Heineken Beer
Heineken Beer

ကျွန်ုပ်နှင့် ကိုးရီးယားရုပ်သံဇာတ်လမ်းတွဲ

ကျွန်ုပ်နှင့် ကိုးရီးယားရုပ်သံဇာတ်လမ်းတွဲ
May 5, 2017 Asian Fame

kaw

အခုတလော ကိုရီးယားရုပ် သံဇာတ်လမ်းတွဲတွေ ဝတ်မပျက် ကြည့်ဖြစ်နေပါတော့တယ်။ အထူးသဖြင့်တော့ MNTV က ညဦးပိုင်း သတင်းအပြီးလွှင့်တဲ့ ဇာတ်လမ်းတွဲ များကိုပေါ့။ ဒီအသက်ဒီ၊ အရွယ်ကြီး၊ ယောက်ျားကြီး တစ်ယောက်က ဒါတွေကို စွဲစွဲလမ်းလမ်းဆိုသလိုကြီး ကြည့်တယ်ဆိုတာ နည်း နည်းတော့ ရယ်စရာကောင်းနေ မလားပဲ။ ရယ်စရာဖြစ်လည်း ဖြစ်ပေါ့ဗျာ။

ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းစစချင်းမှာ တစ်နည်းနည်းနဲ့ စိတ်ဝင်စားအောင် လုပ်တတ်တာပါပဲ။ ပြီးတော့ အချိန်စေ့ခါနီးမှာ မချင့်မရဲ ဖြစ်အောင်လုပ်ပြီး နားလိုက်တယ်။ ဒီမှာတင်စပြီး စွဲတော့တယ် ထင်တာပါပဲလေ။ နောက်နေ့ညသည်အချိန် ရောက်ရင် မနေ့က မချင့်မရဲအာလျလေး ဖြေရပါတော့တယ်။ တစ်ခါသတ်မှတ်ချိန်ကျရင် အဲဒီမချင့်မရဲ၊ ဆန့်တငံ့ငံ့ကြီး ပြန်ဖြစ်ရတာပါပဲ။ ကျွန်တော်ကတော့ အလွန်ပိုင်တဲ့ လူတွေလို့ပဲ စိတ်ကချီးကျူးမိတာ ဝန်ခံရလိမ့်မယ်။ ဒါပေမဲ့ အဲသလို ဆန့်တငံ့ငံ့ဖြစ်ရတာကိုက အရသာ တစ်မျိုးလို့ ထင်ပါရဲ့။

တချို့ကတော့ မရဘူး။ မချင့်မရဲ၊ ဆန့်တငံ့ငံ့ဖြစ်ရတာကို သည်း မခံနိုင်ကြဘူး။ အစအဆုံး မထတမ်း ကြည့်လို့ရတဲ့ ဓာတ်ပြား (ဒီဗွီဒီ)လေးတွေဝယ်ပြီး ကြည့်ကြသတဲ့။ ညောင်းညာပြီး ဒူလာဖြစ်ကာမှ ဖြစ် ရော။ အဲလိုတစ်ခါတည်း ကြည့်လိုက် ရမှ ကျေနပ်တာတဲ့လေ။ ဘာပဲဖြစ် ဖြစ် ဒီဇာတ်လမ်းတွဲတွေကို နှစ်သက် စွဲလမ်းကြတာချင်းကတော့ အတူတူပဲလို့ ထင်ပါတယ်။ သူတို့ ဇာတ် လမ်းတွေမှာက အားပြိုင်မှုကို ဦးစား ပေးတတ်တာချည်းပါပဲ။ ချမ်းသာသူ နဲ့ ဆင်းရဲသူ၊ အခွင့်အာဏာရှိသူနဲ့ မဲ့သူ၊ ကောက်ကျစ်ယုတ်မာညစ်ပတ် သူနဲ့ ရိုးသားဖြူစင်သူစသည်ဖြင့် အားပြိုင်တဲ့ ဇာတ်လမ်းမျိုးတွေပါ။ ဒါကကျွန်တော်တို့ဆီမှာလည်း သည် လိုဇာတ်တွေပါပဲ။ ဘာကွာနေသလဲ ဆိုတာတော့ သေချာမပြောတတ်ပါဘူး။

အခု ကျွန်တော်စွဲစွဲလမ်းလမ်း ကြည့်ဖြစ်နေတဲ့ ဇာတ်လမ်းနာမည်က “ရင်ထဲကပန်းကလေး” တဲ့။ ကိုရီးယားနိုင်ငံရဲ့ စစ်အတွင်းကာလ နောက်ခံဇာတ်လမ်းတစ်ခုပါ။ အဆင် မပြေတဲ့ဘဝမှာ မှားယွင်းမှုတွေနဲ့ ဒုက္ခရောက်ခဲ့ရာက မိမိရှင်သန်ရပ် တည်ဖို့အတွက် ဘာမဆို လုပ်ရဲသွားတဲ့မိန်းမတစ်ယောက်ဟာ စစ်ပွဲတွေ ကြား ပြေးရင်းလွှားရင်း သူ့ကိုကူညီ တဲ့ ကျေးဇူးရှင်လင်မယားကို ဗုံး မှန်ပြီး သေပြီထင်ပြီး မလုပ်သင့်တာတွေ လုပ်ခဲ့တယ်။ သူ့လက်ကို လှမ်းဆွဲလိုက်တဲ့ အမျိုးသမီး (ဆရာဝန်ကတော်)ကို မသိသလို ရုန်းထွက်ပြေးခဲ့တယ်။ အဲဒီ အမျိုး သမီးက ကိုယ်ဝန်ကြီးနဲ့။ ဟိုမိန်းမကလည်း ကိုယ်ဝန်ကြီးနဲ့ပေါ့။ (သူ့ ကိုယ်ဝန်က လူမိုက်လူရှုပ် တစ်ယောက်နဲ့ ရခဲ့တာပါ။)

အကျဉ်းချုံးပြောရရင်တော့ သေဆုံးသွားတဲ့ဆရာဝန်ကတော်ရဲ့ ကလေးလေးကို ခိုးယူစွန့်ပစ်။ သူက ဆရာဝန်တို့အိမ်ရောက်အောင် ရှာသွား။ မမြင်ဖူးသေးတဲ့ ချွေးမ အနေနဲ့ပိပိရိရိနေပြီး အယောင် ဆောင်ခဲ့တာ အနှစ်၂ဝလောက်ထိ ရောက်ခဲ့သည်ပေါ့။ အဲဒီမှာ တကယ့် ချွေးမအစစ်က ရင်သွေးသမီးလေး ကလည်း ပျောက်သွား။ ယောက္ခမ အိမ်သွားဖို့ကလည်း ဘယ်မှန်းမသိ။ ဒုက္ခတွေ၊ သောကတွေနဲ့ ဘဝကို ရင်ဆိုင်ရင်း ရုန်းကန်နေရတာပေါ့။ တကယ့်ရိုးသားဖြူစင် မှန်ကန် တဲ့အစစ်က နှစ်ပေါင်းများစွာ ဆင်းရဲ ဒုက္ခတွေနဲ့ ဖြတ်သန်းနေရချိန်မှာ မမှန်ကန်တဲ့မိန်းမကတော့ စည်းစိမ် ချမ်းသာတွေနဲ့။ လူဆိုးနဲ့ရတဲ့ ကိုယ်ဝန်ကလည်း သမီးလေးမွေးပြီး ဆေးကျောင်းသူဖြစ်လို့။ တကယ့် အစစ်မိန်းမရဲ့ သမီးလေးကတော့ သာမန်ရိုးသားတဲ့ မိသားစုက ကောက်ယူမွေးမြူလို့ အရွယ်ရောက် လာ၊ ချို့ငဲ့စွာနဲ့ ကြီးပြင်း ရုန်းကန် နေရပေါ့။ ပြောပြရရင် တကယ့် အရှည်ကြီး။

ဒီတော့ စောစောက ကိုယ်ရှင် သန်ဖို့၊ ကိုယ်ကောင်းဖို့အတွက်ဆို ဘာမဆိုလုပ်ဝံ့တဲ့ မိန်းမဟာ လက်ရှိ အခွင့်အရေးကြီးကို မဆုံးရှုံးဖို့၊ အဆုံး အစွန်အထိ ပိုင်ဆိုင်ဖို့ ကောက်ကျစ်၊ လိမ်လည်၊ လှည့်စား၊ ညစ်ပတ်၊ ရက်စက်၊ ယုတ်မာ၊ မာယာသုံး စတဲ့ နည်းလမ်းမျိုးစုံနဲ့ ကာကွယ်ဖို့ လုပ်နေတော့တာ။ တောက်လျှောက် ပါပဲ။ ဒီအထဲ သူ့ကိုကျောရရုံ ကြံခဲ့ တဲ့ လူမိုက်နဲ့ ပြန်ပေါင်းမိပြီး အယုတ် မာဆုံး နည်းလမ်းတွေ၊ ပလီ စိ ချောက်ချက်တွေ အကုန်လုပ်တော့ တာကလား။ ပြီးမပြီးနိုင်ပါဘူးဗျာ။ ဒါပေမဲ့ ကျွန်တော်က စိတ်ဝင်တစား ကြည့်ဖြစ်နေတုန်းပဲ။

ကျွန်တော် ဘာလို့၊ ဘာကို စိတ် ဝင်စားနေရတာလဲလို့ ကိုယ့်ကိုယ် ကိုယ် ဆန်းစစ်ကြည့်မိပါတယ်။ “မကောင်းမှုဟူသည် ဆိတ်ကွယ်ရာ မရှိ” ဆိုတာ ဘယ်အချိန်ဖြစ်မလဲ။ အဲဒီစုတ်ပဲ့နေတဲ့ မိန်းမရယ်၊ ဟို လူမိုက်ကောင်ရယ်၊ သရုပ်မှန်ပေါ် မလိုဖြစ်တဲ့အခါ ဖြစ်ပေါ်နေတဲ့ သူတို့ခံစားမှု အပူအလောင် မျက် နှာကြီး တွေကြည့်ပြီး စိတ်ထဲက ပျော်နေမိတယ်။ စနစ်တကျ ယုတ်မာ ကောက်ကျစ်တတ်တဲ့သူတွေရဲ့ မာယာဟာ ရိုးသားဖြောင့်စင်းကြတဲ့သူတွေအပေါ် အလုပ်ဖြစ်ဖြစ်သွား တတ်တာကိုး။ “ဂေါ့ဒ် ဆီးသယ် ထရုသ်ဘတ်ဝိတ်” ဆိုသလိုမျိုးပါပဲ ဗျာ။

လူဆိုးမိန်းမရယ်၊ လူမိုက်ကောင် ရယ်၊ သက်ဆိုးရှည်ဖို့ ပံ့ပိုးကြတဲ့ ဒုစရိုက်သမားတွေ၊ လက်မရွံ့တွေ၊ သစ္စာဖောက်တွေ၊ ခေတ်ပျက်မှာ အရာရောက်ပြီး တရားပျောက်နေ သူတွေကလည်း အများသားပဲ။ ယုတ်မာလို့ကလည်းမပြီးနိုင်။ ညစ်ပတ်လို့ကလည်း မပြီးနိုင်နဲ့ ဇာတ် လမ်းဖောက်သည် ကျွန်တော်ကတော့ သည်လူတွေဘယ်အချိန်သရုပ်မှန် ပေါ်မလဲစောင့်ကြည့်နေမိတာ မချင့် မရဲနဲ့ပေါ့ဗျာ။ ဟိုတုန်းက ရုပ်ရှင်မင်းသား ရွှေဘကြီး ဒုက္ခရောက်နေ၊ ခံနေရပြီ ဆိုရင် ဒေါသူပုန်ထကြ၊ လူကြမ်းတွေကို ဆဲကြတဲ့အခါ အထာသိတဲ့လူက ” နေစမ်းပါ၊ ပြီးကျ ကိုရွှေဘနိုင်မှာပါ” လို့ ပြောသလိုမျိုး။ ကျွန်တော်နားလည်လိုက်ပါပြီ။ ကျွန်တော်ကိုရီးယားရုပ်သံ ဇာတ် လမ်းတွဲတွေကို စွဲစွဲလမ်းလမ်း ကြည့် ဖြစ်နေတာ သရုပ်ဆောင်တွေ၊ ဇာတ်လမ်းဇာတ်ကွက်ကို ကြိုက်နေတာ မဟုတ်ဘူးပဲ။ မတရားတာတွေ၊ တရားမဲ့တာ တွေ၊ အနိုင်ကျင့်တာတွေ သိပ်မုန်း တာဆိုတော့ အဲလိုလုပ်တဲ့သူတွေကို ရှုံးစေချင်နေတာ။ ကျဆုံးစေချင် နေတာ။ အမိုက်ဇာတ်သိမ်းတာကို ကြည့်ချင်နေတာ။ ရိုးသားဖြူစင်ကြ တဲ့၊ ဆင်းရဲနိမ့်ကျကြတဲ့၊ အဖိနှိပ်ခံ လူတွေလွတ်မြောက်တာ၊ ပျော်ရွှင် တာ၊ အောင်ပွဲခံတာတွေကို မြင်ချင် နေတာပါပဲ။ ကျွန်တော်ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲ စွဲနေတာမဟုတ်ဘူး ပေါ့နော်။ ဓမ္မ၊ အဓမ္မအားပြိုင်မှုကို စိတ်ဝင်စားတာပဲ။ ဤလောကကြီးမှ အဓမ္မဝါဒီများ ကျဆုံးပါစေ။

ခင်အောင်ဝင့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*