နင့်ကိုငါ ချစ်နေတုန်းပဲ မိနီ

နင့်ကိုငါ ချစ်နေတုန်းပဲ မိနီ
May 5, 2017 Asian Fame

Nay-Myo

ကျွန်တော်နှစ်သက်တဲ့ သီချင်း တစ် ပုဒ်ရှိသည်။ ခင်ဝမ်းရဲ့ “နင့်ကိုငါ ချစ် နေတုန်းပဲ မိနီ” ဆိုတဲ့ သီချင်းဖြစ် သည်။ ထိုသီချင်းသည် အလွန် ရိုးရှင်း သော အချစ် သီချင်းတစ်ပုဒ် ဖြစ်ပါ ၏။ သို့ရာတွင် ထိုသီချင်းသည် ကျွန်တော် တို့ကို လှိုက်လှဲသော ခံစား မှုပေးပါသည်။

ကျွန်တော်၏ လူငယ်ဘဝ ပလက်ဖောင်းပေါ်မှ နေ့ညများတွင် ကျွန်တော်သည် ထိုသီချင်းကို ဆို ညည်းမိခဲ့ပါသည်။ နင့်ကိုငါ ချစ်နေ တုန်းပဲ မိနီ။ ကျွန်တော်သည် ထို သီချင်းကို ဆိုညည်းရင် မိနီဆိုသော ကောင်မလေးကို အခုထက်ထိ ချစ်နေ တုန်းပါပဲဆိုသည့် အနက် အဓိပ္ပာယ်ကို နှစ်သက်လာမိသည်။ ဒီတေးသီသူဟာ စွဲစွဲမြဲမြဲ ချစ်တတ်သူ တစ်ယောက်ပေ ပဲဟု မှတ်ချက်ချမိပါသည်။ ထိုသို့ မှတ်ချက် ချနိုင်ခဲ့သည့် အတွက်လည်း တေးသီသူကို လေးစားမိပါသည်။ မှန်ပါသည်။ ကျွန်တော်သည် အချစ် ဆိုသော အရာကို ကိုယ်တိုင်ကိုယ်ကျ ကောင်းစွာ မတွေ့ကြုံရသေးသော် လည်း အချစ်၏ တိမ်းမူးဖွယ်ကောင်းပုံ များကိုတော့ သိရှိနေခဲ့ပါပြီ။

အဆိုတော် ခင်ဝမ်း၏ အသံကို မိုးကောင်းကင် အမြင့်ကြီးမှ ကျလာ သလို ထင်မှတ်ရပါသည်။ ကျွန်တော် ဒီသီချင်းကို နှစ်သက်ခြင်းမှာ ရိုးရှင်း လွယ်ကူသော သီချင်း စာသားသုံး ကြောင်းသာ ပါဝင်ပြီး ထိုစာသားသုံး ကြောင်း အနက် အဓိပ္ပာယ် ပြည့်ဝ နေကာ ပေါင်းလိုက်လျှင် စာသားတစ် ကြောင်း တည်းဖြစ်သွားသောကြောင့် ဖြစ်ပါသည်။ နင့်ကိုငါ ချစ်နေတုန်းပဲ မိနီ။ သည်လို ဆိုတော့ တေးသီသူဟာ မိနီ ဆိုတဲ့ကောင်မလေးနဲ့ ကုန်လွန်ခဲ့ တဲ့အချိန်တွေက ချစ်ခဲ့ကြတာ ဖြစ်ပြီး ယခု သူ့အကြောင်းကို သီချင်းလုပ် ကာဆိုနေသည့် အချိန်တွင်တော့ ဝေးကွာနေကြ ရဟန်ရှိသည်။ သို့သော် လည်း ဒီသီချင်းကို သီဆိုသူသည် စွဲစွဲမြဲမြဲ ချစ်တတ်သူဖြစ်သည်။ သူကတေးကို ဒီလိုသီသည်။ နင့်ကိုငါ ချစ်နေတုန်းပဲ မိနီတဲ့။ မိနီဆိုတဲ့ ကောင်မလေးကို ချစ်နေတုန်းပါပဲဆို သည့်အတွက် ဘာကြောင့်မှန်းမသိ ကျွန်တော် ကျေနပ် ပျော်ရွှင်နေမိ သည်။ သူ့ကိုချစ်နေတုန်း ပါပဲဆိုတာ မိနီသိပါလေစ။ မိနီဆိုတဲ့ နာမည်ဟာ ရိုးရှင်း၍ မှတ်မိလွယ်ပြီး ထူးခြား ပေါ်လွင်မှုလည်းရှိနေသည်။ မိနီကို ဘာကြောင့်သူ ချစ်ခဲ့တာပါလိမ့်။ ကျွန်တော်၏ လူငယ်ဘဝ ပလက် ဖောင်းပေါ်မှ နေ့များ၊ ညများတွင် အမျိုးသမီး တစ်ယောက် ချစ်မြတ် နိုးခဲ့မိသည့် အချိန်တွေ ရှိပါသည်။ ထိုစဉ်က လူငယ်ဘဝ နေ့ရက်များ ကုန်ဆုံးသွားပုံမှာ အဓိပ္ပာယ် အပြည့် အဝ ရှိသည်ဟု ဆိုလိုက်စမ်းချင်သည်။

ဓာတ်မီးတိုင်အောက် ပလက် ဖောင်းပေါ် လမ်းလျှောက်ရင်း အမျိုး သမီး တစ်ယောက်ကို သတိရလာမိ သည့်အခါ ကျွန်တော်သည် ခင်ဝမ်း၏ နင့်ကိုငါ ချစ်နေတုန်းပဲ မိနီသီချင်းကို ဆိုညည်းမိပါသည်။ စွဲစွဲမြဲမြဲ ချစ်နေ ရခြင်း၌ ဆန်းကြယ်သော ခွန်အား တစ်ရပ် ရှိကြောင်းကို ထိုစဉ်ကပင် ကျွန်တော် သတိပြုမိခဲ့ပါသည်။ ကျွန်တော် နှစ်သက်သော ထိုသီချင်း၏ နောက်ထပ် စာသား နှစ်ကြောင်းမှာ နင့်ကိုငါ မုန်းလို့ မရသေးဘူးနှင့် နင့် ကိုငါ မေ့လို့မရသေးဘူးတို့ ဖြစ်ပါ သည်။ တေးသီသူသည် မိနီကိုမမုန်း သေးပါ။ တေးသီသူသည် မိနီကိုမမေ့ သေးပါ။ ကျွန်တော်သည် မိနီကို တေးဆိုသူက ဆက်လက် ချစ်နေ သည်ဆိုခြင်းကို သိရသည့် အတွက် ကျေနပ် ဝမ်းမြောက်နေမိသည်။ မိနီ ဆိုသော အမည်မှာ ထူးခြားပေါ်လွင် သော အမည်ဖြစ်သော် လည်း မိနီ သည် ရွက်ကြမ်းရေကျို မိန်းကလေး တစ်ယောက်လို့ ထင်မိသည်။ အဲဒီ ရွက်ကြမ်းရေကျို မိန်းကလေး တစ်ယောက်ဟာ ချစ်စရာကောင်းတဲ့ မိန်းကလေး တစ်ယောက်ဖြစ်နေမည် မှာ အလွန်သေချာပါသည်။ ကျွန် တော်၏ လူငယ် ပလက်ဖောင်းပေါ်မှ နေ့များ၊ ညများတွင် လွတ်လပ်ပျော် ရွှင်ခဲ့ပုံတွေကို ပြန်ပြောင်းသတိရမိပါ သည်။ ထိုစဉ်က ကျွန်တော်သည် အသက် ၂ဝပင် ကောင်းကောင်း မပြည့်သေးသော လူငယ်တစ်ယောက် ဖြစ်ပါသည်။

ဓာတ်တိုင်အောက် ပလက် ဖောင်းပေါ်မှ ကျွန်တော် လမ်း လျှောက်လာသည်။ ဆောင်းတွင်းကြီး မိုးနှင်းတွေက တဖွဲဖွဲ ကျနေသည်။ ညဥ့်က နက်စပြုပြီ။ လမ်းမကြီးပေါ်မှာ လူသူရှင်းလင်းနေသည်။ နှင်းမှုန်မှုန် ညချမ်းချမ်း စီးစီးထဲမှာ ပလက်ဖောင်း အတိုင်း ကျွန်တော် လျှောက်လာ ခဲ့သည်။ ကျွန်တော့် သီချင်း တစ်ပုဒ်ကို ဆို ညည်းခဲ့သည်။ နှစ်တွေလွန်ခဲ့ပါပြီ။ ကျွန်တော့် အသက် ၅ဝကျော်ခဲ့ပြီ။ သို့ရာတွင် လူငယ်ဘဝ ပလက်ဖောင်း ပေါ်မှ နေ့ညများနှင့် အတူ သီချင်း  ကလေးတစ်ပုဒ်ကို ကျွန်တော် အခုထိ အမှတ်ရနေ ဆဲဖြစ်ပါ၏။ နင့်ကိုငါ ချစ်နေတုန်းပဲ မိနီ။

နေမျိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*