကို သူလုပ်ချင်တာ လုပ်ပလေ့စေဆိုပြီး အရှုံးပေးခံမလား ကြက်ဖ
May 8, 2017 Asian Fame

kyatpha

ဆေးလိပ်၊ အရက်၊ ဘီယာကစလို့ လူ့စိတ်ခန္ဓာ ကို လေးလံထိုင်းမှိုင်းစေတဲ့ မူးယစ်ဆေးဝါးဆိုတာ စမိရင်လွယ်သလောက် ဖြတ်ဖို့ဆိုတာ ခက်ခဲလှပါတယ်။ လူငယ်ဘဝမှာ မူးယစ်ဆေးဝါး သုံးစွဲခဲ့ရာကနေ လက်ရှိ အချိန်မှာ ယတိပြတ်ဖြတ်နိုင်ခဲ့တဲ့ ဟစ်ဟော့ပ်အဆိုတော်ကြက်ဖကို လူငယ်တွေနဲ့ မူးယစ်ဆေးအန္တရာယ်အကြောင်း ပညာပေးအဖြစ် စကား ပြောဆိုခဲ့ပါတယ်။ မူးယစ်ဆေးဖြတ်ဖို့ဆိုတာ တော်တော်ခက်ခဲမှာဆိုတော့ အဲဒီကာလတွေမှာ ဘယ်လိုနေထိုင်ခဲ့လဲလို့မေးတော့ …

” ခက်ခဲတယ်ဆိုတာ ဘယ်လို ခက်ခဲသလဲဆိုတော့ ငါဒါကြီးလုပ်ရင် ဒုက္ခရောက်မယ်ဆိုတာသိတယ်။ ဆေးလိပ်သောက်သလိုမျိုးပေါ့။ ငါ ဒီဆေးလိပ်ကို သောက်ရင် င့ါအဆုတ်က ဒုက္ခရောက်မယ်ဆိုတာ သိတယ်။ ချောင်းဆိုးမယ်ဆိုတာသိတယ်။ ဒါပေမဲ့ လုပ်မိတယ်။ ဘာဖြစ်လို့ လုပ်လဲဆိုတော့ နေမထိထိုင်မသာ ဖြစ်လို့ပဲ။ အဲဒီ အဆင့်ကိုကျော်လွန် ရတာပေါ့။ ဒီလိုပဲ ကတ်သီးကတ်သတ် နဲ့ နေမထိထိုင်မသာ ဖြစ်တာချည်းကိုခံမလား။ ဟိုလိုပဲ အရှုံးပေးလိုက်ပြီးတော့ ငါ့ကိုသတ် တဲ့ လူသတ်သမားကို သူလုပ်ချင်တာ လုပ်ပလေ့စေ ဆိုပြီးခံမလား။ အဲဒီ ၂ခုထဲက တစ်ခုခံရတာပဲ။ ငါခဏလောက်တော့ ကတ်သီးကတ်သတ်နဲ့ နေမထိထိုင်မသာ ဖြစ်တာကြီးကို ခံလိုက်မယ်ဆိုတာက လွတ်လမ်းရှိတယ်။ ဟိုဟာကတော့ လွတ်လမ်းမရှိဘူး။ ဖြတ်တယ်ဆိုတာကိုယ့်စိတ်ပါပဲ။ ခန္ဓာကိုယ်ကိုပေးတဲ့ ဒုက္ခက အောင့်ခံရတာလွယ်တယ်။ စိတ်ကိုတင်းခံနိုင်တဲ့ ခက်ခဲမှုက ပိုခက်ခဲတယ်” လို့ ကြက်ဖ က ပြောပါတယ်။

ကြက်ဖအနေနဲ့ မူးယစ်ဆေးဝါးကို ၁၁နှစ်နီးပါး သုံးစွဲဖြစ်ခဲ့တယ်လို့ လည်း သိရပါတယ်။ အရက်၊ ဘီယာ၊ မူးယစ်ဆေး သုံးစွဲတာနဲ့ ပတ်သက်လို့ သူ့ရဲ့အမြင်က …

” ကျွန်တော်တို့နိုင်ငံမှာက အရက်နဲ့ ဘီယာသောက်လို့ရှိရင် အပြစ်မရှိဘူးလို့ ယူဆနေကြတယ်။ အဲဒီဟာကို အဓိကအရင်ပြင်ရမယ်။ အဲဒါမပြင်နိုင်သေးဘဲနဲ့ မူးယစ်ဆေး သုံးတာ ဘာဖြစ်တယ်။ ညာဖြစ်တယ်ဆိုပြီး သွားပြောလို့မရနိုင်လောက်သေးဘူး။ အခုက လူတန်းစား ၃မျိုး လောက်ရှိတယ်။ ငါတို့က အရက်သောက်တာကွ၊ ဆေးသမားမဟုတ်ဘူး။ နောက်ပြီး ငါတို့က ဆေးပဲချတာ၊ အရက်သမားမဟုတ်ဘူး။ နောက်တစ်စားလည်းရှိတယ်။ မထူးတော့ပါဘူးကွာ။ အရက်လည်း သူရာ မေရယပဲ။ ဆေးကလည်း သူရာမေရယပဲ။ မထူးတော့ဘူး။ ၂ခုစလုံး လုပ်မယ်ဆိုတဲ့ လူတန်းစားရယ်ဆိုပြီး ၃မျိုး ၃စားရှိတယ်။ တကယ်တော့ ၃မျိုးစလုံး မှားနေတယ်။ မူးယစ်ဆေး တစ်ခုတည်းကို သွားပြောနေလို့ရှိရင် ရယ်စရာချည်းဖြစ်နေလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာမှမထူးဘူး။ တစ်ခုကသေမင်းဆီကို သွားတယ်ဆိုလို့ရှိရင် နောက်တစ်ခုကလည်း အတူတူပဲ။ ဒီလမ်းအတိုင်းသွားတာပဲ” လို့ ကြက်ဖကဆိုပါတယ်။

ဆက်လက်ပြီး ကြက်ဖက လူငယ်တွေ မိဘစကား နားထောင်သင့်ကြောင်း အခုလို ဆက်လက်ပြောပါတယ်။ ” အိမ်ကလူကြီးမိဘတွေက မင်းတို့မလုပ်ကြနဲ့ဆိုပြီး တချို့ကျတော့လည်း ချိုချို သာသာပြောတယ်။ တချို့ကျတော့လည်းလုပ်ချင်တာလုပ်၊ မင်းသဘောပဲ။ ပြီးရင်တော့ မင်းဘာသာ မင်းခံဆိုပြီး ပြောတာရှိတယ်။ အဓိကကတော့ မာမာပဲပြောပြော၊ ချိုချိုသာသာပဲပြောပြော နားထောင်ရမယ်ဆိုတာကို ကျွန်တော်တို့ မေ့နေတယ်။ လူငယ်တွေကို ပြောချင်တာက မိဘက ဒါမ လုပ်နဲ့လို့ပြောတယ်။ လုပ်တယ်။ မိဘမှားနေတယ်ထားဦး။ သူတို့ပြောတဲ့စကားတိုင်းကို တစ်ခွန်း နားမထောင်ရင် အဲဒီတစ်ခွန်းဒုက္ခရောက်တာပဲ။ အဲဒါနေရာတိုင်းမှာပါပဲ။ မူးယစ်ဆေးဝါး၊ အရက်သေစာ မှာတင်မဟုတ်ဘူး။ ကိုယ်ကပိုသိတယ်၊ တတ်တယ်လို့ထင်တယ်။ ကိုယ်နဲ့ထိတွေ့တဲ့ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လုပ်ငန်းဖြစ်တဲ့အတွက်ကို ပိုသိတယ် တတ်တယ်ထင်ကြတယ်။ တကယ် တော့ မိဘတွေက သူတို့အနားမှာရှိနေစရာမလိုဘူး။ သူတို့က မျက်မှောင်လေးကြုံ့ပြီး ခန့်မှန်း လိုက်ရုံနဲ့ ကျွန်တော်တို့ ဘာဖြစ်နေလဲဆိုတာ သိတယ်။ အချိုသာဆုံး ပြောရရရင်တော့ မိဘစကား နားထောင်ပါ။ အဲဒီစကားက ရိုးလွန်းအားကြီးနေလို့ နားထဲရော၊ ရင်ထဲရော မရောက်ကြတာပါ” လို့ ကြက်ဖက ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*