ဂီတဖြတ်သန်းမှု ၁၃ နှစ်အကြာမှာ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးထွက်ရှိလာပြီဖြစ်တဲ့ ဂျင်းနီ

ဂီတဖြတ်သန်းမှု ၁၃ နှစ်အကြာမှာ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးထွက်ရှိလာပြီဖြစ်တဲ့ ဂျင်းနီ
March 7, 2017 Asian Fame

Jin Ni

ငယ်စဉ်ကလေး ဘဝကတည်းက ယဉ်ကျေးလိမ္မာ သုံးဆယ့် ရှစ်ဖြာအစီအစဉ်နဲ့အတူ ပရိသတ်သတိထားမိခဲ့တဲ့ ဟန်နွေငြိမ်း ဆိုတဲ့ကောင်မလေးက ဂျင်းနီဆိုတဲ့နာမည်နဲ့ ဂီတလောကမှာ လှုပ်ရှားလာခဲ့တာ အခုဆို ၁၃နှစ်နီးပါး ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီ ၁၃နှစ်အတွင်းမှာ ဂျင်းနီက အတွဲစီးရီးများစွာမှာ ပါဝင် သီဆိုခဲ့ပြီး အောင်မြင်တဲ့ သီချင်းများနဲ့ ပရိသတ်လက်ခံမှုလည်း ရရှိခဲ့ပါတယ်။ အခု ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာတော့ ဂျင်းနီက သူမရဲ့ ပထမဆုံးတစ် ကိုယ်တော် စီးရီးသစ်ကို happy birthdaty လို့ အမည် ပေးထားပြီး စတင်ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ ဂျင်းနီရဲ့ စီးရီးသစ်မှာတော့ သီချင်း၉ပုဒ်ပါဝင်မှာဖြစ်ပြီး၊ သီချင်း ပုဒ်ရေ နည်းနည်းနဲ့ထုတ်လုပ်ဖြစ်ပုံကို ဂျင်းနီက..

” ဂျင်းနီဆီမှာ ရထားတဲ့ သီချင်းတွေတော်တော်များများ ရှိပါတယ်။ ဒါပေမဲ့အများကြီးထည့်ပြီး ထုတ်လိုက်ရင်လည်း ပရိသတ်က ဘယ်ဟာကို ဦးစားပေးနားထောင်ရမှန်းမသိတာဖြစ်မှာစိုးတယ်။ ပြီးတော့ ဂျင်းနီကိုယ်တိုင် အကြိုက်ဆုံးလေးတွေ ရွေးပြီး ပရိသတ်ဆီပို့ချင်တာလည်းပါလို့ ဒီ၉ပုဒ် ကိုသေချာလေးရွေးပြီး ထုတ်ဖြစ်တာပါ။ ပထမ ဆုံးစီးရီးလည်းဖြစ်တဲ့အတွက် သေချာလေးဖြစ် ချင်တာလည်းပါပါတယ်” လို့ ဂျင်းနီကပြောပါတယ်။

ဂျင်းနီက ဒီစီးရီးခွေကို လွန်ခဲ့တဲ့ ၁ဝနှစ် ကျော် ၂ဝဝ၆ခုနှစ်ဝန်းကျင်ကတည်းက ထုတ်ဝေ ဖို့စတင်ကြံစည်ခဲ့တာဖြစ်ပြီး အချိန်ကြာလာတာ နဲ့အမျှ သီချင်းတွေလည်း ဟောင်းမှာစိုးလို့ အပြောင်းအလဲတွေလည်းလုပ်ခဲ့ရတယ်လို့ ဂျင်းနီ ကဆိုပါတယ်။

” တချို့ သီချင်းတွေဆို ၁ဝ နှစ် နီးပါးတောင်ရှိပြီ။ အဲဒါလေးတွေကိုလည်း ဒီဘက်ခေတ်ပုံစံလေးတွေ ဖြစ် အောင် ပြန်တီးထားတယ်။ သီချင်းပုံစံတွေက ဂျင်းနီဆို နေကျအပြင် တအားအပြောင်းအလဲတော့ မရှိပါဘူး။ ဒါပေမဲ့ အသက်လည်းကြီးလာတဲ့အခါ အသံလေးတွေ နည်းနည်းတော့ ပြောင်းသွားတာပေါ့။ ဆိုနေကျပုံစံ မဟုတ် တာလေးတွေလည်းပါတယ်။ ဒီအခွေမှာပါတဲ့ ၉ပုဒ်က တေးရေးဆရာ ၉ယောက်ရဲ့လက်ရာတွေပါ။ အဲဒါကို တေးရေးဆရာတွေ လိုချင်တဲ့အတိုင်း တစ်ပုဒ်ကို သြသိ တစ်မျိုးစီနဲ့ဆိုထားပါတယ်။ အဲဒီအတွက် ပရိသတ်ကြီး သေချာနားဆင်ပြီး ဝေဖန်ပေးပါ။ ဝေဖန်တာကိုလိုချင်ပါတယ်။ အဲဒါမှလည်းလိုတာတွေ ဂျင်းနီပြင်လို့ရမှာပါ” လို့ ဂျင်းနီက ပြောပါတယ်။ ဂျင်းနီက စီးရီးခွေထွက်ရှိဖို့ ခုလိုအချိန်ကြန့်ကြာသွားခြင်းနဲ့ ဒီကြားကာလအပိုင်းအခြားတွေမှာဘာတွေနဲ့ အလုပ်များနေ တယ်ဆိုတဲ့ အကြောင်းကိုဂျင်းနီက..

” ဂျင်းနီ ဒီကြားထဲမှာ ခရီးတွေ သွားနေတာလည်းပါတယ်။ စီးရီးခွေအတွက် လုပ်တော့မယ်ဆို ခရီးထွက်ဖို့ကပေါ်လာ။ ပြန်လာတော့ တစ်ခါပြန်တီး၊ ပြီးတော့ ကြာသွားတော့ နောက်တစ်ခါ ပုံစံတစ်မျိုး ပြန်တီး နဲ့ ကြာနေတာ။ ပြီးတော့ ဂျင်းနီကိုယ်တိုင်လည်း မျောနေတာပါပါတယ်။ အဲဒါတွေနဲ့ပဲ ကြာနေတာပါ” လို့ ဂျင်းနီကပြောပြီး အခုမတ်လအတွင်းမှာပဲ စီးရီးခွေထွက်ရှိခြင်း အမှတ်တရအဖြစ် ပွဲတစ်ခုပြုလုပ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ရဲရဲ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*