Heineken Beer
Heineken Beer

လွတ်လပ်ရေးရစက ရန်ကုန်

လွတ်လပ်ရေးရစက ရန်ကုန်
March 10, 2017 Asian Fame

MgKhinMin-2

ယခုဆိုလျှင် ဗဟန်းကြား တောရလမ်းသည် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်စောင်းတန်း ခြေရင်း အထိ ကားလမ်းတစ်ဖြောင့်တည်း ဖြစ်နေပါပြီ။ စောင်းတန်း လှေကား ရင်းအထိ ကားဖြင့်သွား၍ ရနေပါ ပြီ။ ယခင်ကမူ ဗဟန်းဈေးထောင့်၊ ရေတာရှည်လမ်းဟောင်းကွေ့ အထိသာ ကားလမ်းဖြစ်သည်။ ထိုနေရာ ကစ၍ ကြားတောရလမ်းသည် ဓအုတ်လမ်းဓ အဖြစ် အသွင်ပြောင်းသွားပါသည်။ ထိုနေရာမှ ဘုရားစောင်းတန်းခြေရင်းအထိ အုတ်များ ခင်းထားသောလမ်း ဖြစ်ပါသည်။ ကားဖြင့်သွား၍ မရပါ။ ခြေကျင် သာသွားရပါသည်။ ထိုလမ်းကို “ဗဟန်းအုတ်လမ်း” ဟုခေါ်သည်။ အုတ်လမ်းတစ်ဖက်တစ်ချက်တွင်လည်း ဈေးဆိုင်များ ပြည့်နေပါသည်။ စာအုပ်နှင့် စာရေးကိရိယာဆိုင် လည်းရှိသည်။ အထည်ဆိုင်လည်း ရှိသည်။ အလှကုန်ဆိုင်၊ ဓာတ်ပုံဆိုင်၊ သွားစိုက်ဆိုင်၊ သင်္ကန်းပရိက္ခရာဆိုင် စသည့် ဆိုင်များဖြစ်သည်။ အုတ် လမ်းသည်လည်း ဘုရားဖူး ပရိသတ် နှင့် အမြဲစည်ကားနေပါသည်။

ကျွန်တော်က ဗဟန်းအုတ်လမ်းသို့ နေ့တိုင်းလိုလိုရောက်သည်။ အုတ်လမ်း စစချင်းလက်ယာဘက်မှာ “မောင်မြမောင် စာရေးကိရိယာဆိုင်” ဟု ဆိုင်းဘုတ်တပ်ထားသော ကိုမြင့်မောင်၏ဆိုင်မှာ ဗလာစာအုပ်တို့၊ ခဲတံတို့၊ မင်အိုးတို့၊ မကြာခဏ ဝယ်ရသောကြောင့်ဖြစ်သည်။ ကျောင်းမှာ တစ်နေ့ခြောက်ဘာသာ သင်ရသည့်အတွက် ဗလာစာအုပ် ခြောက်အုပ်ထားရသည်။ စာအုပ်ထူ လျှင် လွယ်အိတ်မဆံ့သည့်အပြင် ပုံနှိပ်ပြဋ္ဌာန်းစာအုပ်တွေပါ သယ်ရ သည့်အတွက် လွယ်အိတ် ဆံ့အောင် ဗလာစာအုပ် စာမျက် နှာ၈ဝအရွယ် ခပ်ပါးပါးပဲဝယ်ရသည်။ စာမျက်နှာ ၃၆ဝရှိသော ကတ်ထူစာအုပ်များ ကိုတော့ လိုအပ်မှဝယ်သည်။ မင်အိုး ဝယ်ရသည့်အကြောင်းမှာ ကျွန်တော် တို့ ကျောင်းသားဘဝတုန်းက ဖောင်တိန် သုံးရသောကြောင့်ဖြစ်သည်။ ယခုခေတ်လို ဘောပင်တွေ အသုံး မများသေးပါ။ ဖောင်တိန်တွေထဲမှာ “ပတ်ကား” ဖောင်တိန်က တော့ တော်တော်ကောင်းသည်။ ဈေးကြီးသည့်အတွက် ကျွန်တော် မဝယ်နိုင်ပါ။ ပိုင်းလော့ဖောင်တိန် အသုံးများပါသည်။ အခြားအမျိုးအစားတွေလည်း ရှိသည်။ ဖောင်တိန်ထဲ မင်ထည့်ရေးရသည့်အတွက် မင်အိုးဝယ်ရခြင်းဖြစ်သည်။ မင်အိုးတွေက Parker Quink တို့ Pilot တို့ အသုံးများသည်။ အရောင် စုံရှိသည်။ ကျွန်တော်က Royal Blue ခေါ် အပြာရင့်ရောင်ကြိုက်သည်။ Violet ခရမ်းရောင်လည်း သုံးသည်။ အရောင်တောက်တောက် သဘောကျသောကြောင့်ဖြစ်သည်။ မင်အိုးဝယ်လျှင် အစောပိုင်းက မင်စုပ်သည့် ပိုက်ပါဝယ်ရသည်။ မင်ကို ပိုက်နှင့်စုပ်၍ ဖောင်တိန်ထဲ ထည့်ရသည်။ နောက်ပိုင်း ဖောင်တိန်တွေကျတော့ မင်စုပ်ပိုက်ပါ တစ်တွဲတည်းပါသည့်အတွက် မင်စုပ်ပိုက် သီးခြားမလိုတော့ပါ။ ဘောပင်တွေ ခေတ်မစားခင်က စာရေးရပုံကို သတိရ၍ ဖော်ပြခြင်းဖြစ်သည်။ ဖောင်တိန်က ဘောပင်လောက် မသွက်ပါ။ စာ ရေးလျှင် ဖောင်တိန်ကို ထိန်းပြီးရေးရသည့်အတွက် လက်ရေးလည်း သော့ရေး၍မရပါ။ ထို့ကြောင့် လက်ရေး သိပ်မပျက်ပါ။

အုတ်လမ်းသို့ သွားရသည့် နောက်အကြောင်းတစ်ခုမှာ အိမ်ကအစ်မများက မကြာခဏ ပိတ်စဝယ်ခိုင်းသောကြောင့်ဖြစ်သည်။ မှတ် မိနေသည်မှာ အုတ်လမ်း လက်ဝဲ ဘက် ထိပ်နားက ဦးစိုး ဒေါ်မှင်တို့၏ အထည်ဆိုင်ဖြစ်သည်။ အစ်မများက ခေါင်းအုံးစွပ်ပန်းထိုးရောင်းသည့် အတွက် ခေါင်းအုံးစွပ်ချုပ်ဖို့ နဂါးပျံ တံဆိပ် ပိတ်စများဝယ်ခိုင်းခြင်း ဖြစ်သည်။ တစ်ခါဝယ်လျှင် ပိတ်လေး ငါးကိုက် ဝယ်ရသည်။ တစ်ကိုက်လျှင် ၂ကျပ်၊ ကျပ်ခွဲလောက်သာ ပေးရ သည် ထင်ပါသည်။ ဗဟန်းဈေးသို့လည်း ဆန်သွားဝယ်ပေးရသည်။ တစ်ခါဝယ်လျှင် တစ်ပြည်မျှသာ။ ဆန်တစ်ပြည်ပေးပါဟုဆိုလျှင် ဝယ် လိုသော ဆန်အမျိုးအစားကိုမေးပြီး တစ်ပြည်ဆံ့သော စက္ကူအိတ်လေး နှင့် ထည့်ပေးလေ့ရှိသည်။ ကျွန်တော် တို့အိမ်က စားလေ့ရှိသော ဆန်မှာ တစ်ပြည်သုံးမတ် (၇၅)ပြားလောက် သာ ပေးရသည်။ တော်တော်ကောင်း သော အမျိုးအစားဖြစ်သည်။ ဆန် အကောင်းစားဆိုလျှင် တစ်ပြည် တစ်ကျပ်သာသာလောက်သာ ပေးရသည်။ ဆန်အမျိုးအစားတွေတော့ မမှတ်မိတော့ပါ။

တစ်ပတ်တစ်ကြိမ် ဗဟန်း အုတ်လမ်းထိပ်က အုတ်တိုင်ကလေးဆီပြေးပြီး နံပတ်ကြည့်ပေးရသော အလုပ်ကိုလည်း ကလေးတွေ လုပ်ရ သည်။ ထိုစဉ်က ကျိုက္ကဆံ မြင်းပြိုင် ကွင်းတွင် အပတ်စဉ် မြင်းပွဲများရှိ သည်။ စနေ၊ တနင်္ဂနွေ မှာလုပ်သည်။ မြင်းပြိုင်ကွင်းကို သွားပြီး လောင်း ကစားကြသည်။ =မြင်းလောင်းသည်+ ဟူသော ဝေါဟာရ တွင်ကျယ်သည်။ ပြိုင်မည့် မြင်းနာမည်များနှင့် စီးမည့် ဂျော်ကီနာမည်များကို သတင်းစာမှာ ကြိုတင်ပြီး ကြေညာသည်။ နိုင်ခြေရှိ သည့် မြင်းကို ကြိုတင်ခန့်မှန်း (တစ်ပေး)သော မြင်းတစ်ဆိုတာ လည်း ထွက်သည်။ “မြင်းထီ “လည်းရှိ သည်။ သတ်မှတ်သည့် မြင်းပြိုင်ပွဲ သုံးခုမှ အနိုင်ရသည့် မြင်းသုံးကောင် ၏နံပါတ်နှင့် တူလျှင် မြင်းထီပေါက် သည်။ လျော်ငွေများစွာရသည်။ မြင်းထီလက်မှတ်ကို တစ်စောင်၅ ကျပ်နှင့် ကြိုတင်ရောင်းသည်။ စိတ် ဝင်စားသူတွေ ပိုက်ဆံစုပြီး မြင်းထီ ထိုးကြသည်။ ညနေရောက်လျှင် ပေါက်သည့် နံပါတ်သုံးခုတွဲကို ဗဟန်းအုတ်လမ်းထိပ်က အုတ်တိုင် ကလေးမှာရေးပြီးကြေညာလေ့ ရှိ သည့်အတွက် ကျွန်တော်တို့ ကလေး တွေကို လူကြီးတွေက ကြည့်ခိုင်း လေ့ရှိသည်။ ကျွန်တော်တို့က ပြေး ကြည့်ပြီး ” ၅-၃-၁၂” ၊ “၆-၄-၁ဝ” စသည်ဖြင့် ပေါက်သည့် နံပါတ်ကို မှတ်လာပြီးပြောပြရသည်။ ကျွန်တော် သိသလောက် ကျွန်တော်တို့လမ်းက မြင်းထီပေါက်သွားသူဟူ၍ တစ် ယောက်မှ မကြားမိပါ။ မြင်းထီ တွေ ဖျက်သိမ်းတော့မှ မြင်းထီလည်း ပျောက်သွားပါသည်။ မြင်းထီနှင့် ဆက်စပ်ပြီး ထိုစဉ်ကသောကြာစာ စောင်မှာပါသော ဟာသတစ်ပုဒ်ကို သတိရပါသည်။ အိမ်တစ်အိမ်၏ ဧည့်ခန်းတွင် “လူမိုက်နှင့်ငွေ အတူမနေ” ဟူသော ဆောင်ပုဒ် ကတ်ပြားတစ်ခု ပုံနှိပ်စာလုံးဖြင့်ခန့်ခန့်ညားညား ကပ်ထားရာ အောက်နားက ကလေးလက်ရေးဖြင့် ” ဖေဖေမြင်းလောင်းသည်” ဟု ခဲတံဖြင့် ရေးထားသည်ကို ဖတ်ခဲ့ရသည့်အတွက် ပြုံးမိသည့် အကြောင်းရေးထားခြင်းဖြစ်သည်။

ကြားတောရလမ်း၏ သည်ဘက် ထိပ်ရောက်လျှင် ယခုမြေပဒေသာ ပတ်ဝန်းကျင်၊ ကန်တော်ကြီးဘေး မှာ အိမ်ကလေးတွေ ပြည့်ကျပ်နေ သော ကန်တော်ကြီးရပ်ကွက်ကို တွေ့နိုင်ပါသည်။ လမ်းဘေး ပလက် ဖောင်းပေါ်မှာရော၊ အတွင်းဘက် မှာပါ အိမ်တွေ၊ ဆိုင်တွေ အပြည့်ရှိ နေပါသည်။ ခေါက်ဆွဲဆိုင်တွေ၊ အရက်ဆိုင်တွေလည်း ရှိပါသည်။ ကျွန်တော်တို့ ရန်ကုန်မရောက်ခင် က ကန်တော်ကြီးရပ်ကွက်မှာ “ကန်တော်မိတ်ရုံ” ဟုခေါ်သော ရုပ်ရှင်ရုံ ရှိသည်။ ရန်ကုန်ကို အလည်လာစဉ် က ကန်တော်မိတ်ရုံမှာ “စောင်းတော်ရှင်” ဇာတ်ကားကြည့်ခဲ့ဖူးသည်ကို မှတ်မိနေသည်။ ပြည်လှဖေနှင့် မေရှင်တို့ ပါဝင်သည်။ ကျွန်တော် တို့ ရောက်ချိန်မှာတော့ ကန်တော်မိတ် ရုံမရှိတော့ပါ။ ထိုစဉ်က ကန်တော် ကြီးရပ်ကွက်တွင် “မြိုင်ရုံ” တို့၊ “ရန်ကုန် ရုပ်ရှင်ရုံ” တို့လည်း ရှိခဲ့သည်ကို မှတ်မိနေပါသည်။

ကြီးတောရလမ်းအလွန် ဗဟန်း ၃လမ်းနှင့် မျက်စောင်းထိုး လောက်၊ ကန်တော်ကြီးဘက်ခြမ်းကလမ်းဘေးမှာ “ကန်တော်ကြီး မြူနီစီပါယ်ကျောင်း” ဟု ဆိုင်းဘုတ်တင်ထားသော မူလတန်းကျောင်း ကလေးရှိပါ သည်။ မြေစိုက်တဲ အဆောက်အအုံကလေးဖြစ်သည်။ ကျွန်တော် ရန်ကုန်ရောက်ပြီး ထိုကျောင်းမှာ စတုတ္ထတန်း ကျောင်းသားအဖြစ် ပညာသင်ရသည့်အတွက် အမှတ် ထင်ထင် ဖြစ်နေပါသည်။ ကျောင်းသားများအတွက် ကုလားထိုင်၊ စားပွဲမရှိပါ။ မြေကြီးပေါ်မှာ ဖျာ ကြမ်းခင်းပြီး ဖျာငယ်မှာ ထိုင်ကြရ ပါသည်။ စာရေးလျှင် ဝပ်ပြီး ရေးကြ ရသည်။ ကျောင်းက ဆင်းရဲသော်လည်း ဆရာ၊ ဆရာမများ စေတနာအပြည့်အဝဖြင့် သင်ပေးပါသည်။ ကျောင်းသင်ခန်းစာများသာမက ဗုဒ္ဓဘာသာ အခြေခံများကိုပါ သင် ပေးသည်။ ဝိုင်အမ်ဘီအေ အသင်းက နှစ်စဉ်ကျင်းပသော “မင်္ဂလာစာမေးပွဲ” ဝင်ဖြေပြီး အောင်မြင်ကြပါသည်။ “ပရိယတ္တိစာမေးပွဲ” လည်း ဖြေဆို အောင်မြင်ပါသည်။ ရန်ကုန်မြူနီ စီပါယ် ပညာရေးအဖွဲ့က စစ်ဆေး သော စတုတ္ထတန်း စာမေးပွဲတွင် ကျွန်တော်တို့ ကျောင်းမှ သင်္ချာဂုဏ် ထူးဖြင့် အောင်သူ ၇ယောက်ရှိပါ သည်။ အမှတ်တရဖြစ်စရာကလေးများပါ။

ကျွန်တော်တို့အိမ်ရှေ့က စာကြည့်တိုက်ကလေးအကြောင်း ဆက်လိုပါသေးသည်။ ထိုစဉ်က ထင်ရှားသော ဗမာနိုင်ငံလူငယ်များအစည်းအရုံး (ဗလစ)၏ ဗဟန်းတိုက်နယ် (မြို့နယ်) အစည်းအရုံးခွဲ (ဗလစခ)၏ စာကြည့်တိုက်ဖြစ်သည်။ ကျွန်တော် တို့အိမ်မှ လမ်းဖြတ်ကူးလိုက်လျှင်ပင် စာကြည့်တိုက် အဆောက်အအုံထဲသို့ ရောက်သွားသည်။ အစည်းအရုံး ဟု အများခေါ်သည့် ထိုအဆောက်အအုံ ဘက်မှာ သတင်းစာမျိုးစုံ ထားပေးသည်။

သတင်းစာနာမည်များကို မှတ်မိနေပါသည်။ ဟံသာဝတီ၊ မြန်မာ့အလင်း၊ ရန်ကုန်၊ ဗမာ့ခေတ်၊ သမာဓိ၊ သူရိယ၊ စီးပွားရေး၊ တိုးတက်ရေး စသည်တို့ ဖြစ်သည်။ နောက်တော့ မဏ္ဏိုင်တို့၊ ကြေးမုံတို့ပေါ်လာသည်။ သတင်း စာမျိုးစုံ ဖတ်ရသည့်အတွက် ဗဟုသုတ တိုးသည့် လူငယ်လည်း လူငယ် အလျောက် ဖတ်စရာတွေပါသည်။ စာကြည့်တိုက်မှာ ရှုမဝတို့၊ သွေး သောက်တို့၊ မဂ္ဂဇင်းတွေ အမှတ်၁ ကစ၍ အစဉ်အတိုင်းရှိ သည်။ ထိုခေတ်က ‘၂ကျပ်တန် မဂ္ဂဇင်းကြီးတွေ”ဟုခေါ်ကြသည်။ ဝတ္ထုတစ် အုပ်၂ကျပ်၊ မဂ္ဂဇင်းစာစောင်အသေး ဆိုလျှင် ၁ကျပ် ၅မူးသာ ပေးရ သော ခေတ်ဖြစ်၍ထိုသို့ခေါ်ခြင်းဖြစ်သည်။ ကျွန်တော်သည် စာကြည့်တိုက်မှူး အစ်ကို တစ်ယောက်နှင် ခင်မင်သည့် အတွက် သူ့ဆီက ရှုမဝမဂ္ဂဇင်းတွေအစဉ်အတိုင်း ငှားဖတ်ခွင့်ရသည်။ ဆရာ ကြီး ရွှေဥဒေါင်းတို့၊ ဒဂုန်ရွှေ မျှားတို့၏ ဘာသာပြန် စွန့်စားခန်း ဝတ္ထု တွေလည်း ဖတ်ရသည်။ ဆရာသော်တာ ဆွေဟာသဝတ္ထုတွေ၊ ဆရာ ကြပ်ကလေး၏ ဟာသဝတ္ထုတွေ၊ ဆရာကြီး မဟာဆွေ၏ အချစ်နှင့် အိမ်ထောင်ရေး ဝတ္ထုတွေ၊ ဆရာမ စကြာ၏ စုန်းတစ္ဆေဝတ္ထုတွေ မျိုးစုံ ဖတ်ရသည်။ စာပေဗိမာန် မဂ္ဂဇင်းတို့၊ လူထုပညာ ဂျာနယ်တို့မှလည်း သိစရာမှတ်စရာတွေရသည်။ ထိုစာကြည့်တိုက်ကလေးက ကျွန်တော့်ကိုများစွာ အကျိုး ပြုခဲ့သည်ကို အမှတ်ထင်ထင် ဖြစ်နေပါသည်။

ရုပ်ရှင်ကြည့်ချင်လျှင် အနီးဆုံးက ရွှေဂုံတိုင်လမ်းထိပ်နားက “လွင်လွင်ရုံ” မှာ ကြည့်ရသည်။ (ယခု M3 စားသောက်ဆိုင်နေရာနားမှာ ဖြစ်သည်။) မြို့ထဲက ရုံများသို့ သွားမကြည့်ရဲသေးပါ။ အပတ်စဉ်ပြောင်းလဲ၍ပြသော ရုပ်ရှင်ဇာတ် ကားကြော်ငြာများကို ကားဖြင့်လှည့်၍ကြော်ငြာသည်။ ကြော်ငြာ စာရွက်များကို ရုပ်ရှင်ရုံပိုင်ရှင် ဦးလွင်ကိုယ်တိုင် လိုက်ဝေသည်ကို တွေ့ရသည်။ ရှေ့ဆုံးတန်းမှာ “၅မူးတန်း” ဖြစ်သည်။ ပိတ်ကားနှင့် အနီး ဆုံးကြည့်ရသည့် အတန်းဖြစ် သည်။ ရုပ်ရှင်ကြည့်ရသည်မှာ ပျော်စရာ ကောင်းပါသည်။

မောင်ခင်မင်(ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*