ကိုယ်ချစ်တဲ့ တောအုပ်ကလေး

ကိုယ်ချစ်တဲ့ တောအုပ်ကလေး
March 14, 2017 Asian Fame
ကိုယ်ချစ်တဲ့ တောအုပ်ကလေး

soe kyi phyu photo

နေတွေပူတာပူတာ ပူပြင်းလိုက်တာ။ ဒါတောင် နွေရာသီ အစပဲရှိသေးတယ်။ နောက်ထပ် ဘယ်လောက်ပူလောင်ဦးမလဲလို့။ မိုးလေဝသပညာရှင် ဦးထွန်းလွင်ကလည်း ကြိုတင်ခန့်မှန်းပေး ထားတယ်။ ဒီနှစ် ပိုပူမယ်တဲ့။ စိတ် ညစ်ပါ့။ အရှေ့မှာ ဖြစ်နေတဲ့ အရွက် ကျိုးတိုးကျဲတဲ သစ်ပင်ကို လှမ်းကြည့် မိတော့ သစ်ပွင့်နီနီရဲရဲတွေ။ နွေရဲ့ သရုပ်သကန်ကို အပီအပြင်ဖော် ဆောင်နေလေရဲ့။ နေပူပူမှာ အနီ ရောင်ရင့်ရင့်ကို မြင်ရတာ အတော့ ကို အာရုံနောက်သလိုပဲ စာဖတ်သူ။ နေပူပြင်းပြင်းထဲမှာ ဖြစ်ချင်တာက အစိမ်းရောင်လေးတွေ၊ အလင်းပြန်စေတဲ့ အဖြူရောင်လေးတွေလေ။ ရင်ကိုအေးစေပါတယ်။

ကျွန်မကလေးတွေ ငယ်စဉ်က အခုလိုကျောင်းပိတ်ရက်ရောက်ရင် မနက်မိုးလင်းကတည်းက ကြိုက် သလောက် တပ်ထဲက အိမ်ကိုပတ်ပြီး ဆော့လွှတ်ထားလိုက်တယ်။ နေ့လယ် ပိုင်းဆိုရင်တော့ ထမင်းမနက်စာ ကျွေး၊ ရေမိုးချိုးပြီး သနပ်ခါးကို တစ် ကိုယ်လုံး မျက်နှာကနေ ခြေမျက်စိ အထိ လက်အဖျားလေးတွေအထိ သနပ်ခါးလိမ်းပေးရတယ်။ ဆယ့်နှစ် နာရီဒေါင်ဆိုပြီး နာရီမြည်တာနဲ့ အိပ် ပေတော့ပဲ။ အားလုံးအိပ်ချင်ချင်၊ မအိပ်ချင်ချင်အိပ်ပဲ။ အိမ်ရှေ့ဧည့် ခန်းမကြီးမှာ ဖျာနှစ်ယောက်အိပ်ကြီး တွေ ယှဉ်ပြီး ချထားတယ်။ သူတို့အိပ် တဲ့ ခေါင်းအုံးလေးလုံးနဲ့ ဖက်ခေါင်း အုံးလေးတွေ ချပေးထားတယ်။ သနပ်ခါး အဖွေးသားနဲ့ ကလေးတွေ အားလုံး ဈေးထဲကကျွန်မ ရှာဖွေဝယ် လာတဲ့ စပ်ကျယ်ချည်သား ဂျိုင်းပြတ် လေးတွေနဲ့ အေးမြနေတာပါပဲ။ ပန်ကာလေကိုတော့ သူတို့တည့်တည့် မလှည့်ဘဲ တခြားဘက်လှည့်ဖွင့်ပေး ထားတယ်။ ဧည့်ခန်းမှာ တံခါးမကြီး ကအစ ပြတင်းပေါက်တွေအားလုံး ဖွင့်ထားတော့ သဘာဝလေကလေးက ဝေ့ပြီးတိုက်ပါတယ်။ တစ်ခါတလေ မောင်နှမတွေအားလုံးကို ကတုံးတုံး ပေးတဲ့ နှစ်လည်းရှိပါတယ်။ ဒါဆိုရင် ခေါင်းပြောင်လေးတွေမှာလဲ သနပ်ခါး ရေ ကျဲနဲ့ အေးမြလို့ပေါ့ စာဖတ်သူ။

တုတ်တစ်ချောင်းဘေးမှာ ချပြီး အိပ်တော့လို့ ပြောချိန်မှာ ကျွန်မ ကလေးတွေက မအိပ်ချင်သေးဘူး။ အူမြူးနေကြတုန်းလေ။ တစ်ယောက် ကိုတစ်ယောက်က ကလိထိုးလိုက်၊ ဆွဲဆိတ်လိုက်၊ အမေမမြင်အောင် ခိုးရယ်လိုက်နဲ့ ကလေးသဘာဝပေါ့ လေ။ တုတ်ကိုကြမ်းပေါ်နာနာလေး ရိုက်ပြလိုက်ရင်တော့ ငြိမ်သွားရော။ မောင်နှမလေးယောက် မျက်တောင် လေးတွေ လှုပ်နေပြီး အိပ်ချင်ယောင် ဆောင်ကြတယ်။ ကျွန်မကလည်း ဘယ်ရမလဲ၊သူတို့လေးယောက်စလုံး ကို မျက်တောင်မခတ် ကြည့်နေတာ လေ။ အမြဲတမ်း မိတတ်တာက တစ်ဦးတည်းသော သားငယ်လေးပါ။ မျက်လုံးတစ်ဖက်တည်း မှေးမှေးလေး ဖွင့်ပြီး အမေကို ချောင်းကြည့်တတ် တယ်။ အမေ့လက်ထဲက တုတ်ကိုမြင် ရင် ကမန်းကတန်းမျက်စိ မှိတ်သွား တယ်။ ဒီလိုနဲ့ပဲ သူတို့တွေအားလုံး စိတ်လျှော့ပြီး အိပ်ပျော်သွားကြရော စာဖတ်သူ။ များသောအားဖြင့် ကျွန်မ ကလေးတွေ အိပ်ချိန်က နေ့လယ် ဆယ့်နှစ်နာရီကနေ ညနေ သုံးနာရီ အထိ ကြာပါတယ်။ ညနေတော့ ကြိုက်သလောက် တပ်ထဲက ကလေး တွေနဲ့ ဆော့ပေတော့။ နေ့လယ်ဘက် သုံးနာရီလုံးလုံးကို သူတို့နေရောင် အောက် မနေရဘူး။ သနပ်ခါးဖွေးဖွေး လေးနဲ့ သင်ဖျူးဖျာပေါ်မှာ အေးအေး လေး နေကြပေတော့ပဲ။ သူတို့အိပ်တဲ့ အချိန် ကျွန်မကစာဖတ်တယ်။ ကျွန်မဘေးမှာ စာအုပ်သုံးအုပ်လေး အုပ် အမြဲရှိတယ်။ စာအုပ်ကိုတော့ မရွေးပါဘူး။ ကြုံရာဖတ်ပါတယ်။ အဲဒီကလေးတွေ အိပ်ချိန် သုံးနာရီက လည်း ကျွန်မအတွက် နိဗ္ဗာန်ဘုံပါပဲ စာဖတ်သူ။

လွန်ခဲ့တဲ့ ကုန်လွန်ခဲ့တဲ့ အချိန် ကာလတွေမှာတောင် နွေနေအပူ ဆိုတာ အတော့ကိုပူခဲ့တာပါ။ အမေ တို့ အဘွားတို့ဆို သင်ဖြူးဖျာတွေကို ရေရွှဲအောင်ဆွတ်ပြီး အေးနေအောင် အိပ်ကြတာပါ။ ဒါပေမဲ့ ကံကောင်း လို့ ဘာမှတော့မဖြစ်ခဲ့ပါဘူး။ အခု ချိန်လို ပူလောင်ပုံမျိုးဆိုရင် အဖွား တို့ ဘာများပြောမှာပါလိမ့်။ နေ့ခင်း ဘက် အပြင်ထွက်ရင် ကားထဲမှာ အဲကွန်းရှိလို့သာထွက်လို့ အဆင် ပြေတာပါ။ ဓာတ်ဆီဖိုးလည်း အကုန် ဆုံး အချိန်ကာလတွေပါရှင့်။

မြင်မြင်သမျှ သစ်ပင်တွေလည်း အရွက်တွေကျိုးတိုးကျဲတဲနဲ့ ခြောက် သယောင်းလို့ပါ။ သစ်ပင်တွေလည်း ခြောက်၊ မြက်ပင်တွေလည်း ခြောက်၊ အားလုံးစိမ်းစိုမှုမရှိတော့ပါ။ ကျွန်မ ကတော့ အိမ်ရှေ့မှာဆို မြေကွက် လပ်သေးသေးလေးကို ကျွန်မချစ်တဲ့ သစ်ပင်လေးတွေ ရသလောက် စိုက် ထားတယ်ရှင့်။ အရှေ့အလယ် တည့် တည့်မှာ ထန်းပြာပင်တစ်ပင် စိုက် ထားပါတယ်။ အဲဒီထန်းပြာပင်က ယိုးဒယားမျိုးပါ။ မြန်မာမျိုးလို စိမ်း မနေဘဲ ပြာလဲ့လဲ့ အရောင်လေးနဲ့ တစ်မျိုးလှပါတယ်။ အဲဒီ ထန်းပြာ ပင်အပင်ကြီးတွေကို ကျွန်မထိုင်းကို သမီးငယ်နဲ့ ကြော်ငြာရိုက် လိုက်သွား ရင်း မြင်ဖူးတာပါ။ သိပ်လှတဲ့ ပန်း ဥယျာဉ်မြေခင်းကျယ်ကြီးကို မြင်စမှာ ကျွန်မအံ့သြလွန်းနေခဲ့ပါတယ်။ မမြင် ဖူးတဲ့ ပန်းတွေပန်းတွေဆိုတာ အများ ကြီးပါ။ အကွက်ချပြီး စနစ်တကျ စိုက်ထားတာဆိုတော့ သိပ်လှတဲ့ မြေ ယာရှုခင်းကြီးပါ။

အဲဒီနေရာမှာ ကြီးမားတဲ့ ထန်း ပြာပင်ကြီးတွေကို မြင်ဖူးခဲ့တာပါ။ အခုတော့ မင်းဓမ္မလမ်းပေါ်က အိမ်ယာတစ်ခုရှေ့မှာ ထန်းပြာတွေစီပြီး စိုက်ထားလိုက်တာ သိပ်လှတာပါပဲ။ ကျွန်မကတော့ မြေလေးကျဉ်းကျဉ်း မှာ အလယ်ကောင်မှာရွေးပြီး ထန်းပြာ စိုက်ပါတယ်။ ထန်းပြာပင် အရှေ့ ဘက် ကပ်လျက်လေးမှာ နှင်းသီးပင် အနီရဲရဲမျိုးလေးကို စိုက်ပါတယ်။ သုံးနှစ်သား နှင်းသီးပင်လေးက အခု ဆိုရင် နှင်းသီးခိုင်လေးတွေတောင် အလျှိုအလျှို ထွက်လာကြပါပြီ။ ပထမဆုံး ငါးလုံးတွဲအခိုင်လေးကို အသာခူး၊ ရေဆေးပြီး ဘုရားကို တင် ဖြစ်တဲ့အချိန်ကတော့ ပီတိ သောမနသပါပဲရှင်။ ထန်းပြာပင်ရဲ့ အနောက်ကပ်ရက်မှာတော့ သလဲသီး ပင်လေးကို အိုးကြီးနဲ့ စိုက်ပါတယ်။်ဘ မိတ်ဆွေ အဆိုတော်လေးပေးတဲ့ သလဲသီးပင်က အခုဆိုရင် အမြဲတမ်း အပွင့်လေးတွေ အနီရဲရဲလေးတွေ ပွင့်နေတတ်ပါတယ်။ ဒါပေမဲ့ အသီး မသီးသေးဘူးရှင့်။ ထန်းပြာပင် ပတ်ချာလည် တစ်ဝိုက်မှာတော့ နှင်း ဆီပန်းလေးတွေကို အိုးတွေနဲ့ ရောင် စုံဝယ်ပြီး စိုက်ထားပါတယ်။ အဲဒီ နှင်းဆီပန်းလေးတွေက တစ်လှည့်စီ ဖူးပွင့်နေကြတာများ ဘုရားရှင်ကို နှင်းဆီပန်း မကပ်ရတဲ့နေ့ကို မရှိပါ ဘူးရှင်။ နှင်းဆီပန်းလေးတွေ ပွင့်ရင် တော့ ရေလေးတွေဖျန်းပြီး ကျွန်မက ဓာတ်ပုံရိုက်သေးတာပါ။ ကျွန်မရဲ့ ပန်းကလေးတွေကို ဓာတ်ပုံရိုက်ချက် တွေ ဘယ်လောက်လှသလဲဆိုရင် FB မိတ်ဆွေတွေကို မေးကြည့်လို့ ရပါတယ် စာဖတ်သူရှင့်။ နှင်းဆီပန်းကလေးတွေရဲ့ ဘေးမှာတော့ ဇီဇဝါပန်းအိုးကြီးတစ်အိုး စိုက်ထားပါတယ်ရှင်။ အဲဒီပန်းအိုးမှာ အဖူးတွေြ>ွပတ် သိပ်နေတာတွေ့လို့ လမ်းသွားရင်း ကားပေါ်က ဆင်းဝယ်ခဲ့ပါတယ်။ စဝယ်ကတည်းက ဒီကနေ့အထိ ဇီဇဝါပန်းမပွင့်တဲ့ နေ့မရှိပါဘူးရှင်။ အပွင့်လည်းကြီးပြီး မွှေးကြိုင်နေတာ များ ဘုရားရှိခိုးတိုင်း အနံ့ရပါတယ်။ ဇီဇဝါပင်ကလည်း ယိုးဒယားမျိုးဆို တော့ အရမ်းပွင့်တာလည်းပါတယ်ရှင့်။ ဇီဇဝါပင်နဲ့ ဘေးချင်းယှဉ်ပြီး ပန်းလိမ္မော်တစ်ပင် စိုက်ထားပါ တယ်။ အခုဆို နှစ်နှစ်ခွဲသားလောက် ရှိပြီဖြစ်တဲ့ ပန်းလိမ္မော်လေးက အမြင့်ဆယ်ပေတောင် ကျော်နေပြီ ရှင့်။ အရွက်ညွှန့်လေးတွေ အမြဲထွက် ပြီး စိမ်းစိုနေတာပါပဲ။ ပန်းလိမ္မော်နဲ့ ခပ်လှမ်းလှမ်းမှာတော့ တောသြဇာပင်ကြီးတစ်ပင်ရှိပါတယ်။ တောသြ ဇာပင်ကို မြေချစိုက်တဲ့ အချိန်မှာ ပင်စည်ပါမြေကြီးထဲ မြှုပ်ဝင်နေတော့ အပင်အခမျာ အပေါ်ကိုတက်ဖို့ အားယူရပါတယ်။ အခုတော့ ဘေးကိုတူးပြီး ပင်စည်ကို ကြီးခိုင်းထားတော့ အပွင့်လေးတွေ လိုက်လာပါပြီ။ ဒါပေမဲ့ အသီးမတင်သေးဘူး စာဖတ်သူ။ အလုံးအင်မတန်ကြီးတဲ့ သြဇာသီးပင်ပေါ့ရှင်။

တောသြဇာပင်အောက်မှာက ကျွန်မအင်မတန်ချစ်တဲ့ ခြောက်လ ပန်းပင်လေးတွေ စိုက်ထားပါတယ်။ အပြာရောင်၊ ပန်းရောင် အဆုပ် လိုက် ပွင့်တဲ့ပန်းကလေးတွေလေ။ တောသြဇာပင်ရှေ့ တည့်တည့်မှာ ဇွန်ပန်းပင်လေးတွေ အိုးနဲ့ စိုက်ထား ပါတယ်။ မိုးတွင်းတစ်တွင်းလုံး ကျွန်မချစ်တဲ့၊ ငယ်ဘဝက ပန်ခဲ့ရတဲ့၊ အလွန်မွှေးတဲ့ ဇွန်ပန်းပွင့်လေးတွေ ဖူးပွင့်ကြပါတယ်။ ကျွန်မကတော့ တယုတယခူးရင်း ဘုရားရှင်ကို ကပ် ပါတယ်ရှင်။ ခြံရဲ့ ထိပ်က လေးက မာလကာပင်လေးကလည်း ကျွန်မ အကြိုက် အူနီသီးမျိုးပါ။ တစ်ချိန်လုံး သီးသလို အသီးကလည်း ချိုချဉ်မွှေး အရသာလေးပါ။ ကျွန်မကတော့ ပြုတ်ကျလာတဲ့ မာလကာသီးမှည့်ကို လက်နဲ့အလယ်ကခွဲပြီး အစေ့တွေကို အကုန်ထုတ်ပစ်ပါတယ်။ ပြီးမှအသား တွေကို ရေစင်စင်ဆေးပြီးစားပါ တယ်။ အင်မတန် စားကောင်းပြီး ဆေးဖက်ဝင်တယ်လို့ ပြောပါတယ်။ မာလကာပင်နဲ့ကပ်ပြီး ကံ့ကော်ပင် တစ်ပင်က မာလကာပင် အမြင့်ကို တောင် ကျော်ပါတော့မယ် စာဖတ် သူ။ ကျွန်မကတော့ အပင် ခြေရင်းကနေ ဤဿရ မူလီအပင်ကို ဝယ် လာပြီး စိုက်ထားပါတယ်။ အရွက် ကြီးတွေ သန်စွမ်းပြီး အပင်တွေပေါ် တက်ကြပါတယ်။ အဲဒီ ဣဿရမူလီ အရွက် တစ်နေ့နှစ်ရွက်စားရင် ကျောက်ကပ်အတွက် သိပ်ကောင်းတယ်လို့ မှတ်သားမိဖူးပါတယ်။

ဣဿရမူလီပင်နဲ့အပြိုင် အပေါ်တွယ်တက်ချင်တာက ကျွန်မ ချစ်တဲ့ထားဝယ်မှိုင်း။ ဆောင်းအကုန် နွေအကူးဆိုရင် အပင်မှာ အဖူး အဖြူရောင်အပွင့်ရော၊ အပွင့် အနီ ပန်းရောင်ရောပြီး အခိုင်လိုက် နှင်း စက်တွေနဲ့အတူ သိပ်လှသလို သင်း သင်းလေး မွှေးပါတယ်။ သူ့ဘေးနား မှာ စိုက်ကတည်းက အမြဲတမ်း ဖူး ပွင့်သီးနေတဲ့ ဂွေးချဉ်ပင်ရှိပါတယ်။ ရင့်တဲ့ အသီးစားနေတုန်းနုတဲ့အသီး တွေက ထွက်လာတာပါပဲ။ စပယ် ပန်းပေမဲ့ နွမ်းသွားရင် ခရမ်းရောင် ပြောင်းတဲ့ နွယ်စပယ်ပင်ရှိသလို စပယ်အိုးပုတ်ကြီးပင်လည်း စိုက်ထား ပါတယ်။ မွှေးကြိုင်ကြီးမားတဲ့ စပယ် အိုးပုတ်ပင်ကိုလည်း ကျွန်မမြတ်နိုးလှ ပါတယ်။ ဒီနှစ်မှာ စပွင့်တဲ့ ခွာပြာပင် နဲ့ သစ်ခွပင်လေးတွေလည်း ရှိပါသေး တယ်။ ခြံသိပ်မကျယ်ပေမယ့် ကိုယ် စိုက်တဲ့ အပင်လေးတွေ သီးပွင့်နေ တာများ ကြည့်လို့မဝလောက်အောင် ပါပဲ။ ရေဂမုန်းပွင့်ဖြူဖြူလေးတွေက ဖွေးနေအောင် ပွင့်တတ်သလို ကြာ အိုးကြီးထဲက ကြာပန်းတွေကလည်း တစ်ချက်တစ်ချက် ထပွင့်တတ်ပါ တယ်။ နဂါးမောက်ပင်ကလည်း အသီးတွေ စစားရပါပြီ။ ဒီနှစ် အပင် ပွားမယ်လို့ စိတ်ကူးထားပါတယ်။ မြေယာရှုခင်းအလှထက် အကြား မလပ်အောင် စိုက်ပျိုးထားတဲ့ ကျွန်မ ရဲ့ သစ်ပင်တွေပါ။ ခပ်လှမ်းလှမ်းက ကြည့်လိုက်ရင် ကျွန်မသစ်ပင်တွေကို သစ်တောအုပ်ကလေးလို ထင်ယောင် မှားစေပါတယ်။ အိမ်တိုင်ပေါ် နွယ် တက်နေတဲ့ ပတ္တမြားဂမုန်းပင် ကြီးဆို ထွားကြိုင်းနေတာပါပဲ။ ခြံပတ် လည်ကို နဂါးဂမုန်းနဲ့ သပြေ အစစ် ပင်တွေ စိုက်ထားလိုက်တော့ အရေး ပေါ် သပြေပန်းဆို အိမ်မှာ ရတယ် ပေါ့ရှင်။

ကျွန်မစိုက်လွန်းတော့ အိမ်က မဌေးနဲ့ ကောင်မလေးတွေက မြေမွ မွလေးတွေ့ရင် ချဉ်ပေါင်ရိုးတွေ လာထိုးတယ်။ ပင်စိမ်းပင်တွေလာ စိုက်တယ်။ ကြက်သွန်ဖြူနီဥတွေ လာ မြှပ်ထားပြီး ကြက်သွန်မြိတ်လုပ်တယ်။ တယ်ဟုတ်ကြပါလား။ ဒါဟာ မှန်ကန်တဲ့ သြဂဲနစ်လုပ်ရပ်ဖြစ်လို့ အားပေးပါတယ်။ ကျွန်မရေးချင်တဲ့ အကြောင်း အရာက ဒါပါပဲ။ အရှေ့က လူကြီးက လုပ်ပြရင် လူငယ်လိုက်လုပ်မှာပါပဲ။ အခုလိုပေါ့ရှင်။ ကျွန်မသစ်ပင်လေး တွေချစ်မှန်းသိတော့ အိမ်က ကလေး တွေလည်း သစ်ပင်ကို ချစ်ရကောင်း မှန်း သိလာကြပါတယ်။ ဒါသည်ပင် သူတို့အတွက် အသက်ကြီးသူက ပေး တဲ့ပဒေသာပင်ပါ။ ကျွန်မတို့ ငယ် ဘဝကဆိုရင် အဖွားတို့၊ အမေတို့ သင်ပြတဲ့အတိုင်း အသီးအရွက် တွေကို အကုန်တို့မြှုပ်စားတတ်ပါ တယ်။ မြက်ချိုပင်ဆိုတဲ့ မြက်တစ် မျိုးကို ထမင်းနဲ့တို့မြှုပ်စားတတ်သလို ပဒတ်စာတို့၊ သရက်ကင်းရွက်ကလေး တွေ၊ စာကလေးခြေထောက်၊ လယ် ကညွှတ်၊ ကနဖော့၊ ကန်စွန်းရိုးနီ၊ ဇီးဖြူဖန်ခါး၊ အကုန်တို့စားပါတယ် ရှင်။ အဓိက ကျွန်မရေးချင်တာက ကျွန်မတို့ လူသားတွေဟာ အဓိက အသီးအရွက် စားသတ္တဝါတွေပါ။ နောက်မှသာ အသားတွေစားကြတာ ပါ။ သစ်ပင်တွေ၊ သစ်တောတွေ အားလုံး အဖိုးတန်ပါတယ်။ အမိုး အကာ နေစရာပေးသလို၊ စားစရာ အစုံအလင် ပေါက်ရောက်ပြီး လူတွေ စားမဲ့ အသားတွေကိုပါ ခိုလှုံခွင့် ပေးထားပါတယ်။ သဘာဝတရားက ပေးတဲ့ဆုပါ။

ခုတော့ မြန်မာပြည်မှာ သစ်ပင် တွေလည်း နည်းသွားပြီ။ တောင်က တုံးတွေများနေပြီ။ အိမ်နီးချင်း တရုတ်ပြည်ဟာ အာရှမှာ သစ်ပင် အထူထပ်ဆုံး နံပါတ်တစ်စာရင်း ဝင်သွားပြီတဲ့။ ကျွန်မတို့မြန်မာပြည် ထဲက သစ်ပင်တွေကတော့ သစ်ပင် မချစ်သူ၊ သစ်ပင်ကိုတန်ဖိုးမထားသူ တွေအနားမှာ မနေချင်ပုံရတယ်။ ခြေထောက်ပေါက်ပြီး အပင်လိုက် အမြစ်ကပါ အနုတ်ခံပြီး ဥဒဟို နေရာဒေသတိုင်းတစ်ပါး အသီးသီး ကို ရောက်ကုန်ကြပါပြီ။ ရင်နာစရာ ကောင်းပါတယ်။ ဒီဆောင်းပါးအစ ရေးခဲ့သလို ကျွန်မတို့ကလေးများ လက်ထက်မှာတောင် ဒီလိုပူပြင်းနေ ရင် မြေးမြစ်တီကျွတ်တွေ လက်ထက် မှာ ဘယ်လိုများ နေကြပါလိမ့်လို့ သနားမိတယ်။ အိုလေ … အဲဒီ အချိန်လောက်ဆို ကိုယ်လည်းသေပြီ ပဲ။ ဘာထူးပူနေလဲလို့ တွေးမိရင် တစ်ကိုယ်ကောင်းသမားလို့ စွပ်စွဲ ချင်ပါတယ်။ ကျွန်မကတော့ သစ်ပင် ကလေးတွေကို ချစ်တယ်ရှင်။

စိုးကြည်ဖြူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*