နတ်မျက်စိ ၏ မှတ်စုများ – ၁

နတ်မျက်စိ ၏ မှတ်စုများ – ၁
May 5, 2017 Asian Fame

Kyunit

နတ်မျက်စိ(ဝါ) ဒိဗ္ဗစက္ခုဟူ သည် စကြဝဠာတိုက် တစ် သောင်း အတွင်းဝယ် မြူမျှမကြွင်း အောင်မြင်နိုင်စွမ်း၏။ စကြဝဠာ သိုက် တစ်သောင်း အတွင်းဝယ် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလ သုံးပါးတို့ အတွင်း အချိန်နှင့်စပ်လျဉ်း ၍ တစ်ဗီဇနာ တစ်သန်းပုံတစ်ပုံမျှပင် အလွတ်မပေးဘဲ ဖြစ်ပုံပျက်ပုံအလုံးစုံ ကို အလျဉ်မပြတ် ပကတိသိနိုင်စွမ်း ၏။

နှစ်သစ်ကာလတွင် ရန်ကုန်မြို့ တော်သူ မြို့တော်သားတွေ ကောင်း မွန်သော အပြောင်းအလဲအဖြစ် မည်၍မည်မျှ ယဉ်ကျေး လိမ္မာ လာကြ သနည်း …ဆိုသည်ကို သိမြင်နိုင် ရန် အလို့ငှာ ရန်ကုန်မြို့လယ်ကောင် တစ်နေရာသို့ နတ်မျက်စိပုလင်းကွဲ ကို အတင်းဖြဲ၍ ကြည့်ရှုတော်မူ သတတ်။

ဟော..တွေ့ပါပြီကော။ မတော်မတည့်၊ မကိုးမကား၊ အကြံ အဖန်မြင်ကွင်း “ဂွင်”ရိုက်သည့် အမှု အခင်း။

ရန်ကုန်မြို့လယ်ကောင်နယ်နိ မိတ်အတွင်း လူသူ အရောင်းအဝယ် အသွားအလာ အစည်ကားဆုံး အနော်ရထာ လမ်းမကြီး၏ ပလက် ဖောင်း တစ်နေရာမှာ ဆွဲကြိုးရွှေ ရောင် တဝင်းဝင်းဖြင့် ဝန်ကြီးကတော် ဂိုက်ဖမ်းကာ လမ်းသလားနေသော အသက် ၅ဝ ကျော်လောက် ရှုတင်း တင်း မျက်နှာထားနှင့် အမျိုးသမီးကြီး တစ်ယောက်။ တန်ဖိုးကြီး ဆလင်း ဘက်အိတ်ကြီးကို လက်မောင်းတစ် ဘက်မှာ ချိတ်လို့။ ကျန်လက်တစ်ဘက် ထဲမှာတော့ ရွှေရောင်မိုဘိုင်းဖုန်း တစ်လုံးကို ကိုင်လို့။ ဖုန်းကိုင်ပြီး လမ်းလျှောက်တာ ဒို့မြန်မာတွေ ပဲ ရှိ မယ်မှတ်ပါရဲ့။

နတ်မျက်စိ စောင့်ကြည့်နေဆဲ မှာပဲ အမျိုးသမီးကြီး နောက်ကျော ဘက်သို့ ပြောင်းဖူးမွေးရောင် ကိုးလိုး ကန့်လန့် ဆံပင်ပုံစံတွေဖြင့် လူငယ် နှစ်ယောက် ချဉ်းကပ်လာကြပြီ။ ဝတ် ပုံစားပုံတွေ ကတော့ ယနေ့ခေတ် ဒို့မြန်မာလူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်မှုကင်းစွာ ဝတ်ဆင် လေ့ရှိကြသော ဟိုမရောက် ဒီမရောက် ခေတ်ပျက်ခေတ်ပဲ့ ဖက်ရှင်တွေ။ ဘောင်းဘီတွေက နပိုလီယန်ခေတ် ဥရောပ နန်းတွင်းသားတွေ ဝတ်လေ့ ရှိကြသည့် ပေါင်ကျပ်ခြေသလုံးကျပ်၊ ဖင်ကျပ် ဘောင်းဘီရှည်တွေ။ အပေါ စား ဈေးချုပ် ရှပ်အင်္ကျီလက်ရှည် ကွက်ကျား၊ အင်္ကျီတွေက ခါးတိုလွန်း သဖြင့် မြီးညောင့်ရိုး တွေပေါ်လုလု။ လမ်းဘေးမှာပုံရောင်းသည့် အပေါ စား နေကာမျက်မှန်ကြီး တွေတပ်လို့။ နားဆွဲ၊ လက်ကောက် ဒွါဒရာတွေပါ သေး။ လူငယ် နှစ်ယောက်က အမျိုး သမီးကြီးကို ဘယ်ညာ ဝန်းရံလိုက်ကြ ပြီ။ အမျိုးသမီးကြီးက ရှေ့တူရူကိုသာ ကြည့်နေသည်။ နံဘေးက မှင်စာ နှစ်ကောင်ကိုသတိထားမိဟန်မရှိ။

ဟော ..ဟော .. ညာဘက် က လူငယ်က အမျိုးသမီးကြီးကို အမှတ်တမဲ့ ဟန်ဖြင့် ပခုံးဇောင်း တိုက်လိုက်သည်။ အမျိုးသမီးကြီး သည် ဘယ်ဘယ်ကလူငယ်ဘက်သို့  ယိုင်သွားပြီး ညာဘက်ကလူငယ်ကို ဘုကြည့်ကြည့်သည်။

“ဟဲ့ ဘယ်လိုဖြစ်နေတာလဲ။ လူတစ်ယောက်လုံးကို မမြင်တော့ဘူး လား”ဟု အမျိုးသမီးကြီးက စွာတီးစွာ အော်ပြောသည်။ ညာဘက်က လူ ငယ်သည် လက်အုပ်ကလေး ချီလိုက် ပါသည်။

“ကန်တော့ပါအန်တီ။ ကန် တော့ပါ။ တောင်းပန်ပါတယ်”

လူငယ်က လက်အုပ်ကလေး ချီကာ ချီကာနှင့် အနူးအညွတ် ဟန် တောင်းပန်စကားဆိုရင်း လမ်းသွား လမ်းလာများ ကြားသို့ နောက် ဆုတ် နောက်ဆုတ် တိုးဝင်သည်။ သူ့ပါးစပ် မှလည်း “ကန်တော့ပါ အန်တီ။ ဆောရီးပါ အန်တီ”ဟု တတွတ် တွတ် ရေရွတ်နေသည်။ အမျိုးသမီး ကြီးလက်ဝဲဘက်မှ လျှောက်သူကို တော့ မတွေ့ရတော့ချေ။ သို့သော် လက်ဝဲဘက်မှ လူငယ်၏ လှုပ်ရှားမှု အလုံးစုံကို နတ်မျက်စိက ကွက်ကွက် ကွင်းကွင်းအရှင်းသား၊ အလင်းသား မြင်ခဲ့ရ၏။

ညာဘက်မှလူငယ်က ပခုံး ဇောင်းတိုက်လိုက်၍ အမျိုးသမီး ရုတ်တရက် ဘယ်ဘက်သို့ ယိုင်အ သွားတွင် သူမ လည်တိုင်မှ လေထဲ တွင် လှုပ်ခါနေသော ရွှေဆွဲကြိုးကို ဘယ်ဘက်မှလူငယ်က သူ၏အထူး ပြုပြင်ထားသော လက်ချောင်းနှစ် ချောင်းမှ သံမဏိ လွှသွားနှယ် ထက် မြသော လက်သည်းများဖြင့် တိခနဲ ကိုက်ဖြတ်ချ လိုက်ပြီဖြစ်သည်။ တစ် ချိန်တည်း၌ အလေးချိန် နှစ်ကျပ် သားမျှရှိသည့် ရွှေဆွဲကြိုးသည် လူ ငယ်လက်ထဲသို့ ဖျက်ခနဲခွေခေါက် လျက်သား ပုံလျက် ကျလာသည်။ နောက်တစ်စက္ကန့် အတွင်း ထိုလူငယ် ကို မတွေ့ရတော့ချေ။ ညာဘက်မှ လူငယ်သည်လည်း တစ်ခဏအတွင်း လေလို ပျောက်ကွယ်သွားခဲ့ပါပြီ တည်း။

အမျိုးသမီးကြီးသည် အခိုက်အ တန့်အားဖြင့် ပျက်ယွင်းသွားကာ မိမိ၏ မင်းကတော် အိုက်တင်ကို ပြန် လည် ဆယ်တင်ပြုပြင်လိုက်၏။ လည် တိုင်ကို တွန်တော့မည့်ကြက်ဖလို ဆန့်မတ်လိုက်၏။ လည်တိုင်ဆန့် လိုက်ရာက သူ့လက်တစ်ဘက်က ရင်ဘတ်ကိုစမ်းသည်။

ထို့နောက် အမျိုးသမီးကြီး၏ မျက်လုံးတွေပြူးလာပြီး တစ်ကိုယ်လုံး နတ်ကျသလို တုန်တုန်ယင်ယင် ဖြစ်လာတော့သည်။

“လုပ်ကြပါဦး။ ကျွန်မဆွဲကြိုးပါ သွားပြီ။ လုပ်ကြပါဦး”

သူက ခုန်ပေါက်လက်မြှောက်၍ အော်သည်။ လမ်းသွားလမ်းလာတွေ က သူ့ကိုရှောင်ကွင်းပြီး ကိုယ့်လမ်း ကိုယ်ဆက်သွားကြ၏။

“ကယ်တော်မူကြပါရှင်။ ကျွန်မ ဆွဲကြိုး ဖြတ်သွားလို့”

အမျိုးသမီးကြီးသည် ငိုသံပါကြီး ဖြင့် ကြုံးအော်ရှာသည်။ နတ်မျက်စိ က အမျိုးသမီးကြီးကို ကရုဏာ သက်ရုံ မှအပ ဘာမှမကူညီနိုင်။ ဆွဲကြိုးဖြတ် သွားသော ဒုစရိုက်ကောင် နှစ်ကောင် ကတော့ အခင်း ဖြစ်ပွားရာနေရာမှ တစ်မိုင်ခန့် အကွာ ပုဇွန်တောင်မြို့ နယ်ထဲရှိ စားသောက်ဆိုင် တစ်ဆိုင် ထဲမှာ ရောက်နေပြီ။ ဝီစကီပုလင်း ထောင်နေကြပြီ။ အသားကင်တွေ ဝါးနေကြပြီ။ စီးကရက်တွေ မီးခိုး ချောင်းချောင်း ထအောင် ဖွာနေ ကြပြီ။ နတ်မျက်စိက ဒုစရိုက်ငမိုက် သားနှစ်ကောင်ကို ကုပ်ဆွဲပြီး နား ချောင်ပါးချောင်တွေ ဗြောင်း ဗြောင်း မြည်သွားအောင် တီးပစ်လိုက်ချင် သည်။ သို့သော် နတ်မျက်စိ တာဝန် က နာမည်ဘွဲ့ထူးနှင့် လိုက်ဖက်စွာ မျက်စိဖြင့် ကြည့်ရုံမျှသာ။ (For your eyes only)  မဟုတ်ပါလား။

နတ်မျက်စိ ပင့်သက်ရှူပြီး အင်းစိန် အကျဉ်းထောင်ကြီး ဆီသို့ လှမ်းကြည့်သည်။ ခါးပိုက်နှိုက်၊ အလစ်သုတ်မှုဖြင့် ထောင်ကျနေသူ အကျဉ်းသား ရာဂဏန်း အရေ အတွက်ကို တွေ့ရသည်။ အပြင်လော ကမှာတော့ ခါးပိုက်နှိုက်၊ အလစ်သုတ် ဝိဇ္ဇာတွေ မည်၍မည်မျှ လွတ်လပ် စွာ လှုပ်ရှားနေကြပါလိမ့်။ နတ်မျက်စိ သည် မြင်တော့မြင်နိုင်ပါ၏။ သို့သော် မြင်ရုံသာမြင်ရ။ တရားခွင် သို့ မတင်ပြနိုင်သော ဒုက္ခိတ နတ် မျက်စိဘဝဖြင့် အောင့်အည်းနေရ ရှာလေသည်။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*